ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာဘက်က လိမ်ညာနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen က စွပ်စွဲပြောကြား လိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့က ဘင်္ဂလားဒေ့ရှ် အခြေစိုက် သံတမန်တွေနဲ့ သတင်းထောက်တွေကို ဝန်ကြီး Momen က နိုင်ငံတော် ဧည့်ဂေဟာကို ဖိတ်ကြားပြီး ရိုဟင်ဂျာအရေး နောက်ဆုံး အခြေနေဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ အခုလို ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က အဆင်သင့် ဖြစ်နေပေမယ့် ဒီကိစ္စနှောင့်နှေးကြန့်ကြာနေရတာနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်မှာ တာဝန်ရှိကြောင်း မြန်မာဘက်က ပြောနေတယ်လို့ ဆိုပါတယ်။ ၂၀၁၈ နိုဝင်ဘာလမှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး လုပ်ငန်းစဉ်အတွက် ဘင်္ဂလားဒေ့ရှ်က စတင်ခဲ့တာ ဖြစ်ပေမယ့် ရိုဟင်ဂျာတွေက မြန်မာပြည်က ဆိုးဝါးတဲ့ အခြေနေတွေ ကြောင့် စိုးရိမ်ပြီး ပြန်ဖို့ ငြင်းဆိုနေတာဖြစ်ကြောင်း ဝန်ကြီး Momen ကပြောပါတယ်။
ဂျပန်မှာ မေလထဲ ကျင်းပခဲ့တဲ့ အာရှ အနာဂတ်ဆိုင်ရာ ညီလာခံမှာ မြန်မာဝန်ကြီးက ရိုဟင်ဂျာပြဿနာကို ဖြေရှင်းရာမှာ ဘင်္ဂလားဒေ့ရှ်အစိုးရက သူလုပ်ရမယ့်ကိစ္စကို ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ ပြောကြားခဲ့ကြောင်းနဲ့ မြန်မာဘက်က ဒီလို အလိမ်အညာတွေ ဖြန့်နေပြီး ကတိမတည်ဘူးလို့ ဝန်ကြီး Momen ရဲ့ ပြောကြားချက်ကိုလည်း ဖေါ်ပြကြပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အတွက် မြန်မာဘက်က သင့်တော်တဲ့ အခြေနေဝန်းကျင် ဖန်တီးပေးရမှာ ဖြစ်ပေမယ့် ရခိုင်ပြည်နယ်ထဲ ပြဿနာဖြစ်ပွါးတဲ့ နေရာတွေက ရွာပေါင်း ၈၀၀ လောက်ထဲက ၂ ရွာလောက်မှာပဲ ဒီအခြေနေမျိုးရှိနေတဲ့အတွက် မြန်မာဘက်က ကတိမတည်ဘူးလို့ ဆိုပါတယ်။
ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ မြန်မာကို ဖိအားတွေ ဆက်ပေးကြဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက တောင်းဆိုခဲ့တယ်လို့ ကုလသမဂ္ဂ UNDP ရဲ့ ဘင်္ဂလားဒေ့ရှ် ဌာနေကိုယ်စားလှယ်က ပြောပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ရိုဟင်ဂျာတွေကို ပြန်လက်ခံမယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။ သတင်းစာ ရှင်းလင်းပွဲကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ဆွီဒင်နဲ့ ဥရောပသမဂ္ဂအပြင် ဘရာဇီးလ်၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံ တွေက သံတမန်တွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာပါ။