သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Reuters သတင်းထောက်နှစ်ဦး အမှု တရားရုံး ပလပ်ပေးဖို့ AHRC မျှော်လင့်


မြန်မာနိုင်ငံမှာ နိုင်ငံတော်လှို့ှဝှက်ချက်ဥပဒေနဲ့ တရားစွဲခံနေရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ယောက်ကို စွဲချက် ဆက် မတင်ဘဲ အမှုကို ပလပ်သင့်မသင့်ကို ဒီကနေ့ ဆုံးဖြတ်ချက်ချမယ်လို့ မျှော်လင့်ရပါတယ်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလထဲက ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေရဲ့ အမှုကို လောလောဆယ်အထိ စစ်ဆေးခဲ့ပြီးသလောက် တရားလိုဖက်က ခိုင်လုံတဲ့ အထောက်အထားတွေ မပြနိုင်သေးတဲ့အတွက် ဒီအမှုကို စွဲချက်မတင်ဘဲ လွှတ်ပေးသင့်တယ် လို့ သတင်းထောက်တွေရဲ့ အကျိုးဆောင်ရှေှု့နေတွေဖက်က တရားရုံးမှာ လျှောက်ထားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ဖြစ်တယ်ဆိုတာကို ပြချင်တယ်ဆိုရင် မှန်မှန်ကန်ကန် အဆုံးအဖြတ်ပေးသင့်တယ်လို့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကောင်စီရှေ့နေက ပြောပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြမယ်။

ရခိုင်ပြည်နယ်အင်းဒင်ကျေးရွာမှာ မွတ်ဆလင် ၁၀ ဦးသတ်ဖြတ်ခံရတဲ့ကိစ္စကို သတင်းလိုက်ရင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ဖမ်းဆီးခံရပြီး နိုင်ငံတော်လှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲခံနေရတာပါ။ ပြီးခဲ့တဲ့တပတ် ဧပြီလ ၄ ရက်နေ့အထိ တရားလိုပြသက်သေ ၁၇ ယောက်ကို စစ်ဆေးပြီးဖြစ်ပေမဲ့ သူတို့ကို တရားစွဲထားတဲ့ နိုင်ငံတော်လှို့ဝှက်ချက် ဥပဒေကို ဖောက်ဖျက်ထားကြောင်း တရားစွဲသူတွေဖက်က တင်ပြနိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် ဒီအမှုကို စွဲချက်မတင်ခင်လွှတ်ပေးဖို့ သတင်းထောက်တွေရဲ့ အကျိုးဆောင်တွေဖက်က တရားရုံးမှာ လျှောက်လွဲှချက်တင်ခဲ့တာဖြစ်ပါတယ်။ တရားလိုဖက်ကလဲ သတင်းထောက်တွေဟာ စွပ်စွဲတဲ့ အကြောင်းအရာတွေနဲ့ငြိစွန်းနေတာကြောင့် တရားခံဖက်က လျှောက်ထားချက်ကို ပလပ်ပေးဖို့ ပြန်လည် လျှောက်ထားခဲ့ပါတယ်။ ဒါကြောင့် သတင်းထောက်တွေအမှုကို ဆက်ပြီးစွဲချက်တင်သင့် မတင်သင့်ကို ဒီကနေ့ တရားသူကြီးက ဆုံးဖြတ်မယ်လို့ မျှော်လင့်ရပါတယ်။

Reuters သတင်းထောက်တွေရဲ့ အမှုကို စောင့်ကြည့်နေတဲ့ အာရှလူ့အခွင့်အရေးကောင်စီ AHRC ကရှေ့နေဦးမင်းလွင်ဦးကတော့ လွတ်လပ်တဲ့တရားစီရင်ရေး စနစ်အရ တရားသူကြီးအနေနဲ့ လွတ်လွတ်လပ်လပ် တရားစီရင်ပိုင်ခွင့်ရှိတယ်ဆိုရင် သတင်းထောက်တွေကို လွှတ်ပေးသင့်တယ်လို့ ပြောပါတယ်။

"နဂိုကတည်းက ဒီအမှုက အရေးယူလောက်တဲ့အခြေအနေမရှိဘူးဆိုတာကို ပေါ်ပေါက်နေပါလျက်နဲ့ အဲဒါကို အရေးယူထားတာကို ကျနော်တို့တွေ့ရတယ်။ သက်သေတွေ ကုန်အောင်စစ်နေတယ် ဒီကြားထဲမှာပဲ မနေ့ကပဲ တပ်မတော်အရာရှိတွေ စစ်ဆေးတာကိုလည်း ကျေျနာ်တို့ကြားသိရတယ်။ နောက်တခါ ရဲတပ်ဖွဲ့နဲ့ ပါဝင်ပတ်သက်တဲ့ ပြည်သူလူထုတွေကို အရပ်ဘက်တရားရုံးမှာ ရာဇဝတ်မှုနဲ့ ဆက်လက် စစ်ဆေးးအရေးယူသွားမယ်ဆိုတာကို ကျနော်တို့တွေ့နေရတယ်။ အဖြစ်အပျက်အမှန်ကို ဖော်ထုတ်တဲ့ သတင်းသမားက သတင်းသမားတာဝန်အရ သူလုပ်တာဖြစ်တယ်။ အမှန်တကယ်ဆိုရင်တော့ ဒါကလွှတ်ရမယ့်ကိစ္စမျိုးဖြစ်တယ်ပေါ့နော်။ ဆွဲချက်မတင်ခင်အဆင့်မှာ အထောက်အထားမခိုင်လို့ တရားရှင် ဆွဲချက်မတင်ခင် လွှတ်လိုက်ပြီဆိုတာမျိုး ဖြစ်သင့်တာပေါ့။"

Reuters သတင်းထောက် ၂ ယောက်ဖမ်းဆီးခံရတဲ့ကိစ္စမှာ ရဲတပ်ဖွဲ့နဲ့ တပ်မတော်ပါ ပါတ်သက်နေတာကြောင့် စိုးရိမ်စရာဖြစ်တယ်လို့လည်း ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

"တပ်မတော်နဲ့ ပတ်သက်လာတဲ့ ကိစ္စတွေ ပါဝင်ပတ်သက်လာတဲ့အခါကျတော့ ကျနော်တို့က နည်းနည်းတော့စိုးရိမ်တယ်။ နိုင်ငံတကာရှေ့နေတွေ ၊ လူ့အခွင့်အရေးရှေ့နေတွေကလည်း တော်တော်များများပါဝင်ပတ်သက်နေတာဖြစ်တဲ့အတွက် ဒီကိစ္စကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်မလား။ ဒါမှမဟုတ်လို့ရှိရင် နိုင်ငံတော်လှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မကနေပြီးတော့ တခြားရာဇဝတ်ပုဒ်မကို ပြောင်းလဲပြီးတော့ ပြစ်ဒဏ်ကို ဒီချုပ်ရက်နဲ့ပဲ လျော့ပြီးတော့ လုပ်ပေးမလား ဒါတွေကို မနက်ဖြန်ကြမှသိရမှာပေါ့။ လွတ်လပ်တဲ့တရားစီရင်ရေးဖြစ်တယ်ဆိုတာကို ပြချင်တယ်ဆိုရင်တော့ စွဲချက်မတင်မီအဆင့်မှာပဲ လုပ်ပေးဖို့ ကောင်းတယ်လို့ ကျနေ်ာမြင်ပါတယ်။"

အခုဆိုရင် သတင်းထောက်တွေကို စွဲချက်မတင်ဘဲ ဖမ်းဆီးထားတာ ရက်ပေါင်း ၁၀၀ ကျော်သွားပါပြီ။ မကြာခင်ကမှအသစ်တက်လာတဲ့ သမ္မတဦးဝင်းမြင့်က သူ့အစိုးရလက်ထက်မှာ ဦးစားပေးလုပ်ဆောင်မယ့် ကိစ္စ ၃ ရပ်ထဲမှာ တရားဥပဒေစိုးမိုးရေးပါဝင်တယ်လို့ ပြောကြားထားပါတယ်။ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်မယ်၊ လူ့အဖွဲ့အစည်းအတွင်း လှိုက်စားနေတဲ့ အဂတိလိုက်စားမှုတွေကို စနစ်တကျတိုက်ဖျက်မယ်လို့လည်း သူ့ရဲ့ သမ္မတမိန့်ခွန်းထဲမှာ ပြောကြားထားပါတယ်။ အဲဒီမိန့်ခွန်းထဲမှာပဲ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို အလေးအနက်ထားကြဖို့အတွက်လည်း သမ္မတဦးဝင်းမြင့်က ပြောခဲ့ပါတယ်။ ဖမ်းဆီးခံနေရတဲ့ သတင်းထောက် ကိုဝလုံးကတော့ မတရားမှုတွေကို အမြန်ဆုံး ဖြေရှင်းပေးဖို့ လိုအပ်တယ်လို့ မတ်လ ၂၈ ရက်နေ့က တရားရုံးထုတ်စဉ်မှာခုလို တောင်းဆိုပါတယ်။

"အခု အသစ်တက်လာတဲ့ နိုင်ငံတော်သမ္မတအနေနဲ့ အဓိကကျနော်ပြောချင်တာကတော့ ဒီမိုကရေစီနဲ့ သတင်းလွတ်လပ်ခွင့်နဲ့ တရားမျှတမှုတွေကို အလေးအနက်ထားပြီးတော့ ဆောင်ရွက်ပေးမယ်လို့ ကျနော်ယုံကြည်ပါတယ်။ အဲဒါကြောင့်မို့လို့ သတင်းလွတ်လပ်ခွင့်ရရှိရေး ၊ ကျနော်တို့ မတရားတဲ့ကိစ္စတွေကို အမြန်ဆုံးဖြေရှင်းပေးရေးကို ကျနော်တောင်းဆိုချင်ပါတယ်။ ကျနော်တို့ မတရားမှုတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့ အထူးလိုအပ်နေပြီဆိုတာကို ဒီနေရာကနေကျနော် ပြောချင်ပါတယ်။"

သတင်းသမား အလုပ်လုပ်ရင်း မတရားတဲ့ပုဒ်မတွေနဲ့ အမှုရင်ဆိုင်နေရတာဟာ မတရားဘူးလို့ ကိုကျော်စိုးဦးကလည်း ခုလို ပြောခဲ့ပါတယ်။

"ကျနော်တု့ိနိုင်ငံမှာ မီဒီယာလွတ်လပ်ဆုံးရှုံးမှုတွေ အဲဒါတွေကို မီဒီယာလွတ်လပ်ခွင့်တွေရအောင်လုပ်ပေးပါ။ ပြီးတော့ ကျနော်တို့ကိုယ်တိုင်လည်း သတင်းသမားအလုပ်ကိုလုပ်ရင်းနဲ့ မတရားတဲ့ ပုဒ်မတွေနဲ့ အမှုတွေကိုရင်ဆိုင်ရတာတွေဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ အခုအချိန်အထိကို တရားရင်ဆိုင်တာ မမျှတမှုလို့ ယူဆပါတယ်။"

နိုင်ငံတော်သမ္မတရုံးရဲ့ ခွင့်ပြုချက်တဲ့ Reuters သတင်းထောက် ၂ ယောက်ကို နိုင်ငံတော်လှို့ဝှက်ချက် ဥပဒေနဲ့ဖမ်းဆီးတရားစွဲထားတာဖြစ်ပါတယ်။ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဥပဒေအကျိူးဆောင်အဖွဲ့ထဲမှာ နိုင်ငံတကာမှာ လူသိများတဲ့ လူ့အခွင့်အရေးရှေ့နေ Amal Clooney ကလည်းပါဝင် အကြံပေးဆောင်ရွက်နေပါတယ်။ အထောက်အထားမခိုင်လုံဘဲ အမှုတည်ဆောက်ပြီး တရားရုံးတင်လာတဲ့အမှုကို တရားရုံးကလက်ခံ စစ်ဆေးနေတဲ့အပေါ် ဥပဒေရေးရာ ကျွမ်းကျင်သူတွေ။ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ဆောင်ရွက်သူတွေအပြင် ကုလသမဂ္ဂ၊ အမေရိကန်နဲ့ EU ဥရောပသမဂ္ဂတို့က ထောက်ပြပြီး Reuters သတင်းထောက် ၂ ယောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ်လို့ တောင်းဆိုနေကြပါတယ်။

XS
SM
MD
LG