သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Reuters သတင်းထောက် ၂ ဦး အမှု ရှေ့နေတွေ ဦးတိုက်လျှောက်လဲ


ဖမ်းဆီးခံ Reuters သတင်းထောက် ၂ ဦး အမှုကို ဒီကနေ့ ရန်ကုန်မြို့က တရားရုံးမှာ ဆက်လက်စစ်ဆေးရာမှာ ၂ ဘက် ရှေ့နေတွေ ဦးတိုက်လျှောက်လဲခဲ့ကြပါတယ်။ နိုင်ငံတော်လျို့ဝှက်ချက် ဥပဒေနဲ့ တရားစွဲခံထားရတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အမှုကိုတော့ နိုင်ငံတကာကပါ အာရုံစိုက်လာစေဖို့ ထင်ရှားတဲ့ လူ့အခွင့်အရေးရှေ့နေ Amal Clooney ပါဝင်ကူညီနိုင်အောင် စီစဉ်နေကြောင်းလည်း ဒီကနေ့ တရားခွင်ကို ရောက်လာကြတဲ့ အကျိုးဆောင် ရှေ့နေတွေကပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မေခက သတင်းပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ်၊ အင်းဒင်ကျေးရွာမှာ မွတ်ဆလင်အမျိုးသား ၁၀ ယောက်ကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတချို့က သတ်ဖြတ်ခဲ့တဲ့ သတင်းကို စုံစမ်း ဖော်ထုတ်နေစဉ် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဖမ်းဆီးခံရပြီး နိုင်ငံတော် လှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။ သူတို့ကို စွပ်စွဲထားတဲ့ အမှုအတွက် သက်သေမခိုင်လုံတဲ့အတွက် ဒီအမှုကို ဆက်စွဲချက်မတင်ဘဲ လွှတ်ပေးဖို့ သတင်းထောက်တွေရဲ့ အကျိုးဆောင်ရှေ့နေတွေဘက်က ဦးတိုက် လျှောက်ထားခဲ့တဲ့အပေါ် ဒီကနေ့ တရားရုံးမှာ ၂ဖက်ရှေ့နေတွေက လျှောက်လဲချက်တွေ ပေးခဲ့ကြပါတယ်။

ဒီနေ့အထိ တရားလိုပြသက်သေ ၁၇ ဦးကို စစ်ဆေးပြီးဖြစ်ပေမယ့် စွဲထားတဲ့ နိုင်ငံတော် လ ျှို့ဝှက်အက်ဥပဒေကို ဖောက်ဖျက်ထားကြောင်း တရားစွဲသူတွေဘက်က တင်ပြနိုင်ခြင်းလည်း မရှိသေးဘူးလို့ ရိုက်တာ သတင်းသမားတွေ ရှေ့နေတွေက ဆိုပါတယ်။ တရားရုံးဘက်က စွဲချက်တင်ဖို့ မတင်ဖို့ပတ်သတ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က တရားရုံးဆုံးဖြတ်ချက်က မြန်မာ့ဒီမိုကရေစီကို ထင်ဟပ်စေမယ်လို့ ဆိုလိုက်ပြီး ဆက်စွဲချက်မတင်ဘဲ လွှတ်ပေးနိုင်ဖို့ မျှော်လင့်တယ်လို့ဆိုလိုက်ပါတယ်။

"ဒီဟာကို ဘယ်လိုဆုံးဖြတ်လိုက်သည်ဖြစ်စေ အဲဒီရဲ့ repercussion တုံ့ပြန်မှု ၊ နိုင်ငံတကာတုံ့ပြန်မှု အကုန်လုံးက ဒီဟာကို ကျနော်တို့က ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေနိုင်ငံတကာ repercussion ဖြစ်တဲ့အတွက်ကြောင့် သတင်းသမားတွေကို Official secrets acts နဲ့စွဲမယ်ဆိုရင် အနည်းဆုံး ၂ ခါတော့ စဉ်းစားရမယ် အဲဒီလိုဖြစ်လာရင်ကို ကျနော်တို့ အောင်မြင်တယ်ဗျာ။"

ဖမ်းဆီးခံ သတင်းထောက်ကိုဝလုံးကတော့ သတင်းသမားတဦးအနေနဲ့ ကျင့်ဝတ်ဖောက်ဖျက်တာ မရှိလို့ ပြန်လည်လွတ်မြောက်နိုင်မယ်လို့ ယုံကြည်ကြောင်း တရားရုံးအပြင်ဘက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

