သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသခံအချို့ နေရပ်ပြန်


ဒေသခံတချို့ကို လုံခြုံရေးတပ်များလိုက်ပို့နေစဉ်
ဒေသခံတချို့ကို လုံခြုံရေးတပ်များလိုက်ပို့နေစဉ်

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ နယ်မြေအေးချမ်းတည်ငြိမ်လာပြီဆိုပေမဲ့ တိမ်းရှောင်နေတဲ့ ဒေသခံ တိုင်းရင်းသား အများစုကတော့ နေရပ်ရင်းပြန်ဖို့အတွက်ကို စိုးရိမ်နေဆဲရှိနေပါတယ်။ အစိုးရသတင်း ထုတ်ပြန် ရေး အဖွဲ့ကတော့ ကယ်ဆယ်ရေးစခန်းတွေကို တိမ်းရှောင်လာသူ ၁ထောင်၄ရာကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင် တွေက စောင့်ရှောက်ပြီး နေရပ်ရင်း ပြန်ပို့ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တွေ အတွင်းမှာ အကြမ်းဖက် တိုက်ခိုက်တာတွေဖြစ်ပွားပြီး ရက်သတ္တ၂ပတ်ကျော် ကြာမြင့်လာချိန်မှာ လုံခြုံရေးအခြေအနေဟာ တည်ငြိမ်စပြုလာနေပြီဖြစ်ပါတယ်။

ဒီလို တည်ငြိမ်လာတာကြောင့် ကြိမ်ချောင်းကယ်ဆယ်ရေးစခန်း၊ တောင်ပြိုလက်ဝဲကယ်ဆယ်ရေးစခန်း၊ ငါးကျည်တောက်ကယ်ဆယ်ရေးစခန်း၊ အင်းဒင်ကျေးရွာကယ်ဆယ်ရေးစခန်းနဲ့ ငါးခုတ်ချောင်းတပ်နယ်က နယ်မြေခံ တပ်ရင်းတွေမှာ တိမ်းရှောင်လာသူ ဒေသခံ တိုင်းရင်းသား ၁၄၇၂ယောက်ကို လုံခြုံရေးတပ်ဖွဲ့တွေက စောင့်ရှောက်လိုက်ပါပြီး မူလနေရပ်ရင်းကို ပြန်လည်ပြောင်းရွှေ့ပေး ခဲ့ကြောင်း အစိုးရရဲ့သတင်းထုတ်ပြန်ရေး ကော်မတီက ဒီလ ၁၂ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မောင်တောမြို့ အရေးပေါ်ကူညီထောက်ပံ့ရေးကော်မတီဥက္ကဌ ဦးထွန်းအေးသိန်းကတော့ သူတို့ ကူညီထား သူတွေထဲက နေရပ်ပြန်တာမရှိသေးကြောင်း ပြောပါတယ်။

“ ကျနော်တို့ ဒီနယ်ကို ပြန်သွားတဲ့သူ တယောက်မှ မရှိသေးပါဘူး။ နယ်ကနေပြီး ပြန်လာတဲ့သူတွေရှိပါတယ်။ ကျနော်တို့ သာသနဗိမာန် အရေးပေါ် ကူညီထောက်ပံ့ရေးကေ်ာမတီ မှာ လက်ခံထားပါတယ်။ လေသာတောင်က မနေ့ကဆိုရင် လေသာတောင်က ၁၀၀ကျော်ကျော်လောက် ကျနော်တို့ ဆီမှာ ရှိပါတယ်။ ဒီမှာက ကိုယ့်နေရာကိုယ် ပြန်တဲ့သူ မရှိသေးပါဘူး။ မောင်တောလုံခြုံရေးအခြေအနေက မြို့ပေါ်မှာတော့ စိုးရိမ်စရာမရှိပါဘူး။ ဒါပေမဲ့ နယ်မှာတော့ လုံး၀ မရှိသေးဘူး။ ကျေးရွာတွေမှာ ရွာကို စောင့်တဲ့လူ အယောက် ၂၀-၃၀ အဲလောက်ပဲ ရှိပါတယ်။ မောင်တောမြို့ကနေ နယ်ကို သွားတဲ့ ဒုက္ခသည် မရှိသေးပါဘူး။ ”

မောင်တောမြို့ပေါ်မှာတော့ လုံခြုံရေးအခြေအနေ တိုးတက်လာတာကြောင့် စာသင်ကျောင်း ၄ကျောင်းကို ဒီရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်ထားကြောင်းလည်း မြို့နယ် ပညာရေးမှူး က ပြောပါတယ်။

စစ်တွေမြို့က ကယ်ဆယ်ရေးစခန်းအဖြစ် ဖွင့်လှစ်ထားတဲ့ မဟာဇေယျသိဒ္ဓိပဌာန်းကျောင်းက ဆရာတော် ဦးသီဟဉာဏကတော့ တိမ်းရှောင်သူတွေနေရပ် ပြန်တဲ့ အခြေအနေကို အခုလို မိန့်ကြားပါတယ်။

“ နေရပ်ပြန်တဲ့သူတွေကတော့ ရှိတာပေါ့ ဒကာကြီး။ လုံခြုံရေးစိတ်ချရလို့တော့ မဟုတ်ပါဘူး။ သူတို့က အဲဒီမှာ စီးပွားရေးတွေနဲ့ အလုပ်အကိုင်တွေနဲ့ဆိုတော့လည်း သူတို့ စီးပွားရေးကို စိတ်မချလို့ ပြန်တာဖြစ်မှာပေါ့။ လုံခြုံရေးကြောင့်တော့ ဟုတ်မှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂ရက်နေ့က မနေ့တနေ့ကခင် ပြန်တဲ့သူကတော့ ၂၀လောက်တော့ ရှိတာပေါ့။ ”

မဟာဇေယျသိဒ္ဓိပဌာန်းကျောင်းမှာ လောလောဆည် လူ ၂၀၀ကျော်လောက် ခိုလှုံနေပြီး အများစုဟာ မောင်တောမြို့နယ်ကဖြစ်ကြောင်းလည်း မိန့်ကြားပါတယ်။

စစ်တွေမြို့က အနောက်တံခါးကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးအောင်ဌေးကတော့ တိမ်းရှောင်လာသူတွေထဲက နေရပ်ပြန်သူတချို့ရှိပေမဲ့ လုံခြုံရေးအခြေအနေကို စိုးရိမ်နေကြဆဲရှိကြောင်း ပြောပါတယ်။

“ ဟိုးတနေ့ကစလို့ အစိုးရကနေ အဲဒီဖက်မှာ ပြန်ချင်ပြန်လို့ ရပါပြီ။ ပြန်ပို့ပေးမယ်ဆိုပြီးတော့ အစီအစဉ်တခု လုပ်တယ်ဗျ။ တချို့ကတော့ အဲဒီမှာ ခင်ပွန်းတွေ ကျန်ခဲ့တယ်။ နောက်ပြီးတော့ ကျွဲတွေ၊နွားတွေ လယ်ယာတွေ ကျန်ခဲ့တဲ့လူတွေကတော့ ပြန်ချင်တယ်ပေါ့နော်။ လက်ရှိအခြေအနေအရလည်း သူတို့က ပြန်ရမှာလည်း စိုးရိမ်တဲ့သူရှိတယ်။ တချို့က ပြန်မယ့်သူတွေလည်း ရှိတယ်။ ပြန်တဲ့သူတွေရှိတယ်ဆိုတဲ့ပေါ်မှာ မိသားစုလိုက် အစုလိုက်ပြန်တဲ့ပုံစံမျိုးတော့ မဟုတ်ဘူးဗျ။ ”

လောလောဆည် စစ်တွေမြို့မှာ ကယ်ဆယ်ရေးစခန်း ၃၀လောက်ရှိပြီး အိမ်ထောင်စု ၁၅၀၀ကျော် လူဦးရေ ၅ထောင်ကျော်လောက်ရှိကြောင်း၊ စခန်းတွေမှာ လူအဝင်အထွက် အမြဲတမ်းရှိတာကြောင့် စာရင်း အတိအကျမကောက်ယူနိုင်ကြောင်းလည်း ပြောပါတယ်။

ဒီကနေ့အထိလည်း တိမ်းရှောင်သူတွေ စစ်တွေမြို့ကို ရောက်လာဆဲရှိကြောင်းလည်း ဦးအောင်ဌေးက ဆက်ပြောပါတယ်။

“ ဒီနေ့ ရောက်လာတဲ့ သင်္ဘောမှာ ပါလာတဲ့ အုပ်စုဆိုရင် မြောက်ဦးကို ပါသွားကြတယ်ခင်ဗျ။ သူတို့က ချင်းလူမျိုးတွေ လို့ ပြောသွားတယ်။ စစ်တွေ စခန်းကို မဝင်တော့ပါဘူးတဲ့။ မြောက်ဦးကို သွားပါမယ်ဆိုပြီး မြောက်ဦးကို ထွက်သွားတာမျိုး ရှိပါတယ်ဗျ။ ဒီနေ့ ရောက်လာတဲ့ သင်္ဘောပေါ်က လူတွေကတော့။ သူတို့ဆီ မှာလည်း ခန့်မှန်းခြေ ၇၀လောက်တော့ ပါမယ်ထင်ပါတယ်။ အဲလိုမျိုးအဖွဲ့တွေလည်း အများကြီးရှိပါတယ်။ ကျောက်တော်သွားတယ်။ မြောက်ဦးသွားတယ်။ ပုဏ္ဍားကျွန်းသွားတယ်။ အဲလိုဟာမျိုးပေါ့နော။ ”

သြဂုတ်လ ၂၅ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ဒေသခံ တိုင်းရင်းသားနဲ့ ဟိန္ဒူဘာသာဝင် ၂သောင်း ၆ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသလို အစ္စလာမ်ဘာသာဝင် ၃သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်းကတော့ အကြမ်းဖက်တိုက်ခိုက်မှုမှာ မပါဝင်တဲ့ တိမ်းရှောင် မူဆလင်တွေ နေရပ်ပြန်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ဖို့ မူဆလင် ဘာသာရေးခေါင်းဆောင်တွေနဲ့ ရပ်မိရပ်ဖတွေက မောင်တောဒေသခံ အာဏာပိုင်တွေကို ဆွေးနွေးခဲ့သလို အစိုးရကလည်း ၈ရက်နေ့မှာ နေရပ်စွန့်ခွာထွက်ပြေးသူတွေကို အထောက်အပံ့ပေးနိုင်အောင် ယာယီစုစည်းစခန်းတွေဆက်သွယ်ဖို့ ထုတ်ပြန်ထားပါတယ်။

ရခိုင်ဒေသခံများအချို့ နေရပ်ပြန်
please wait

No media source currently available

0:00 0:04:33 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG