ရုရှားသမ္မတ ဗလာဒီမီယာပူတင် (Vladimir Putin) နဲ့ တွေ့ဆုံဖို့ စစ်ကောင်စီအကြီးအကဲ ဒီကနေ့ပဲ မြန်မာနိုင်ငံက ထွက်ခွာသွားပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ စစ်ကောင်စီ အဆင့်မြင့်အရာရှိတွေ လိုက်ပါသွားခဲ့ကြပြီး မနက်ဖြန် အင်္ဂါနေ့မှာ ရုရှားသမ္မတနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့လည်း ရုရှားနိုင်ငံက သတင်းတွေမှာ ဖော်ပြနေကြတာပါ။
မြန်မာနိုင်ငံမှာ ဆိပ်ကမ်းနဲ့ ရေနံချက် စက်ရုံတည်ဆောက်ရေး အပါအဝင် ထားဝယ် အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားနိုင်ငံက စစ်ကောင်စီနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး မကြာခင် သွားရောက်တဲ့ ခရီးစဉ်အတွင်း ၂ နိုင်ငံကြား သဘောတူညီချက်တချို့ကို လက်မှတ်ထိုးမယ်လို့လည်း ခန့်မှန်းရပါတယ်။ စစ်ကောင်စီ ခေါင်းဆောင်ရဲ့ ခရီးစဉ်အတွင်း ရုရှားသမ္မတပူတင်အပြင်၊ ဝန်ကြီးချုပ်နဲ့ အစိုးရအဆင့်မြင့်ခေါင်းဆောင်တွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ကြောင်း စစ်ကောင်စီနဲ့ ရုရှားတာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အရပ်သားအစိုးရကိုဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း နိုင်ငံတကာက ဝိုင်းပယ်ခံနေရချိန်မှာ စစ်ကောင်စီက ရုရှားနဲ့ စစ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လာနေတာပါ။ စစ်လက်နက်ထုတ်လုပ်ရေး၊ နျူကလီးယားစွမ်းအင်နဲ့ စစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို ကူညီဖို့လည်း ရုရှားနိုင်ငံက ကတိပြုထားပါတယ်။
စစ်ကောင်စီရဲ့ ဒီကနေ့ သတင်းထုတ်ပြန်ချက်မှာတော့ ၂ နိုင်ငံဆက်ဆံရေး ၇၇ နှစ်ပြည့်အဖြစ် ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးနဲ့ ကဏ္ဍစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးမယ်လို့ ဖော်ပြထားပါတယ်။
Forum