"ဘယ်တုန်းကမှ နိုင်ငံတော်ကို သစ္စာဖောက်ခဲ့တာမရှိခဲ့ပါဘူး။ နောက်ပြီးတော့ သတင်းမီဒီယာ ကျင့်ဝတ်ကိုလည်း ဘယ်တုန်းကမှ ချိုးဖောက်ခဲ့တာ မရှိခဲ့ပါဘူး။ ဒီဟာနဲ့ ပတ်သက်လို့ ကျနေ်ာတို့ရေးခဲ့တဲ့သတင်းတွေကိုလည်း ပြန်ကြည့်လို့ရပါတယ်။ အဲဒီတော့ ကျနော်အပြည့်အဝယုံကြည်ပါတယ် နောက်ရုံးချိန်းကျရင် ကျနော်တို့ကို ဒီလက်ရှိ တရားစီရင်ရေးစနစ်ကနေပြီးတော့ ကျနော်တို့ကို မျှတဆုံးဖြစ်အောင် ပြုလုပ်ဆောင်ရွက်ပေးလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။"

ဖမ်းဆီးထိန်းသိမ်းခံထားရတာ ရက်ပေါင်း ၁၀၀ကျော် ကြာပြီဖြစ်တဲ့ ရိုက်တာ သတင်းထောက်တွေရဲ့ အမှုကို ကမ္ဘာက ပိုပြီး အာရုံစိုက်လာရေးအတွက် ရည်ရွယ်ပြီး သူတို့အမှုကို ကူညီ ဆောင်ရွက်ပေးမယ်လို့ ကမ္ဘာကျော် လူ့အခွင့်အရေး ရှေ့နေ Amal Clooney က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြောကြားခဲ့ပါတယ်။ ရှေ့နေ Amal Clooney အနေနဲ့ ရိုက်တာသတင်းထောက် ၂ ယောက်ရဲ့ အမှုကို ဘယ်လိုပုံစံမျိုးနဲ့ လိုက်ပါ ဆောင်ရွက်ပေးမလဲ ဆိုတာနဲ့ ပတ်သက်လို့ သတင်းသမားတွေရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က အခုလို ရှင်းပြပါတယ်။

"အခု Amal Clooney ကို ထည့်လိုက်တာ သူ့ဆီက ဘာအကူအညီရမလဲဆိုတော့ မြန်မာပြည်ဥပဒေတွေကိုလည်း သူတို့လေ့လာပါတယ်။ Amal Clooney လုပ်မှာက အဓိကတော့ နိုင်ငံတကာ မျက်နှာစာမှာ ဒီအမှုနဲ့ ပတ်သက်လို့ exposure လုပ်မယ်။ သူကတော့ ကုလသမဂ္ဂအထိ ပေါက်ရောက်တဲ့ ရှေ့နေဆိုတော့ သူအဲဒါလေး လုပ်ပါမယ်။ နောက်တနည်းပြောရရင်တော့ influence အများကြီး ပါမယ်။ သူကလည်း လုပ်နေပါပြီ။ ဘာအကြံအဉာဏ်ပေးတယ်ဆိုတာတော့ ကျနော်တို့ ပြောလို့မကောင်းဘူး။ အကြံအ ဉာဏ်တွေက ဒီရုံးချိန်းမှာတင် ပေးနေပါပြီ။"

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အမှုကို လိုက်ပေးနေတဲ့ ဥပဒေ အကျိုးဆောင်အဖွဲ့မှာ ရိုက်တာဘက်က ဌားရမ်းထားတဲ့ နိုင်ငံခြား ရှေ့နေ့ ၂ဦး အပြင် အခုတခါ Amal Clooney ပါ ပါဝင်လာ တာဖြစ်တယ်လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတာ ရက်ပေါင်း ၁၀၀ကျော်ကြာပြီဖြစ်တဲ့ ရိုက်တာသတင်းထောက် ၂ဦးကို ကူညီမယ့် Amal Clooney ဟာ နာမည်ကျော် Hollywood မင်းသား George Clooney ရဲ့ ဇနီးဖြစ်တဲ့အပြင် အီရတ်နိုင်ငံက Yazidi လူနည်းစုတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ IS စစ်သွေးကြွတွေအပေါ် တရားစွဲထားတဲ့အမှု၊ အီဂျစ်နိုင်ငံမှာ ဖမ်းဆီး တရားစွဲခံခဲ့ရတဲ့ Al Jazeera အင်္ဂလိပ်ပိုင်းက အီဂျစ်လူမျိုး ကနေဒါနိုင်ငံသား Mohamed Fahmy ရဲ့ အမှု၊ Preah Vihear ပရဝိဟာရ ရှေးဟောင်းဘုရားကျောင်း နယ်နိမိတ်နဲ့ပါတ်သက်လို့ ကမ္ဘောဒီယားနိုင်ငံက ထိုင်းနိုင်ငံကို တရားစွဲဆိုတဲ့အမှု စတဲ့ ကမ္ဘာကျော်တဲ့ အမှုအများအပြားကို လိုက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG