သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဇဘဏ် အမေရိကန် ဥပဒေအကျိုးဆောင်အဖွဲ့ ငှားရမ်း


Visa ကဒ်နဲ့ ငွေပေးချေမှု အစီစဉ် မိတ်ဆက်ပွဲအခမ်းအနားမှာ မြင်တွေ့ရတဲ့ ကမ္ဘောဇဘဏ် ဒုဥက္ကဌ ဦးသန်းလွင် (လယ်)၊ ၂၀၁၃ခုနှစ် ဧပြီလ (၁) ရက်
Visa ကဒ်နဲ့ ငွေပေးချေမှု အစီစဉ် မိတ်ဆက်ပွဲအခမ်းအနားမှာ မြင်တွေ့ရတဲ့ ကမ္ဘောဇဘဏ် ဒုဥက္ကဌ ဦးသန်းလွင် (လယ်)၊ ၂၀၁၃ခုနှစ် ဧပြီလ (၁) ရက်

မြန်မာနိုင်ငံမှာ အကြီးဆုံး ပုဂ္ဂလိက ဘဏ်တခုဖြစ်တဲ့ ကမ္ဘောဇ ဘဏ်ဟာ အမေရိကန်ပြည်ထောင်စုက သူ့ကို ပိတ်ဆို့အရေးယူမှု လုပ်လာရင် ဥပဒေအရ ကာကွယ်ဖို့ အမေရိကန်အခြေစိုက် ပုဂ္ဂလိရှေ့နေ အဖွဲကအစည်းတခုကို အကျိုးဆောင်အဖြစ် ငှားရမ်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာမွတ်စလင်တွေကို စစ်တပ်က ညှင်းပမ်းဖိနှိပ်မှုတွေနဲ့ ပတ်သက်လို့ ငွေကြေးအားဖြင့် တနည်းတဖုံ ဆက်စပ်ခဲ့တဲ့ ဘဏ်တွေထဲမှာ ကမ္ဘောဇဘဏ် ပါဝင်နေကြောင်း ကုလသမဂ္ဂအစီရင်ခံစာမှာ ဖေါ်ပြခံရပြီးနောက် အခုလို တုန့်ပြန်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက ရှေ့နေအဖွဲ့အစည်း တခုဖြစ်တဲ့ Williams & Connolly LLP က ကမ္ဘောဇဘဏ်ရဲ့ အကျိုးဆောင် အဖြစ်ဆောင်ရွက်ဖို့ သြဂုတ်လ (၂၃)ရက်နေ့ ရက်စွဲနဲ့ သဘောတူညီချက် စာချုပ်ကို အမေရိကန်သတင်းဌာန တချို့မှာ ဖေါ်ပြခဲ့ပါတယ်။ အဲဒီစာချုပ်ထဲမှာတော့ မကြာခင်က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ အစီရင်ခံစာကြောင့် ကမ္ဘောဇဘဏ်ကို အမေရိကန်ပြည် ထောင်စုက ပိတ်ဆို့အရေးယူခဲ့မယ်ဆိုရင် ဥပဒေအရ ခုခံကာကွယ်ဖို့ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ Williams & Connolly LLP ကနေ ကမ္ဘောဇဘဏ်ရဲ့ CEO ဖြစ်တဲ့ Michael DeNoma ဆီ ပေးပို့ခဲ့တဲ့ စာထဲမှာ အကျိုးဆောင်ခ အဖြစ် စစချင်း အမေရိကန် ဒေါ်လာ ၂၅၀,၀၀၀ ပေးဖို့ အပါအဝင် အခြားသဘောတူညီမှုတွေကို ဖေါ်ပြထားပါတယ်။

အခုလို ငှားရမ်းလိုက်တာနဲ့ ပတ်သက်လို့ ကမ္ဘောဇဘဏ်ကိုရော၊ William & Connolly ဘက်ကိုရော မှတ်ချက်ပေးဖို့ ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာ တုန့်ပြန်မှု မရခဲ့ပါဘူး။ အမေရိကန် ရှေ့နေအဖွဲ့အစည်းတခုကို ကမ္ဘောဇဘဏ်က သူတို့ ဥပဒေအကျိုးဆောင်အဖြစ် ငှားရမ်းလိုက်မှုဟာ သြဂုတ်လဆန်းပိုင်းက မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်းကအစီရင်ခံစာထုတ်ပြန်ခဲ့ပြီးနောက် အမေရိကန်အပါအဝင် နိုင်ငံတကာ အစိုးရတွေဘက်က ပြင်းပြင်းထန်ထန် တုန့်ပြန်အရေးယူလာမှာကို သူတို့ အတွင်းပိုင်းမှာ စိုးရိမ်ထိတ်လန့်နေတယ်ဆိုတာ မြင်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ကမ္ဘောဇဘဏ်အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ လေးစားယုံကြည်မှုကို ရထားခဲ့တယ်လို့လည်းဆိုပါတယ်။

ကမ္ဘောဇဘဏ်က ငှားလိုက်တဲ့ အမေရိကန်ရှေ့နေ အဖွဲ့ အစည်းအနေနဲ့ အခြား တာဝန်တွေအဖြစ်လွှတ်တော်နဲ့ သမ္မတ Donald Trump အစိုးရအဖွဲ့ဝင်တွေကို ချဉ်းကပ် စည်းရုံးဖို့၊ သတင်းမီဒီယာတွေနဲ့ ဆက်ဆံဖို့ စတဲ့ လူထုဆက်ဆံရေး ကိစ္စရပ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အခုလို ကမ္ဘောဇဘဏ်ဘက်က တုန့်ပြန်ဆောင်ရွက်လာတာနဲ့ ပတ်သက်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာတာဝန်ခံ John Sifton က သူရဲ့အမြင်ကို ဗွီအိုအေကို အခုလိုပြောပါတယ်။

“အမေရိကန်ရှေ့နေအဖွဲ့အစည်းကို ပိုက်ဆံတွေနဲ့ငှားပြီး လော်ဘီလုပ်ခိုင်းမယ့်အစား အဲဒီဘဏ်အနေနဲ့ မြန်မာစစ်တပ်ကို အခုလို ပြောသင့်ပါတယ်။ ပစ်မှတ်ထား ပိတ်ဆို့အရေးယူရတဲ့ အကြောင်းအရင်းက- ကုလသမဂ္ဂက ပြဌာန်းထားတဲ့ နိုင်ငံတကာ နည်းဥပဒေစနစ်တွေနဲ့ အညီ ပူးပေါင်းဆောင်ရွက်ဖို့ စစ်တပ်က ငြင်းဆန်တဲ့အတွက် ကြောင့် ဖြစ်ပါတယ်။ ပိတ်ဆို့အရေးယူမှုကို ရှောင်ရှားဖို့ အကောင်းဆုံး နည်းလမ်းကတော့ ကုလသမဂ္ဂနဲ့ စစ်တပ်က စတင်ပြီးပူးပေါင်း ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲကို စုံစမ်းစစ်ဆေးရေးမှူးတွေ သွားရောက်ခွင့်ပြုဖို့၊ နောက် ကချင်၊ ရှမ်းနဲ့ ကရင် ပြည်နယ်တွေ ကိုလည်း သွားရောက်ခွင့်ပြုဖို့ ဖြစ်ပါတယ်။”

ကုသလမဂ္ဂအစီရင်ခံစာအတိုင်းမြန်မာစစ်တပ်နဲ့ ဘယ်နည်းလမ်းနဲ့ မဆို ဆက်စပ်ပတ် သက်နေ တယ်ဆိုရင် အဲဒီ ဘဏ်တွေ၊ ကုမ္ပဏီတွေအနေနဲ့ ပိတ်ဆို့အရေးယူမှုတွေ ကြုံရနိုင်တယ်ဆိုတဲ့ အချက်ကိုအမှန်တကယ် စိုးရိမ်သင့်တယ်လို့လည်း John Sifton က ဆိုပါတယ်။

“မြန်မာစစ်တပ်ရဲ့ စီးပွားရေး အကျိုးအမြတ်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက အာရုံစိုက် စောင့်ကြည့်လာတာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်နှစ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်နှိပ်စက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့တဲ့ အပေါ် ပုံမှန် သံတမန်ရေးအရ ဖိအားပေးမှုတွေဟာ အလုပ်မဖြစ်ခဲ့ပါဘူး။ အခုတော့ စစ်တပ်ရဲ့ တုန့်ပြန်ဆောင်ရွက်မှုကို ရဖို့ဆိုရင် သူတို့ရဲ့ စီးပွားရေး အကျိုးအမြတ်တွေ၊ အခွန်ဝင်ငွေတွေ၊ ကုမ္ပဏီတွေ၊ ဘဏ်တွေ အပါအဝင် သူတို့နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူခြင်းအားဖြင့် ထိရောက်မှုရှိတယ်ဆိုတာ လူတွေက သိလာပါပြီ။ နောက်တဆင့် သူတို့နဲ့ ပူးပေါင်းလုပ်ဆောင်နေသူတွေကိုပါ ပစ်မှတ်ထား ပိတ်ဆို့အရေးယူတာ၊ စင်္ကာပူအပါအဝင် အခြားနေရာတွေမှာ ဘဏ်အကောင့်တွေ ဖွင့်တဲ့အခါ ပိုပြီး အခက်အခဲတွေ ဖြစ်အောင်လုပ်တာ စတာတွေ ဆက်ပြီးလုပ်ဆောင်မယ်ဆိုရင် ထိရောက်မှုတွေရှိလာမှာပါ။ အဲဒီအခါကျမှ စစ်တပ်အနေနဲ့ သူတို့ ဘာလုပ်ခဲ့လဲ၊ သူတို့ ဘာလုပ်နေလဲဆိုတာ နှစ်ခါပြန်စဉ်းစားလာမှာ ဖြစ်ပါတယ်။”

၂၀၁၉ သြဂုတ်လ (၅)ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေး မစ်ရှင်းရဲ့ “မြန်မာတပ်မတော်ရဲ့ စီးပွားရေး အကျိုးအမြတ်များ” ဆိုတဲ့ အစီရင်ခံစာမှာ ၂၀၁၇ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စတင်ပြီး ရက်သတင်းပတ်အနည်းငယ်အကြာ မြန်မာနိုင်ငံက ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းပေါင်း (၄၅)ခုဟာ စစ်တပ်ကို ဒေါ်လာ (၁၀)သန်းကျော်လှုခဲ့ကြောင်း အသေးစိတ်ဖေါ်ပြခဲ့ပါတယ်။ ဒါအပြင် တပ်မတော်နဲ့ နီးစပ်တဲ့ ခရိုနီကုမ္ပဏီတွေဟာ ရိုဟင်ဂျာတွေ ရဲ့ ဇာတိ သက်သေခံလက္ခဏာတွေ ပျောက်ပျက်စေဖို့၊ အဲဒီရခိုင်မြောက်ပိုင်း ဒေသကို ပုံစံအသစ် ဖေါ်ဆောင်ရေး ရည်မှန်းထားတဲ့ စစ်တပ်ရဲ့ ဆန္ဒဖြည့်ဆည်းတဲ့ အနေနဲ့ ရခိုင်ပြည်နယ် ဖွံဖြိုးရေးစီမံကိန်းဆိုပြီး ငွေကြေးထောက်ပံ့ခဲ့တယ်လို့ ထောက်ပြထားပါတယ်။

အဲဒီစီမံကိန်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တလျောက်ခြံစည်းရိုးကာရန်ဖို့ ငွေကြေးထောက်ပံ့ခဲ့တဲ့ ကုမ္ပဏီနှစ်ခုဖြစ်တဲ့ ကမ္ဘောဇအုပ်စု (KBZ)နဲ့ မက်စ်မြန်မာ (Max Myanmar) တို့ကို နာမည်နဲ့တကွ အစီရင်ခံစာမှာ ဖေါ်ပြခဲ့ပါတယ်။ မက်စ်မြန်မာကုမ္ပဏီကတော့ ဒီအစီရင်ခံစာပါအချက်နဲ့ပတ်သက်လို့ ငြင်းဆိုကန့်ကွက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG