သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ ဒေသခံတွေကို စစ်တပ်ကခေါ်ယူစစ်ဆေးနေ


(Zawgyi/Unicode)

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ထဲက ရွာသာယာကျေးရွာမှာ ဒေသခံတွေကို မြန်မာစစ်တပ်က ခေါ်ယူူစစ်ဆေးနေတာတွေကြောင့် ဒေသခံတွေအကြား စိုးရိမ်ထိတ်လန့်နေကြပါတယ်။ စစ်တပ်ဘက်တော့ ဒါဟာစစ်ဆင်ရေးအခြေအနေမှာ ဆောင်ရွက်တာဖြစ်ပြီး ခေါ်ယူ စစ်ဆေးပြီးတဲ့သူတွေကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာရှိတဲ့ ရွာသာယာဒေသခံ ၅ဦးကို မနေ့က မနက်ပိုင်းမှာ တပ်မတော်က ခေါ်ယူစစ်ဆေးတာတွေလုပ်ခဲ့ပြီး၊ ဒီကနေ့မှာ ၃ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာပဲ နောက်ထပ် ၃ဦးကို ထပ်မံခေါ်ယူသွားတာကြောင့် ဒေသခံတွေ အနေနဲ့ စိုးရိမ်ကြောက်လန့်နေတာပါ။

စစ်သားအင်အား ၂၀၀ နီးပါးလောက် ရွာထဲကိုရောက်နေပြီး၊ ဒေသခံတွေကို ခေါ်ယူစစ်ဆေးတာတွေ လုပ်နေတယ်လို့ ရွာသာယာ ရွာခံတဦးက ပြောပါတယ်။

“မနေ့က မနက်ကတည်းက သူတို့ဝင်ပြီးတော့ ရွာသားတွေ ဘယ်သူမှ မဝင်ရ၊ မထွက်ရ။ ပိတ်လိုက်တာ အခုချိန်ထိပေါ့။ အခုချိန်ထိ ဘယ်မှမသွားရဘူး။ ကျတော်တို့ရွာက အိမ်ခြေလည်း ၃၇၀ လောက်ရှိတယ်။ ရွာသားအများအပြားက တနေ့လုပ်မှ တနေ့စားရတဲ့လူတွေ ဖြစ်တဲ့အတွက် အခုလိုပဲစစ်တပ်က မဝင်ရ၊ မထွက်ရ လုပ်ထားတယ်ဆိုလို့ရှိရင် ကျတော်တို့ရွာသားတွေရဲ့ စားဝတ်နေရေးတွေ နောက်ပိုင်းဆိုလို့ရှိရင် တော်တော်ကြီးအခက်အခဲ ဖြစ်လာနိုင်တယ်။”

စစ်တပ်ဘက်ကတော့ ရထားတဲ့သတင်းတွေကြောင့် ရွာထဲမှာလိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်နေပြီး ဒေသခံတွေကိုဖမ်းဆီးခေါ်ဆောင် သွားတာမဟုတ်ဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာပဲ ခေါ်ယူစစ်ဆေးမှုတွေ လုပ်နေတာလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

“ကျတော်တို့က လိုအပ်တဲ့စစ်ဆေးမေးမြန်းမှုတော့ စစ်ဆင်ရေးအခြေအနေမှာ လုပ်ရမှာ။ မလုပ်လို့ကတော့ ကျတော်တို့က မရဘူး။ မလုပ်လို့ရှိရင် ကျတော်တို့တပ်တွေ ခဏခဏ ဒီရွာအထွက်တွေမှာပဲ မိုင်းဆွဲခံရတယ်။ ကျတော်တို့ကလည်း ကျတော်တို့ရတဲ့သတင်းတွေ ရှိတာကိုး။ ဒီအပေါ်မှာ မှန်၊ မမှန်တော့ ကျတော်တို့က ရွာတွေထဲမှာတော့ ဝင်ပြီးတော့မှ လိုအပ်တဲ့စစ်ဆေးမှု လုပ်ရမယ်။ သူတို့သည် ဘာမှပါဝင်ပတ်သက်မှုမရှိဘူး၊ Clear ဖြစ်တယ်ဆို ကျတော်တို့က ပြန်လွှတ်ပေးလိုက်မှာပဲ။ အခုကလည်း ကျတော်တို့က ဖမ်းသွားတာလည်း မဟုတ်ဘူး။ အဲဒီရွာထဲမှာပဲ ကျတော်တို့က စစ်နေတာ။ ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ရှိတယ်။ အဲဒီရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ခေါ်စစ်နေတာပဲ။”

စစ်တပ်ဘက်က အဲဒီလို ဒေသခံတွေကို ခေါ်ယူစစ်ဆေးနေတာမျိုးတွေ လုပ်နေတာကြောင့် ဒေသခံတွေမှာ ကြောက်လန့်နေပြီး၊ အခုလိုအခြေအနေတွေအပေါ် သူတို့အနေနဲ့လည်း စိုးရိမ်ကြောင်း မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“ဒီနေရာမှာက ရွာကြီးဆိုလို့ အဲတရွာပဲရှိတယ်။ သူတို့ကလုပ်စားတာတွေက ဟိုးမှာတောင်ပေါ်မှာ လုပ်စားရတယ်။ ဆိုတော့ ဟိုဘက်နဲ့လည်း တွေ့ကောင်းတွေ့မှာပေါ့။ ကြောက်ပြီးတော့ ကူညီတာတွေလည်း ရှိမှာပေါ့။ အဲဒါမျိုးတွေကို သူတို့ဘက်က သတင်းဖော်ထုတ်တာ ထင်ပါတယ်။ ဆိုတော့ ဒီနေရာမှာတော့ သူတို့စစ်တပ်လာရင်လည်း ကူညီပေးရတာပဲ။ ဟိုဘက်က AA လာရင်လည်း ကူညီပေးရတာပဲ။ အဲသဘောရှိတယ်။ အဲလိုမျိုးဖြစ်နေတဲ့ အခြေအနေမျိုးမှာ ဒီလိုဆက်သွယ်တယ်၊ ထောက်ပံ့တယ်ဆိုပြီးတော့ အဲလိုဖော်ထုတ်နေမယ်၊ စစ်ဆေးနေမယ်၊ အဲလိုလုပ်နေရင်တော့ ရွာသားတွေကလည်း အဲရွာပိုပြီးတော့ ပျက်သွားဖို့ပဲရှိတော့တယ်။ အဲဒါ ကျတော်တို့ကလည်း စိုးရိမ်ပါတယ်။”

ရွာသာယာကျေးရွာမှာတော့ ဒီကနေ့ညနေအထိ စစ်တပ်က မသင်္ကာလို့ ခေါ်ယူစစ်ဆေးခံရတဲ့ ဒေသခံ ၅ဦးထိရှိနေပြီး၊ သူတို့ကို ပြန်မလွှတ်ပေးသေးတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA တို့ကြား ၁၀ လကျော်ကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံးသူဦးရေ ၉၀နီးပါးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၂၀ကျော်ထိ ရှိလာပြီး၊ AA နဲ့ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူလည်း ၂၀၀ ကျော်ထိရှိနေပြီလို့ ရခိုင်အရပ်ဘက် အဖွဲ့တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုအခြေအနေတွေကြား မြန်မာစစ်တပ်ကရော AA အဖွဲ့ကပါ အရပ်သားပြည်သူတွေနဲ့ တဘက်အဖွဲ့နဲ့ ဆက်စပ်သူတွေလို့ ယူဆပြီး ဖမ်းဆီးနေတာတွေဟာ တနေ့ထက်တနေ့ များပြားလာပါတယ်။

တိုက်ရိုက် လင့်ခ်


...................


(Unicode)












XS
SM
MD
LG