သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဝလုံးနဲ့ ကိုကျော်စိုးဦး Pulitzer ဆု လက်ခံယူ


ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ၂၀၁၉ ခု Pulitzer ဆု နယူးယောက်မှာ လက်ခံစဉ်
ကိုဝလုံးနဲ့ ကိုကျော်စိုးဦး ၂၀၁၉ ခု Pulitzer ဆု နယူးယောက်မှာ လက်ခံစဉ်

ရခိုင်ပြည်နယ် မြောက်ပိုင်း အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ ၁၀ ဦး သတ်ဖြတ်ခံရမှု သတင်းကို လိုက်ရင်း ဖမ်းဆီးထောင်ချခံခဲ့ရပြီး သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့က အင်္ဂါနေ့မှာတော့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှာ နိုင်ငံတကာ သတင်းဆိုင်ရာ ပူလစ်ဇာ ဆုကို လက်ခံရယူခဲ့ကြပါတယ်။ ကမ္ဘာ့ သတင်းလောကမှာ ဂုဏ်သိက္ခာကြီးတဲ့ ပူလစ်ဇာ ဆုကို ကိုယ်တိုင်လက်ခံရယူခဲ့ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့က အခက်အခဲ ကာလအတွင်း ပံ့ပိုးပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်တယ်လို့လည်း ပြောဆိုခဲ့ကြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

ရိုက်တာ သတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးတို့ အင်္ဂါနေ့က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ ပူလစ်ဇာဆုကို လက်ခံရယူခဲ့ကြတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်း အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ ၁၀ ဦး သတ်ဖြတ်ခံရတဲ့ သတင်းရယူနိုင်ရေး ကြိုးပမ်းရင်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ ဖမ်းဆီးခံခဲ့ကြရပြီး ၂၀၁၈ ခုနှစ်မှာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ သူတို့ နှစ်ဦးကို ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂါနေ့က ပူလစ်ဇာဆု ချီးမြှင့်တဲ့ အခမ်းအနားမှာတော့ ပူလစ်ဇာ ဆုရွေးချယ်ရေး အဖွဲ့ တာဝန်ခံ Dana Canedy က အခုလို ပြောခဲ့ပါတယ်။

“သတင်းလောကရဲ့ အမြင့်ဆုံး စံတန်ဖိုးတွေနဲ့ အညီ မြန်မာနိုင်ငံတွင်း သတင်းရယူခဲ့တာကြောင့် ထောင်ချခံခဲ့ရသူတွေပါ။ ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး သူတို့ ထောင်ထဲမှာ ၅၁၁ ရက် နေခဲ့ရပြီးနောက် ကံအားလျော်စွာဘဲ ဒီလ အစောပိုင်းမှာ သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာတာပါ။ ထောင်ကလွတ်လာပြီးနောက် ဝလုံး ပထမဆုံး ပြောတာကတော့ သတင်းခန်းကို အမြန်ဆုံး ပြန်သွားချင်ပါပြီတဲ့။ ပြီးခဲ့တဲ့ သီတင်းပတ်က ဒီသတင်းထောက် နှစ်ယောက်နဲ့ ကျမ စကားပြောတော့ သူတို့က ဒီပွဲကို တက်ဖို့ စိတ်ဆန္ဒစောနေကြပါတယ်။ ဝလုံးနဲ့ ကျော်စိုးဦးတို့ ဒီကနေ့ ဒီမှာ ရောက်နေကြပြီး သူတို့ကို စင်မြင့်ပေါ်ကို အခု ဖိတ်ခေါ်ပါတယ်ရှင်။”

ရိုက်တာ သတင်းထောက် နှစ်ဦးလွတ်မြောက်ရေး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖိအားပေး တောင်းဆိုမှုတွေ အများအပြား ရှိခဲ့သလို ထောင်ချခံ သတင်းထောက် နှစ်ဦးလည်း လွတ်မြောက်ရေး အတွက် တရားရုံး အဆင့်ဆင့် အယူခံတက်ခဲ့ကြပါတယ်။ နောက်ဆုံး တရားရုံးချုပ် အယူခံမှာလည်း ပယ်ချခံခဲ့ရပြီးနောက် ၂၀၁၉ ခုနှစ် မေလ ၇ ရက်နေ့မှာတော့ သမ္မတ ဦးဝင်းမြင့်ရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ထောင်က ပြန်လွတ်လာကြတာ ဖြစ်ပါတယ်။

Myanmar Burning ဆိုတဲ့ ရိုဟင်ဂျာတွေ အပေါ် ဖိနှိပ်ရက်စက်မှုတွေကို ရိုက်တာ သတင်းအေဂျင်စီရဲ့ စုံစမ်းဖော်ထုတ် သတင်းဖော်ပြချက်တွေမှာ ဝလုံးနဲ့ ကျော်စိုးဦးတို့ရဲ့ အားထုတ်ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုပြီး ရိုက်တာ သတင်းအဖွဲ့ကို ၂၀၁၉ ခုနှစ် အတွက် နိုင်ငံတကာ သတင်းဆိုင်ရာ ပူလစ်ဇာဆုကို ချီးမြှင့်ကြောင်း ဧပြီလ ၁၅ ရက်နေ့က ကြေညာခဲ့တာပါ။ ဒီဆု အတွက် ဆုကြေးကတော့ အမေရိကန် ဒေါ်လာ ၁ သောင်းခွဲ ချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။ အင်္ဂါနေ့က နယူးယောက်မြို့မှာ လုပ်တဲ့ အခမ်းအနားမှာ ဆုလက်ခံခဲ့တဲ့ ပူလစ်ဇာ ဆုရှင်တဦးဖြစ်တဲ့ ကိုကျော်စိုးဦးက အခုလို ပြောဆိုသွားပါတယ်။

“ကျနော်က ကျော်စိုးဦးပါ။ ကျနော့် အနေနဲ့ ရိုက်တာ သတင်းထောက် လုပ်ဖော် ကိုင်ဖက်တွေရဲ့ ကိုယ်စား ဒီနေရာကနေ အထူးကျေးဇူးတင်ကြောင်း ပြောကြား လိုပါတယ်။”

ပူလစ်ဇာဆုရှင် နောက်တဦးဖြစ်တဲ့ ကိုဝလုံးကလည်း ထောင်ကျစဉ် ကာလအတွင်း ဝိုင်းဝန်း ပံ့ပိုးပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

“ဒီကိုလာရတာ အရမ်းကို ဂုဏ်ယူမိပါတယ်။ ပူလစ်ဇာ ကော်မတီကို ကျေးဇူးတင်ပါတယ်။ ဒါ့အပြင် ကျနော်တို့ မြန်မာနိုင်ငံက ထောင်ထဲမှာ ရက်ပေါင်း ၅၁၁ ရက်တာ နေခဲ့ရစဉ် အတွင်း ကူညီခဲ့ကြသူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အသက်အန္တရာယ်နဲ့ လွတ်လပ်ခွင့်ကို မမှုဘဲ နေ့စဉ် သတင်းရယူနေကြတဲ့ ကမ္ဘာတလွှားက ဘဝတူ သတင်းသမားတွေ အားလုံးကိုလည်း လေးစား အသိအမှတ်ပြုပါတယ်။ ကျနော်တို့ အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ကြရစဉ် အတွင်း ပံ့ပိုးပေးခဲ့ကြတဲ့ ကျနော်တို့ ဇနီးသည်တွေ၊ သမီးငယ်တွေ၊ မိသားစုတွေနဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောပါရစေ။ သူတို့ ပံ့ပိုးမှုသာ မရှိရင် နောက် ရိုက်တာနဲ့ ကမ္ဘာတလွှားက ပံ့ပိုးမှုတွေသာ မရှိရင် ကျနော်တို့ ကြံ့ကြံံ့ခံ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။”

ကိုဝလုံး ဖမ်းဆီးခံထားရတဲ့ အတောအတွင်း ဇနီးဖြစ်သူ မပန်းအိမွန်က သမီးဖြစ်သူကို ၂၀၁၈ ခုနှစ် သြဂုတ်လမှာ မွေးဖွားခဲ့တာ ဖြစ်သလို ကိုကျော်စိုးဦး ဖမ်းဆီးခံရချိန်မှာလည်း ဇနီးဖြစ်သူနဲ့ အတူ သမီးငယ်လေး တဦး ကျန်ခဲ့တာ ဖြစ်ပါတယ်။ သမီးငယ်ကို ချီပိုးပြီး ခင်ပွန်းဖြစ်သူ ရုံးချိန်ကို လာကြတဲ့ သူတို့ပုံရိပ်တွေဟာလည်း သတင်းစာမျက်နှာတွေမှာ ဖော်ပြခဲ့ကြတာပါ။ ၂၀၁၈ ခုနှစ် Time မဂ္ဂဇင်းကြီးရဲ့ Persons of the Year မှာလည်း ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ရွေးချယ်ဖော်ပြခဲ့သလို နိုင်ငံတကာ ဆု အများအပြားကို ရရှိခဲ့ကြပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ပူးတွဲ ရရှိခဲ့တဲ့ နိုင်ငံတကာ ဆုတွေထဲမှာတော့ British Journalism Awards ၊ လန်ဒန် Foreign Press Association ကချီးမြှင့်တဲ့ Media Awards၊ နယူးယောက်အခြေစိုက် Pen American အဖွဲ့က ချီးမြင့်တဲ့ Pen/Barbey Freedom to Write Award ဆု၊ Asia Society က ချီးမြှင့်တဲ့ Osborn Elliot Prize၊ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတဝန်းက ထူးချွန်တဲ့ သတင်းသမားတွေကို နှစ်စဉ် ဂုဏ်ပြုတဲ့ George Polk ဆု၊ UNESCO က ချီးမြင့်တဲ့ Guillermo Cano သတင်းလွတ်လပ်ခွင့်ဆု - UNESCO/Guillermo Cano Press Freedom Prize ဆု စတာတွေ အပြင် နိုင်ငံတကာ ဆုတံဆိပ် အများအပြား ချီးမြှင့်ခံထားရပါတယ်။

မြန်မာနိုင်ငံက အရင် ပူလစ်ဇာဆု ချီးမြှင့်ခြင်း ခံရသူတွေကတော့ အင်ဒိုနီးရှားက ရေလုပ်သားတွေ အကြောင်းကို Seafood from Slaves - ကျွန်တွေထံမှ ပင်လယ်စာ ဆိုပြီး သတင်းဖော်ထုတ် ရေးသားခဲ့မှု အတွက် ၂၀၁၆ ခုနှစ်က လူမှုအကျိုးပြု ပူလစ်ဇာဆု ချီးမြှင့်ခံရတဲ့ AP သတင်းအဖွဲ့မှာ ကချင်တိုင်းရင်းသူ Esther Htusan ပါဝင်ခဲ့သလို ၂၀၁၈ ခုနှစ် ပူလစ်ဇာ သတင်းမှတ်တမ်း ဓာတ်ပုံဆု ချီးမြှင့်ခံရတဲ့ ရိုက်တာ ဓာတ်ပုံ သတင်းထောက် အဖွဲ့မှာလည်း မြန်မာ ဓာတ်ပုံ သတင်းသမား ကိုစိုးဇေယျာထွန်း တို့ ဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG