သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဆန် တရုတ်ပြန်တင်ပို့ရေး ညှိုနှိုင်းဆွေးနွေးနေ


တရုတ်ဘက်ကို ဆန် ပြန်ပြီးတော့တင်ပို့နိုင်ဖို့ ယူနန်ပြည်နယ်အစိုးရနဲ့ မြန်မာနိုင်ငံဘက်က အစိုးရရော၊ ပုဂ္ဂလိကပိုင်းနဲ့ပါ ညှိနှိုင်း ဆွေးနွေးနေကြပါတယ်။ လက်ရှိမှာ တရားမဝင်ဆန်တင်သွင်းတာတွေအားလုံးကို ယူနန်ဘက်က ပိတ်ထားသလို တရားဝင် ဆန်တင်သွင်းမှုအပေါ် သူတို့သတ်မှတ်ထားတဲ့ အခွန်နှုန်းထားကလည်းများနေလို့ တရုတ်ကုန်သည်တွေက မြန်မာ့ဆန်ကို မဝယ် တော့ဘဲ လက်ရှိမှာ အဝယ်အားလုံးကို ရပ်ဆိုင်းထားတာဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

တရုတ်ကုန်သည်တွေ မြန်မာ့ဆန်ကို အခွန်မဆောင်ဘဲတရားမဝင် ဝယ်ယူနေတာကို ယူနန်အစိုးရက ပိတ်လိုက်သလို တရားဝင်အခွန်ကလည်း ၃၇% ပေးဆောင်ရတဲ့အတွက် တရုတ်ကုန်သည်တွေက မြန်မာ့ဆန်ကိုလက်ရှိမှာ မဝယ်နိုင်တော့ဘဲ ရပ်နားထားတာပါ။ တရုတ်ကုန်သည်တွေက သူတို့ယူနန်အစိုးရရဲ့ အခွန်ကိုရှောင်ပြီး တရားမဝင်လမ်းကြောင်းကနေ မြန်မာ့ဆန်ကို အများဆုံးဝယ်ယူနေတာဖြစ်ပါတယ်။

ပြည်တွင်းဆန်ထက်ဝက်လောက်က တရုတ်ပြည်ကိုပို့နေတာဖြစ်ပြီး အခုလို တရုတ်ဘက်က ဆန်အဝယ် လျှော့သွားတဲ့အတွက် ဆန်ဈေးကွက်မှာ အထိုက်အလျှောက်နစ်နာမှုတွေရှိတယ်လို့ မြန်မာကုန်သည်တွေက ပြောပါတယ်။ ဒါကြောင့် တရုတ်-မြန်မာ ဆန်တင်ပို့မှုမှာ နှစ်ဘက်ပြေလည်မယ့် တရားဝင်သဘောတူညီမှုတွေဖြစ်လာဖို့ ညှိနှိုင်းနေတဲ့အကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။

“ဒီတရားမဝင် ဝယ်နေတဲ့ဟာ ရှိနေတာရယ် ဒီဘက်မှာလည်း နယ်စပ်မှာရောင်းနေတာလည်းရှိတာရယ်ပေါ့။ ဒီဟာက နှစ်ဘက်ဒီလိုသွားနေတဲ့ အနေအထားပေါ့။ ရေရှည်အတွက် ခိုင်မာတဲ့ဈေးကွက်တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့လည်း ဒီ informal (တရားမဝင်) ကနေပြီးတော့ formal (တရားဝင်) လုပ်နိုင်တဲ့ အနေအထားတစ်ခုဖြစ်အောင်တော့ အားလုံးဝိုင်းကြိုးစားနေတယ်ပေါ့။ ကျွန်တော်တို့လည်းကြိုးစားနေတယ်။ နိုင်ငံတော် အစိုးရကိုလည်း တင်ပြထားတယ်ပေါ့။ အစိုးရဘက်ကရော ညှိနှိုင်းနေတယ်။ ပြည်နယ်အဆင့်နဲ့ရော ဗဟိုအဆင့်နဲ့ရောပေါ့။ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးနဲ့ရော ညှိနှိုင်းနေ တာတွေတော့လုပ်နေတယ်ပေါ့။ မကြာခင်မှာ တခုခုတော့ ထူးခြားမှုဖြစ်မယ်လို့မျှော်လင့်တာပေါ့လေ။ အမှန်တကယ်က ကိုယ်တို့က နယ်စပ်ကုန်သွယ်ရေး ကိုလည်း လျှင်လျှင်မြန်မြန်နဲ့ အခက်အခဲ အတားအဆီးမရှိလုပ်နိုင်အောင်ပေါ့နော်။ နောက်တခါ ပုံမှန်တင်ပို့ရောင်းချမှုကိုလည်းလွယ်လွယ်ကူကူ လုပ်နိုင်အောင် ဒီနှစ်ခုလုံးအတွက်ကို ဆွေးနွေးတာပါ။”

ရာထူးကဖယ်ရှားခံလိုက်ရတဲ့ စီးပွားကူးသန်းဝန်ကြီးဌာန ကုန်သွယ်ရေးညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းဟာ ယူနန်အစိုးရနဲ့ ညှိနှိုင်းတာမှာ ဦးဆောင်ပါဝင်ခဲ့တာဖြစ်ပြီး အခု သူ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရလို့ တရုတ်ဘက်ကလည်း ဆန်ကိစ္စ ဆွေးနွေး တာတွေကို ပြန်ပြီးစောင့်ကြည့်နေတာဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောပါတယ်။

“ကျွန်တော်တို့အခုညှိနှိုင်းတာက ယူနန်ပြည်နယ်အစိုးရနဲ့ ကျွန်တော်တို့ဒီဘက်က စီးပွားကူးသန်း၊ ကုန်သွယ်ရေးနဲ့ နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်ရေး ညှိနှိုင်းမှုတွေရှိတယ်။ အဲဒီကိစ္စဟာ အဓိကဦးဆောင်တာက စီးပွားကူးသန်းရဲ့ ကုန်သွယ်ရေးပေါ့၊ ဦးရန်နိုင်ထွန်းက သူအဓိကထားပြီးတော့ ညှိပြီးတော့ ကုန်ပစ္စည်းဖလှယ်တာတို့၊ ဆန်ကုန်သွယ်ရေးဆွဲပြီးတော့ ပြန်လည်ကုန်သွယ်မှုတွေ သူက ဆောင်ရွက်နေတာ၊ ပြီးတဲ့အပတ်က သူ့ကိုနားလိုက်တဲ့အခါ ကျတော့ သူတို့ဘက်ကလည်း ဒီဟာကို ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ အခြေအနေ စောင့်ကြည့်တဲ့ သဘောမျိုးဖြစ်နေတယ်။ အခြေအနေက နည်းနည်း ပြောရခက်တယ်။”

တရုတ်ယူနန်အစိုးရက ဆန်တွေအပေါ်မှာ တရားဝင်အခွန်ကို ၃၇% သတ်မှတ်ထားလို့ တရုတ်ကုန်သည်တွေက မြန်မာဆန်ကိုဈေးနှိမ်ဝယ်ယူကြပါတယ်။ တရုတ်ဘက် ဆန်မတင်ပို့ရပေမဲ့လည်း တခြားနိုင်ငံပေါင်း ၆၀ ကိုတော့ ရေကြောင်းကနေ တင်ပို့နေတာတွေရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောပါတယ်။

“တရုတ်က ဒီပြင်နိုင်ငံ ကျွန်တော်တို့ထက်ဈေးပေါတဲ့နိုင်ငံတွေ ရှိနေလို့ရယ် သူတို့ဆီမှာ ဆန်လက်ကျန်ရှိနေလို့ပေါ့။ တရုတ်ကိုလက်တလောမသွားဘူး။ ဈေးမကိုက်တာဗျ သူတို့ပေးတဲ့ဈေးနဲ့ ကျွန်တော်တို့ဆီက ဖြစ်နေတဲ့ဈေးနဲ့ မကိုက်တာ။”

