သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်ဒုက္ခသည် နေရပ်ပြန်ရေး အစီအစဉ် တရုတ်ကြားဝင် ညှိနှိုင်း


ရခိုင်မြောက်ပိုင်းကနေ ထွက်ပြေးသွားတဲ့ မွတ်ဆလင်ဒုက္ခသည်တွေ ပြန်လည်နေရာ ချထားရေးအတွက် တရုတ်နိုင်ငံအနေနဲ့ သူတို့ တတ်နိုင်တဲ့အနေအထားကနေ အကူအညီတွေပေးနေသလို၊ လက်တွေ့လိုအပ်ချက်တွေနဲ့ နှစ်နိုင်ငံသဘောဆန္ဒအတိုင်း တရုတ်နိုင်ငံ အနေနဲ့ အပြုသဘောဆောင်ရပ်တည်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဌာန က ထုတ်ပြန်လိုက် ပါတယ်။ ရခိုင်အကျပ်အတည်းကူညီဖြေရှင်းရေးအတွက် တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးသံတမန် Sun Guoxiang ဟာ မြန်မာရော ဘင်္ဂလားဒေ့ရ်ှပါ နှစ်နိုင်ငံစလုံးကိုပါ ဒီရက်ပိုင်းထဲ သွားရောက်ခဲ့တာပါ။

အခုလို ရခိုင်အရေး တရုတ်ရဲ့ ကူညီဖြေရှင်းမှုကို မြန်မာ့အရေးလေ့လာသူအချို့က ကြိုဆိုလိုက်ပေမယ့်လို့ မွတ်ဆလင်ဒုက္ခသည်တွေကိုယ်တိုင်ကတော့ တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုအပေါ် သံသယတော့ ရှိနေဆဲပါ။ ကိုသားညွန့်ဦး စုံစမ်းမေးမြန်း ထားပါတယ်။

တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးသံတမန် Sun Guoxiang ဟာ ဖေဖော်ဝါရီလ ၂၅ရက်နေ့ကနေ မတ်လ ၅ ရက်နေ့အထိ မြန်မာရော ဘင်္ဂလားဒေ့ရ်ှကိုပါ သွားရောက်ပြီး အစိုးရခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်း မောင်တော ခရိုင်က ဒုက္ခသည်တွေပြန်လည်လက်ခံရေးပြင်ဆင်မှုတွေကို သွားရောက်ကြည့်ရှုသလို၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ Cox’s Bazar မှာရှိတဲ့ ဒုက္ခသည် တွေကိုလည်း ကိုယ်တိုင် ကိုယ်ကျ တွေ့ဆုံခဲ့ပါတယ်။

ဒုက္ခသည်တွေပြန်ပို့ရေး ကိစ္စမှာ တိုက်ရိုက်သက်ဆိုင်တဲ့ နှစ်နိုင်ငံအကြား ရင်းရင်းနှီးနှီး ညှိနှိုင်းအဖြေရှာဖို့ နှစ်ဖက်ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့သလို၊ နိုင်ငံတကာ အနေနဲ့ လည်း အပြုသဘောဆောင် အခန်းကဏ္ဍကနေ အကျပ်အတည်း ဖြေရှင်းနိုင်မယ့် အခြေအနေဖန်တီးဖို့ တရုတ်အထူးကိုယ်စားလှယ်က တိုက်တွန်း ထားပါတယ်။ မပြေမလည် ဖြစ်နေတဲ့ မွတ်ဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စမှာ တရုတ်နိုင်ငံက အခုလို ကြားဝင်ညှိနှိုင်းပေးတာကို ကြိုဆိုရမယ်လို့ ရခိုင်အကျပ်အတည်း နဲ့ မြန်မာ့အရေးစောင့်ကြည့်သူ ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။

"ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကြိုဆိုရမယ် အဲဒီဖြစ်စဉ်က လုပ်နိုင်တာ တရုတ်ပဲ ရှိတော့တယ်နော်။ သူတို့ဝင်လာမှပဲ ရတော့မယ် တခြားဘယ်သူမှ လုပ်လို့မရတော့ဘူး။ ယန်ဟီးလီတို့ ကုလသမဂ္ဂ တို့ ပြောမယ်ဆိုရင် အကုန်လုံး ဒီလုံခြုံရေးကောင်စီတို့က အသံပဲရှိတာ ။ ဒါကို အခြေပြုပြီးတော့ပဲ အဖြေတခု ရှာရတော့မှာပါပဲ ။ ဒါကတော့ လက်တွေ့အကျဆုံးပြောတာလေ။ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ကို ဘယ်အဖွဲ့အစည်းမှ သွားလို့ရတာ မဟုတ်ဘူး ။ တရုတ်အနေနဲ့ တကယ့်ကို ကြိုဆိုပါတယ်။ နှစ် နိုင်ငံစလုံးကို သွားတာ ။ တစ်နိုင်ငံထဲကို လာပြီးတော့ ဟိုပြောဒီပြော ပြောတာမဟုတ်ဘူး အဓိက နှစ် နိုင်ငံကို သွားတယ်။ ဒုက္ခသည်စခန်းတွေလည်း သွားတယ်ဆိုတော့ တရုတ်က တော်တော်လေး ဒါကို လုပ်နေတာ။ သူတို့ ခုနက UN ပြောတဲ့အတိုင်း ဂုဏ်သိက္ခာရှိရှိနဲ့ လုံလုံခြုံခြုံ ပြန်လို့ရမယ်ဆိုရင် တခြားအဖွဲ့တွေ ထားဦး မြန်မာပြည်ရဲ့ Peace Process ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တခြားနိုင်ငံဘယ်သူမှ မပါဘူး။ ကုလသမဂ္ဂတောင်ပြန်ဆုတ်သွားပြီ။ တရုတ်ပဲရှိတော့တယ် ကောင်းပြီ ထိုနည်းလည်းကောင်း ရခိုင်ပြည်နယ်မှာလည်း ဒုက္ခသည်တွေ ဘယ်နှစ်ယောက်ပဲ ဆိုဆို ပြန်လာနိုင်ဖို့ ဆိုရင် တရုတ်ကပဲ အာမခံပေးမှ ရတော့မယ်။"

တရုတ်အထူးသံတမန် Sun Guoxiang ဟာ ဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံသလို၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာလည်း နိုင်ငံခြားရေး ဝန်ကြီးနဲ့ အခြားအကြီးတန်းတာဝန်ရှိသူတွေကို တွေ့ဆုံပါတယ်။ ဒါ့အပြင် မတ်လ ၃ ရက်နေ့ကတော့ ဘင်္ဂလားဒေ့ရ်ှနယ်စပ် ကူတူးပလောင်ဒုက္ခသည် စခန်းမှာ ဒုက္ခသည်ဖက်က ကိုယ်စားလှယ်အချို့နဲ့ လည်း တွေ့ခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုမှာပါတဲ့ Arakan Rohingya Solidarity for Peace and Human Rights အဖွဲ့ အတွင်းရေးမှူး ဦးမောင်ကျော်မြင့်ကတော့ တရုတ်နိုင်ငံဖက်က အကူအညီပေးဖို့ ကမ်းလှမ်းမှု အချို့ရှိခဲ့တယ်လို့ ပြောပါတယ်။

"အဓိကတော့ သူတို့ကတော့ ပထမဦးဆုံးလာပြီးတော့ ကျနော်တို့ကို မိသားစုအလိုက် ဒေါ်လာ ပေးမယ် ကျနော်တို့ ပြန်နိုင်သလားလို့ ကျနော်တို့ကို မေးပါတယ်။ ဒေါ်လာ ၅၀၀၀ ကနေ ၆၀၀၀ ပါ ။ ကျနော်တို့က ဒေါ်လာ တို့ ပိုက်ဆံက ကျနော်တို့မှာ ဘယ်တော့မှ မလိုဘူး ကျနော်တို့မှာ Justice၊ International Security နဲ့ Citizenship တို့ပဲ လိုတာလို့ ကျနော်တို့ ပြောထားပါတယ်။ အဲဒီအခါ သူက ခင်ဗျားတို့မှာ လိုတာတွေကို မြန်မာနိုင်ငံမှာ သွားပြီးတော့ မြန်မာအစိုးရနဲ့ ညှိနှိုင်းပြီးတော့ တင်ပြလို့ရတယ်လို့ ကျနော်တို့ကိုပြောတယ်။ နောက်ခုကတော့ ARSA နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဘက်က မေးခွန်းမေးတယ်။

မေး။ ။ ARSA နဲ့ ပတ်သက်ပြီးတော့ ဦးမောင်ကျော်မြင့်တို့က မေးတာလား ၊ တရုတ်သံအမတ်က မေးတာလား။

ဖြေ။ ။ တရုတ်သံအမတ်က မေးတာပါ။ ARSA ဆိုတာ ရှိသလား၊ ARSA ဘယ်မှာလဲ ဘယ်ကလူတွေလဲ လို့ ကျနော်တို့ကို မေးတယ်။ အဲဒါအခါမှာ ကျနော်တို့က ARSA ဆိုတာ ကျနော်တို့ အင်တာနက်ပေါ်မှာပဲ မြင်တယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ မရှိဘူး။ သူတို့ လှုပ်ရှားနေတာက ရခိုင်ပြည်နယ်မှာပဲ လှုပ်ရှားနေတယ် ။ AA နဲ့ ပေါင်းနေတာလို့ ကျနော်တို့သတင်းရရှိပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ မရှိဘူးလို့ ပြောထားပါတယ်။

မေး။ ။အခုက ပြောမယ်ဆိုရင် အခုဒီ နေရပ်ပြန်ရေးကိစ္စက စီစဉ်နေတာ နိုင်ငံတကာကလည်း မအောင်မြင်ဘူး။ တရုတ်ကနေပြီးတော့ ကြားဝင်အကူအညီပေးတဲ့ ကိစ္စက အဆင်ပြေနိုင်လား၊ ဦးမောင်ကျော်မြင့်တို့ ဘယ်လိုသဘောရပါသလဲ။

ဖြေ။ ။ဘယ်တော့မှ အဆင်ပြေမှာ မဟုတ်ဘူး ဘာဖြစ်လို့လဲဆိုတော့ တရုတ်နိုင်ငံကလည်း မြန်မာအစိုးရနဲ့ တွေ့ပြီးတော့ မြန်မာအစိုးရတောင်းဆိုချက်ကို အကောင်အထည်ဖော်ဖို့ အတွက်ပဲ လုပ်နေတာ။ "

တရုတ်နိုင်ငံဖက်က ပြန်မယ့်ဒုက္ခသည်တွေကို ငွေကြေး အကူအညီပေးမယ် ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ တရုတ်အစိုးရဖက်ကရော ဘင်္ဂလားဒေ့ရ်ှဖက်ကပါ တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိပါဘူး။ ဒီအကူအညီကမ်းလှမ်းချက်ကို ဘင်္ဂလားဒေ့ရ်ှ ဒေသတွင်း သတင်းအချို့မှာလည်း ဖော်ပြရေးသားပေးမယ့်၊ ရိုဟင်ဂျာ ဒုက္ခသည်ေတွေ ပြောစကားကလွဲလို့ သီးခြားအတည်ပြုချက်တော့ ယူလို့မရပါဘူး။

ရခိုင်မြောက်ပိုင်းက မွတ်ဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှနှစ်နိုင်ငံအကြား သဘောတူစာချုပ်တွေ ချုပ်ဆိုနိုင်ခဲ့ပေမယ့်၊ နေရပ်ပြန်ရေးအစီအစဉ်တွေ လက်တွေ့မှာ ဖြစ်မလာခဲ့ပါဘူး။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးဟာ ဂုဏ်သိက္ခာရှိရှိ လုံခြုံမှုရှိရှိနဲ့ ဒုက္ခသည်တွေ သဘောဆန္ဒအတိုင်းဖြစ်ရမယ်လို့ ဆိုနေပါတယ်။ မြန်မာအစိုးရဖက်ကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံပေမယ့်၊ မြန်မာပြည်ကထွက်ပြေးသွားတဲ့ မွတ်ဆလင်ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ သူတို့ဖက်က အဆင်သင့်ရှိနေတယ်လို့ ပြောနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG