သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေ-အမ်းကားလမ်း ပေါက်ကွဲမှုုဖြစ်ပွား


ရခိုင်ပြည်နယ်မြေပုံ
ရခိုင်ပြည်နယ်မြေပုံ

ရခိုင်ပြည်နယ် စစ်တွေ-အမ်းကားလမ်းမပေါ်မှာ အင်္ဂါနေ့ညနေပိုင်းက ဗုံးသုံးလုံးဆက်တိုက် ပေါက်ကွဲခဲ့တာ ကြောင့် မော်တော်ယာဉ်၂စီး ထိခိုက်ခဲ့ပါတယ်။ ဒီပေါက်ကွဲမှုဖြစ်စဉ်ဟာ လူအသေအပျောက်မရှိပေမဲ့ စစ်တပ် ယာဉ်တန်းနဲ့ ကားချင်းရှောင်ချိန်မှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် စစ်ယာဉ်တန်းကို တိုက်ခိုက်တာ ဖြစ်နိုင် ကြောင်း သုံးသပ်တာတွေရှိ နေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီဗုံးသုံးလုံးဆက်တိုက် ပေါက်ကွဲခဲ့တာ စစ်တွေ-အမ်း ကားလမ်းမ မြောက်ဦးနဲ့ မင်းပြားမြို့နယ်အကြား မှာ မန္တလေးမြို့က သဘာဝဘေး တုံပြန်ဆောင်ရွက်ရေး ပရဟိတအဖွဲ့က ငှားရမ်းလာတဲ့ ကစ္ဆပနဒီ ခရီးသည် တင်ယာဉ်နဲ့ စစ်ယာဉ်တန်းရှောင်တိမ်းချိန်မှာ ဖြစ်ပွားခဲ့တာပါ။

ပေါက်ကွဲမှုဖြစ်ပွားပုံကို ကစ္ဆပနဒီ ခရီးသည်တင်ယာဉ်နဲ့အတူ လိုက်ပါလာတဲ့ သဘာဝဘေး တုံပြန်ဆောင်ရွက် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ကြီးအေးလွင် အငြိမ်းစားက အခုလို ပြောပါတယ်။

“ ၁၉ရက်နေ့က ၆နာရီ ၅၀ အချိန်မှာ မင်းပြားမြို့နယ် သင်ဂံဇာရွာရဲ့ မြောက်ဖက် မိုင်တိုင်အမှတ် ၉၆မိုင် ၃ဖာလုံမှာပေါ့။ စစ်ယာဉ်တန်း ၃စီးက အမ်းကနေ စစ်တွေဖက်ကိုလာတယ်။ ကျနော်တို့ ပရဟိတအဖွဲ့တွေက စစ်တွေကနေ အမ်းဖက်ကိုလာတယ်။ အဲဒီ ၉၆မိုင် ၃ဖာလုံရောက်တော့ လမ်းကကျဉ်းတဲ့အတွက် လမ်းဘေး ချပြီး ရပ်ပြီး စစ်ကားနဲ့ ရှောင်တယ်။ ရှေ့က စစ်ကား၂စီးလွတ်သွားတဲ့အချိန်မှာ ၆ဘီး ကယ်ဆယ်ရေး ပစ္စည်း တင်လာတဲ့ကားဗျ။ အဲဒီကားနဲ့ ကျနော်တို့ကားနဲ့ ခေါင်းချင်းဆိုင်ကပ်ခါနီးအချိန်မှာ လမ်းအရှေ့ဖက်ဘေးက မြောက်ဖက်အလုံးစပြီးကွဲတယ်။ ၁၅စက္ကန့်လောက်အကြာမှာ လမ်းအရှေ့ဖက်ဘေးက တောင်ဖက် အလုံး ထပ်ကွဲတယ်။ နောက် ၃စက္ကန့်လောက်မှာပဲ နောက်ဖက်ဘေးက မိုင်း၁လုံး ထပ်ကွဲတယ်။ ”

ဒီမိုင်းပေါက်ကွဲတာဟာ စစ်ယာဉ်တန်းကို တိုက်ခိုက်ဖို့ ရည်ရွယ်တာဖြစ်နိုင်ကြောင်းလည်း ဗိုလ်ကြီးအေးလွင် အငြိမ်းစားက သုံးသပ်ပါတယ်။

“မိုင်းတွေကတော့ Remote control မိုင်းတွေပေါ့။ အဆင့်မြင့် Remote control မိုင်းတွေပေါ့။ သူ့ ရည်ရွယ်ချက်က စစ်ယာဉ်တန်းကို လုပ်ဖို့ အတွက် သေချာ စနစ်တကျ စီမံပြီးတော့ အဆင့်မြင့် Control မိုင်းကို သုံးတာဗျာ။ ဒါပေမဲ့ မိုင်းခွဲတဲ့လူက မကြွမ်းကျင်လို့ အနှေးအမြန်ကို ကားရဲ့ အလျင်ကို မတွက်တတ်လို့ စစ်ကားက ပွတ်ကာသီကာလေး လွတ်သွားတာ။ စစ်ကားလွတ်တယ်ဆိုတာလည်း အဝေးကြီးမဟုတ်ဘူး။ ကိုက်၅၀လောက်လေးတင် ကပ်လွတ်လေး လွတ်သွားတာ။ ”

ပေါက်ကွဲမှုဖြစ်စဉ်မှာ ကစ္ဆပနဒီ ခရီးသည်တင်ကားရဲ့ ယာဉ်နောက်လိုက်မှာ ဒဏ်ရာအနည်းအကျဉ်းရခဲ့ပြီး ကျန်သူတွေတော့ အထိအခိုက်မရှိကြောင်းနဲ့ ကစ္ဆပနဒီ ခရီးသည်တင်ကားရဲ့ ဘယ်ညာ မှန်ပြတင်း၆ချပ်၊ နောက်မှန်နဲ့ မီးလုံးတွေ ကွဲသွားခဲ့သလို ၆ဘီးကားလေကာမှန်လည်း ကွဲသွားကြောင်း ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာဟာ မြောက်ဦးနဲ့ မင်းပြားကြား မြောင်းဘွေအလွန် ဆပ်ကျနဲ့ တန်းဆိပ်ခေါ် မူဆလင်ကျေးရွာ ၂ရွာအကြားမှာ ဖြစ်ပွားတာလည်း ဖြစ်တာလို့လည်း ဒေသခံတချို့က ပြောဆိုပါတယ်။

“ဖြစ်တာတော့ ဒီ မြောင်းဘွေက အလွန် ဆပ်ကျနဲ့ တန်းဆိပ် ကုလားရွာ အကြားမှာဖြစ်တာ။ အဲဒီနားမှာ ကားလေးအရှောင် တစီးနဲ့ တစီးရှောင်ဖို့ လုပ်နေတဲ့ အချိန်မှာ ဗုံးက ၃လုံးထပေါက်တာလို့ ပြောတယ်။ လမ်းသွယ်ဘယ်ညာ ၂ဖက်စလုံးက ပေါက်တာပါ။ ”

မင်းပြားမြို့ မြို့မ ရဲစခန်းက စခန်းမှုး ဒုရဲမှူး သိန်းထိုက်က ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အမှုဖွင့်စုံစမ်းနေကြောင်း ပြောပါတယ်။

“ ဖောက်ခွဲမှုပေါ့။ မင်းပြားမြို့မရဲစခန်း ပ ၁၇၄/ ၂၀၁၇ ပေါ့။ ၁၉၀၈ခုနှစ် ပေါက်ကွဲစေ တတ်သော ပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃အရ ဖွင့်လှစ်ပြီးတော့ စုံစမ်းစစ်ဆေးနေ ပါတယ်။”

အခင်းဖြစ်ပွားတာနဲ့ပတ်သက်ပြီး အခုလို ဆက်ပြောပါတယ်။

“စစ်ကားကရှေ့ကသွားတယ်။ နောက်က အရပ်ကားလိုက်တယ်။ ရှေ့ဆင့်နောက် ဆင့်ပေါ့ဗျာ။ အဲလိုပဲ ပြောရမှာပေါ့။ စစ်ယာဉ်တန်းသီးခြားတော့ မဟုတ်ဘူးဗျ။ ရှေ့က စစ်ယာဉ်တန်းကျော်သွားပြီး နောက်က အရပ်ကားကို ထိတာ။”

ပေါက်ကွဲမှုဖြစ်ပွားတဲ့ဒေသတွင်းမှာ အရင်က အခုလို ပေါက်ကွဲ တာမျိုးဖြစ် ပွားတာ မရှိခဲ့ဘူးကြောင်း ဒေသခံတွေက ပြောပါတယ်။ လတ်တလောအခြေအနေမှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ ARSA ခေါ် အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသဖက်တွေမှာ လှုပ်ရှားတာတွေရှိသလို AA ခေါ် ရခိုင်လက်နက်ကိုင် အဖွဲ့ကလည်း ချင်းပြည်နယ် ပလက်ဝနဲ့ ကျောက်တော်မြို့နယ်အတွင်းမှာ လှုပ်ရှားတာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG