သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသင်္ဘောသား ၅ဦး လူကုန်ကူးမှုနဲ့ ထိုင်းတရားစွဲ


လူကုန်ကူးခံရတဲ့ ရိုဟင်ဂျာမွတ်ဆလင် ၆၅ ယောက်
လူကုန်ကူးခံရတဲ့ ရိုဟင်ဂျာမွတ်ဆလင် ၆၅ ယောက်

ရိုဟင်ဂျာမွတ်ဆလင် ၆၅ ယောက်ကို မလေးရှားနိုင်ငံကို တရားမဝင်ပို့ဆောင်ဖို့ကြိုးစားတဲ့ ထိုင်းစက်လှေ Captain နဲ့ မြန်မာ ၅ ယောက်ကို လူကုန်ကူးမှုနဲ့ ထိုင်းအစိုးရက တရားစွဲလိုက်ပါတယ်။

ရိုဟင်ဂျာအမျိုးသား ၂၉ ယောက်၊ အမျိုးသမီး ၃၁ ယောက်နဲ့ ကလေး ၅ ယောက်ကို မလေးရှားကိုပို့ဖို့ကြိုးစားစဉ် စက်လှေပျက်ပြီး ထိုင်းနိုင်ငံတောင်ပိုင်းက Satun ခရိုင်ထဲက Rawi ကျွန်းပေါ်ကို အင်္ဂါနေ့က ရောက်လာခဲ့တာဖြစ်ပါတယ်။ စက်လှေ Captain က အဲဒီသူတွေကို မလေးရှားကို ပို့ပေးခ ဒေါ်လာ ၃ ထောင်ကျော်နဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေ ၁ သိန်းရယူခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ရိုဟင်ဂျာတချို့ကို စုံစမ်းမေးမြန်းပြီးတဲ့နောက် ရရှိတဲ့ သက်သေအထောက်အထားတွေအရ စက်လှေ Captain နဲ့ စက်လှေသင်္ဘောသား မြန်မာ ၅ ယောက်ကို လူကုန်ကူးမှုနဲ့ တရားစွဲလိုက်တယ်လို့ ရဲဗိုလ်ချုပ် Supawat Thapkliew က Reuters သတင်းကိုပြောပါတယ်။ နိုင်ငံပြောင်းလာသူတွေကို ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်နိုင်အောင် အကူအညီပေးမှုနဲ့ စက်လှေသင်္ဘောသားတွေကို ရဲကတရားစွဲထားပြီးသားဖြစ်ပါတယ်။

မလေးရှားကိုသွားဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာတွေဟာ ဒုက္ခသည်တွေလား၊ တရားမဝင်အလုပ် သွားလုပ်ဖို့ကြိုးစားသူတွေလားဆိုတာ အမြန်ဆုံးစုံစမ်းဖို့နဲ့ သက်ဆိုင်တဲ့ဌာနတွေက သူတို့ကို စောင့်ရှောက်ဖို့ ဝန်ကြီးချုပ် Prayut Chan-O-Cha ကလည်း ဒီကနေ့ ညွှန်ကြားခဲ့ပါတယ်။ ရိုဟင်ဂျာတွေ နိုင်ငံပြောင်းအခြေချနေကြတဲ့ကိစ္စအပေါ် ထိုင်းအစိုးရက အလေးထားတယ်ဆိုတာကို ဝန်ကြီးချုပ်က အလေးအနက်ပြသချင်သလို ဒီကိစ္စကို ထိုင်းအစိုးရက တခြားနိုင်ငံတွေနဲ့ စဉ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်နေတယ်လို့ အစိုးရပြောခွင့်ရသူ ဒုတိယဗိုလ်ချုပ်ကြီး Werachon Sukondhapatipak က Reuters သတင်းဌာနကို ပြောကြားပါတယ်။

လောလောဆယ် ရိုဟင်ဂျာ ၆၅ ယောက်ကို Satun ခရိုင်ရဲအချုပ်မှာ ထိန်းသိမ်းထားပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံဖက်က လာတာလား၊ ဘင်္ဂလားဒေ့ရှ် ဖက်ကလာတာလားဆိုတာ တိတိကျကျက မသိရသေးပါဘူး။ မလေးရှားကို ရေကြောင်းကနေ တရားမဝင် ဝင်ရောက်ဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ ၃၇ ယောက်ကို မလေးရှားနိုင်ငံမြောက်ပိုင်းက ကမ်းခြေတခုမှာ ဧပြီ လဆန်းကပဲ မလေးရှားအစိုးရက ထိန်းသိမ်းခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလက်မခံတဲ့ မြန်မာနိုင်ငံထဲမှာလည်း ၂၀၁၈ နိုဝင်ဘာလတုန်းက ခုလိုနိုင်ငံပြောင်းဖို့ကြိုးစားသူ ၁ ၀၀ကို ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်နဲ့ ၉၀ ကျော်ကို ထားဝယ်ခရိုင် လောင်းလုံမြို့မှာ ဖမ်းမိခဲ့ပါတယ်။

ခုလို နိုင်ငံပြောင်းအခြေချဖို့ ကြိုးစားသူတွေကို ပို့ဆောင်ပေးတဲ့ လူမှောင်ခိုတွေကို ၂၀၁၅ ခုနှစ်မှာ နှိမ်နှင်းခဲ့ပြီးနောက်ပိုင်းမှာ မလေးရှားဖက်ကိုရောက်လာသူတွေ ကျဆင်းသွားခဲ့ပေမဲ့၊ မြန်မာနဲ့ Bangladesh နိုင်ငံတွေဖက်က ရိုဟင်ဂျာတွေဟာ မကြာခင်လပိုင်းတွေကစလို့ မလေးရှားနိုင်ငံကို ရေကြောင်းကနေသွားဖို့ ပြန်လည်ကြိုးစားလာကြပုံရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG