မြန်မာနိုင်ငံမှာ နိုင်ငံတော်လျို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲခံနေရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အမှုကိုလိုက်ပေးနေတဲ့ ဥပဒေအကျိုးဆောင်အဖွဲ့မှာ နိုင်ငံတကာလူ့အခွင့်အရေးရှေ့နေ Amal Clooney ပါဝင်လာပါပြီ။ သတင်းထောက် ၂ ယောက်ရဲ့ အမှုကိုလေ့လာသုံးသပ်ခဲ့ပြီးနောက် သူတို့မှာ အပြစ်မရှိကြောင်း တွေ့ရတဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးသင့်တယ်လို့ ကမ္ဘာမှာလူသိများတဲ့ ရှေ့နေ Amal Clooney က ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ မစုမြတ်မွန်က ဆက်ပြီးပြောပြမှာပါ။
"သတင်းတွေကို ပြောကြားတာကြောင့် ဝလုံးနဲ့ ကျော်စိုးဦးတို့အဖမ်းခံရတာဖြစ်ပါတယ်။ ဒီအမှုကို ကျွန်မလေ့လာသုံးသပ်ကြည့်တဲ့အခါ သတင်းထောက်တွေမှာ အပြစ်မရှိဘူး ချက်ချင်းပြန်လွှတ်ပေးသင့်တယ်ဆိုတာ လုံးဝသံသယ ရှိဖို့မလိုတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် မြန်မာက ဘယ်လောက် ခိုင်ခိုင်မာမာ အလေးထားသလဲဆိုတာကို ဒီအမှုက အဖြေပေးပါလိမ့်မယ်။"
Amal Clooney ဟာ နာမည်ကျော် Hollywood မင်းသား George Clooney ရဲ့ ဇနီးဖြစ်တဲ့အပြင် အီရတ်နိုင်ငံက Yazidi လူနည်းစုတွေကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ IS စစ်သွေးကြွတွေအပေါ် တရားစွဲထားတဲ့အမှု။ အီဂျစ်နိုင်ငံမှာ ဖမ်းဆီးတရားစွဲခံခဲ့ရတဲ့ Al Jazeera အင်္ဂလိပ်ပိုင်းက အီဂျစ်လူမျိုး ကနေဒါနိုင်ငံသား Mohamed Fahmy ရဲ့ အမှု၊ Preah Vihear ပရဝိဟာရ ရှေးဟောင်းဘုရားကျောင်း နယ်နိမိတ်နဲ့ပါတ်သက်လို့ ကမ္ဘောဒီယားနိုင်ငံက ထိုင်းနိုင်ငံကို တရားစွဲဆိုတဲ့ အမှု စတဲ့ကမ္ဘာကျော်တဲ့ အမှုအများအပြားကို လိုက်ပေးခဲ့သူဖြစ်ပါတယ်။
အခု မြန်မာနိုင်ငံက Reuters သတင်းထောက် ၂ ယောက်ရဲ့ အမှုကို Amal Clooney ကလိုက်ပါဆောင်ရွက်ပေးမယ်ဆိုတဲ့အတွက် ဘယ်လိုပုံစံမျိုးနဲ့ လိုက်ပါဆောင်ရွက်ပေးနိုင်မှာပါလဲ။ ရှေ့နေဟောင်းတယောက်ဖြစ်သလို VOA မြန်မာပိုင်းအမှုထမ်းဟောင်းတယောက်ဖြစ်တဲ့ ဦးထွန်းအောင် ကိုမေးကြည့်ပါတယ်။
"၂ ခုရှိတာပေါ့ သူကိုယ်တိုင် Amal Clooney ကိုယ်တိုင်လည်း လိုက်ခွင့်ရှိတယ် ။ လိုက်ခွင့်ရဖို့က အခုတရားစွဲခံရတဲ့ သတင်းထောက် ၂ ဦးက သူ့ကို Power of attorney ဆိုတာ သူ့ကို ပေးလို့ရှိရင် လိုက်လို့ရမယ်။ ကိုယ်စားလှယ်လွှဲစာလို့ခေါ်ပါတယ်။ အဲဒါကို သူတို့ တားထားခဲ့ရင် မြန်မာပြည်ရှေ့နေက ဦးဆောင်လိုက်ပြီးတော့ သူက ဘေးက အကြံပေးအနေနဲ့ နောက်ပြီးတော့ အထောက်အကူပြုတဲ့အနေနဲ့ လိုက်ပါလို့ရပါတယ်။ ဟိုအရင်တုန်းကဆိုရင်လည်း ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံသတ်ဖြတ်ခံရတဲ့ အချိန်တုန်းက ဦးစောက ဘယ်သူ့ကိုဌားသလဲဆိုတော့ အင်္ဂလိပ်ရှေ့နေကို ဌားပါတယ်။ သူကိုယ်တိုင်လည်းလိုက်ပါတယ်။ အဲဒီတော့ ကိုယ်စားလှယ်လွှဲစာရလို့ရှိရင် တရားခံရဲ့အခွင့်အရေးအရ ရှေ့နေလိုက်ပေးလို့ရပါတယ်။ Amal ကိုယ်တိုင်လည်း ရှေ့နေပါပဲ အဲဒီတော့ လိုက်ခွင့်ရှိပါတယ်။
မေး။ ။ သူကလည်း ကမ္ဘာကျော် barrister တယောက်ပေါ့နော် အခုလိုမျိုး နိုင်ငံတကာမှာ နာမည်ကြီးတဲ့ လူ့အခွင့်အရေး ရှေ့နေတယောက်ပေါ့လေ Amal Clooneyက ဆိုတော့ သူ ဒီအမှုမှာ လိုက်ပါဆောင်ရွက်ပြီးတော့ အကြံပေးမယ်ဆိုရင် ဘယ်လောက်အထိ ထူးခြားတယ်လို့ ပြောလို့ရသလဲ နောက်တခါ သူ အခုလို အမှုမှာ လိုက်ပေးတဲ့အတွက်ရော အမှုအပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်ပါသလဲရှင့်။
ဖြေ။ ။ အမှုအပေါ်မှာ သက်ရောက်မှုကတော့ Publicity ပေါ့လေ သတင်းကတော့ ကြီးမယ် သူကိုယ်တိုင်လိုက်မယ်ဆိုတော့နော် အဲဒါတခုရှိတယ်။ သက်ရောက်မှုကတော့ မြန်မာပြည်တရားရေးစနစ်က ဘယ်လိုလဲ လွတ်လပ်မှုရှိသလား independent ပေါ့နော် အစိုးရနဲ့ မပတ်သက်ဘူး Judicial က သီးသန့်ဖြစ်တယ် ဆိုတာ ပြနိုင်မလားဆိုတာ မူတည်ပါတယ်။ အခုဆိုရင် သူတို့ကို အာမခံမပေးထားဘူး အဲဒါမျိုးတွေ ရှိတယ် အဲဒီတော့ ဘယ်လိုနေမလဲဆိုတာကတော့ မသိဘူး ဒါပေမယ့် ထင်ပေါ်ကျော်ကြားတဲ့ အမှုတခုတော့ ဖြစ်သွားလိမ့်မယ် Amal ကိုယ်တိုင် လိုက်တယ်ဆိုပြီး။
မေး။ ။ Reuters သတင်းထောက် ၂ ယောက်ရဲ့ အမှုနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် သူတို့ကို ဖမ်းထားတာက မတရားဘူး ပြန်ပြီးတော့ လွှတ်ပေးသင့်တယ်ဆိုပြီးမှ နိုင်ငံတကာခေါင်းဆောင်တွေလည်း တောင်းဆိုနေတယ် အဲလိုအချိန်မျိုးမှာ ကမ္ဘာကျော် လူ့အခွင့်အရေးရှေ့နေတယောက်လိုက်တဲ့အတွက် ဒီအမှုက အပြောင်းအလဲတွေဖြစ်လာနိုင်တယ်လို့ အန်ကယ့်အနေနဲ့ သုံးသပ်လို့ရသလားရှင့်။
ဖြေ။ ။ ဒီ အပြောင်းအလဲက ဖြစ်နိုင်တယ်ဆိုတာကတော့ Pressure ပေါ့လေ ဖိအားပေးမှုပိုများလိမ့်မယ်။ အစတုန်းကတော့ localize ဒီပြည်တွင်းမှာပဲ ဒီနေရာမှာပဲ သေးသေးလေးလိုဖြစ်နေတယ်။ ဒါအခုက နိုင်ငံတကာနဲ့ ဆိုင်လာတာကို နိုင်ငံတကာမှာ မြန်မာ့ဥပဒေစနစ်က ဘယ်လိုရှိသလဲဆိုတာ ပြသနိုင်တယ် သူက နာမည်ကြီးဆိုတော့ သူ့ပါဝင်မှုကြောင့် သူ့ဖိအားပေးမှုက ရှိတာသေချာတယ် အဲဒီတော့ ဒီဟာ ဘယ်လိုထွက်လာမလဲဆိုတာကတော့ မသိဘူး ။ မြန်မာဥပဒေစနစ်က တို့က တို့ဟာတို့ လုပ်တာ နိုင်ငံခြားက ဖိအားဘယ်လောက်ပေးပေး တို့က တို့ဟာတို့ လုပ်မယ်ဆိုတာလည်း ရှိတယ်။ ဒါပေမယ့် ဖိအားပေးမူရှိတယ်ဆိုတာကို ဒါက တော်တော်လေးအရေးကြီးတယ်ပေါ့လေ။"
ရှေ့နေဟောင်း ဦးထွန်းအောင်ဖြစ်ပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အမှုကို အကြံပေးဆောင်ရွက်တဲ့အဖွဲ့မှာ Amal Clooney ပါဝင်လာတဲ့အတွက် Reuter သတင်းဌာနရဲ့ နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်မှုပိုင်း ပိုအားကောင်းလာပြီး သတင်းထောက်တွေ ပြန်လွှတ်မြောက်ရေးအားထုတ်မှု ပိုပြီးကျယ်ပြန့်သွားတယ်လို့ Reuters ရဲ့ အဓိကဥပဒေအကြံပေး Gail Gove ကပြောပါတယ်။
ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာမှာ မွတ်ဆလင်အမျိုးသား ၁၀ ယောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတချို့က သတ်ဖြတ်ခဲ့တဲ့ သတင်းကို စုံစမ်းဖော်ထုတ်ရင်းနဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ 2017 ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က ဖမ်းဆီးခံရပြီး နိုင်ငံတော်လှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။ သူတို့ကို စွပ်စွဲထားတဲ့ အမှုအတွက် သက်သေမခိုင်လုံတဲ့အတွက် ဒီအမှုကို ဆက်စွဲချက်မတင်ဘဲ လွှတ်ပေးဖို့ သတင်းထောက်တွေရဲ့ အကျိုးဆောင်ရှေ့နေတွေက တရားရုံးကို တင်ပြခဲ့တာကိုတော့ တရားရုံးကလက်ခံထားပြီး ရှေ့တပါတ်ထဲမှာ ဆုံးဖြတ်မယ်လို့ မျှော်လင့်ရပါတယ်။