ဥရောပသမဂ္ဂ EU ကလည်း မြန်မာနိုင်ငံကတင်ပို့တဲ့ ဆန်လုံးရှည်အပေါ် ပြီးခဲ့တဲ့သောကြာနေ့ကစပြီး အခွန်ကောက်ခံနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အီးယူဈေးကွက်ကိုတင်ပို့တာက စုစုပေါင်း ဆန်တင်ပို့မှုရဲ့ ၈% ပဲရှိပြီး တနိုင်ငံလုံးထုတ်လုပ်မှုနဲ့ ပြန်တွက်မယ်ဆိုရင် အီးယူဈေးကွက်ကြောင့် ထိခိုက်နိုင်တဲ့ပမာဏက ၂% ပဲရှိတယ်လို့ ဆန်ဈေးကွက်မှာ လုပ်ကိုင်နေသူတွေက ဆိုပါတယ်။ အီးယူရဲ့ အခွန်ကောက်ခံမှုနဲ့ တရုတ်ကအဝယ်ရပ်ထားတာတွေကြောင့် ဒေသတွင်းနိုင်ငံတွေမှာ ဈေးကွက်သစ် ရှာဖွေဖို့ ကြိုးပမ်းရမှာဖြစ်ကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးလူမော်မြင့်မောင် ကပြောပါတယ်။

“ကျွန်တော်တို့ဘက်ကတော့ တခြားဈေးကွက်တွေကို ဒီထက်ပိုပြီးရှာရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အိတ်စပို့ရဲ့ volume (ပမာဏ)ရဲ့ တဝက်က China Border ကိုသွားပြီးတော့ တဝက်က ဒီဘက် normal trade ကိုသွားတာပေါ့။ အဲဒီတော့ အနည်းဆုံးတော့ တနှစ်ကို အနည်းဆုံးတော့ (တန်ချိန်) 1 million ကနေ 1.8 million လောက်ထိရှိတာပေါ့နော်။ အဲဒီတော့ ကျွန်တော်တို့က အဲဒီ 1.8 million ကြီးကို တခြား ဈေးကွက်ကို ရအောင် ရွှေ့ရမှာဗျ ရအောင်ဈေးကွက်ရှာရမယ့် သဘောရှိတယ်။ ဒါမှမဟုတ်လည်း ကျွန်တော်တို့ရဲ့ အောက်ခြေအဆင့်မှာ ဟိုဘက်က ပြည်နယ်အစိုးရနဲ့ နားလည်မှုနဲ့ ညှိနှိုင်းလို့ရမလား အဲဒါဆိုသွားလို့ရမလား။ ဒါဆိုရင် မြန်မာ့ဆန်ဈေးကွက်အတွက် မဆိုးဘူးပြောလို့ရမှာပေါ့နော်အခြေအနေ။ ဒါကလည်း ကျွန်တော်တို့ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ သူတို့ ုယူနန်ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းမှုရရင်တော့ ဒါမဆိုးဘူးပြောရမှာပဲ။”

လက်ရှိ ပြည်တွင်းမှာ ဆန်ဈေးနှုန်းတွေ ကျလာနေတယ်လို ကုန်သည်တွေကပြောပါတယ်။ ဒါဟာ ကမ္ဘာ့ဆန်ဈေးကွက်မှာ ဆန်ပိုလျှံနေတာကြောင့်လည်း ဖြစ်နိုင်သလို အီးယူနဲ့ တရုတ်ဘက်က အဝယ်လျှော့သွားတာကြောင့်လည်း ဆန်ဈေးကွက်ကို ပိုပြီးထိခိုက်နိုင်ခြေရှိတယ်လို့ သုံးသပ်တာတွေရှိပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတန်ချိန် ၃ သန်းကျော်တင်ပို့ခဲ့ပေမဲ့ အခုနှစ်မှာတော့ တန်ချိန် ၁.၇ သန်းလောက်ပဲ တင်ပို့နိုင်မယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ခန့်မှန်းထားကြောင်းပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG