သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှအားကစား ရိုးရာလှေပြိုင်ပွဲ မြန်မာ ကြေးတံဆိပ်ဆု ထပ်မံရရှိ


အာရှအားကစားပွဲ ရိုးရာလှပြိုင်ပွဲမှာ မြန်မာအသင်း ကြေးတံဆိပ်ဆုရ
အာရှအားကစားပွဲ ရိုးရာလှပြိုင်ပွဲမှာ မြန်မာအသင်း ကြေးတံဆိပ်ဆုရ

တရုတ်နိုင်ငံ Hangzhou မြို့မှာကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲမှာတော့ မြန်မာနိုငံကက ရိုးရာလှေပြိုင်ပွဲမှာ ကြေးတံဆိပ်တခု ထပ်မံ ရရှိခဲ့ပါတယ်။ ကြာသပတေးနေ့က ကျင်းပတဲ့ အမျိုးသမီး မီတာ ၅၀၀ ပြိုင်ပွဲမှာ တတိယ ရခဲ့တာဖြစ်ပြီး နောက်ထပ်လည်း ဆုတံဆိပ်တွေရဖို့ မှန်းထားတယ်လို့ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ အာရှအားကစားပြိုင်ပွဲဘက်က အခြေအနေတွေကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

၁၉ ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲကို တရုတ်နိုင်ငံ Hangzhou မြို့မှာ ဆက်လက်ကျင်းပနေတာမှာ ကြာသပတေးနေ့ကတော့ မြန်မာနိုင်ငံက ရိုးရာလှေပြိုင်ပွဲမှာ ကြေးတံဆိပ်တခု ထပ်မံ ရရှိခဲ့ပါတယ်။ ရိုးရာလှေ ၁၂ ယောက်တွဲ မီတာ ၅၀၀ ၊ ပြိုင်ပွဲတွေကို မနေ့ကကျင်းပခဲ့တာမှာ မြန်မာက အမျိုးသားရော အမျိုးသမီး ၂ သင်းစလုံး ပြိုင်ခဲ့ပြီး အမျိုးသမီးပြိုင်ပွဲဘက်မှာ တတိယရရှိခဲ့တယ်လို့ တရုတ်နိုင်ငံ Wangzhou မြို့မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက ဗွီအိုအေကို ပြောပါတယ်။

"မီတာ ၅၀၀ ပြိုင်ပွဲပေါ့နော်၊ မီတာ ၅၀၀ မိန်းကလေးပြိုင်ပွဲမှာ အုပ်စုနှစ်စုခွဲပြီးတော့ ယှဥ်ပြိုင်တဲ့နေရာမှာ မြန်မာက အုပ်စုမှာ ဒုတိယရရှိခဲ့တဲ့အတွက်ကြောင့် ပြန်ပြီးတော့ ဆီမီးဖိုင်နယ်တပွဲကို ထပ်ပြီးတော့ ပြန်လှော်ရပါတယ်။ လှော်တဲ့အချိန်မှာ ဆီမီးဖိုင်နယ်မှာက ဖိုင်နယ်တက်ပြီးတော့ ဖိုင်နယ် ၆ သင်းမှာ မြန်မာအနေနဲ့ နောက်ဆုံး တတိယကြေးတံဆိပ်ကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကတော့ အမျိုးသမီးပြိုင်ပွဲရလဒ် ဖြစ်ပါတယ်။​ အမျိုးသမီးကတော့ တတိယ ကြေးတံဆိပ်ရရှိခဲ့ပါတယ်။ အမျိုးသားကတော့ အဆင့် ငါး နဲ့ပဲ​ကျေနပ်ခဲ့ရပါတယ်။"

ဖိုင်နယ်ကို ၆ နိုင်ငံပြိုင်ခဲ့ကြတာမှာ အိမ်ရှင် တရုတ်နိုင်ငံက ပထမ၊ အင်ဒိုနီးရှားက ဒုတိယ၊ မြန်မာကတတိယ ရပြီး၊ ထိုင်း၊ မြောက်ကိုရီးယား နဲ့တောင်ကိုရီးယားနိုင်ငံတွေက အဆင့် ၄ ၊ ၅ ၊ ၆ အသီးသီးရရှိခဲ့ကြတာဖြစ်ပါတယ်။

မြန်မာအားကစားအဖွဲ့ဟာ အောက်တိုဘာ ၄ ရက်နေ့ကလည်း ပိုက်ကျော်ခြင်း အမျိုးသား ၄ ယောက်တွဲမှာ ရွှေတံဆိပ်ရခဲ့ပြီး အခုတခါ ရိုးရာလှေကနေ ကြေးတံဆိပ်တခုထပ်ရလိုက်တဲ့အတွက် ဒါဟာ မြန်မာအားကစားအဖွဲ့အတွက်တော့ ဒီပြိုင်ပွဲမှာ ဒုတိယမြောက် ဆုတံဆိပ်ရရှိတာဖြစ်ပါတယ်။ အခုလို အာရှ အားကစားပြိုင်ပွဲမှာ ဆုရရှိတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူတယ်လို့ ဦးသောင်းထိုက်မင်းက ကပြောပါတယ်။

"အင်အားကြီးပြိုင်ပွဲတွေထဲမှာ ဆုရရှိဖို့ဆိုတာ တော်တော်လေး မြန်မာအသင်းက ခက်ခက်ခဲခဲနဲ့ ယှဥ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ အခုလို ခက်ခဲတဲ့ပြိုင်ပွဲမှာ ဆုတံဆိပ်တခု စတင်ရရှိခဲ့တာက ကျနော်တို့အတွက် အရမ်းကို ပျော်ရွှင်စေပါတယ်။​ အဓိက ကတော့ ကျနော်တို့ မြန်မာ့အားကစားဟာ အားကစား...မှာတော်တော်လေးကို ကျဆင်းလာခဲ့တာဖြစ်တယ်။​အဲဒီအတွက် ကိုယ်နိုင်တဲ့ဘက်ကနေ ကစားသမားရော၊ အုပ်ချုပ်သူရော၊ အဖွဲ့ချုပ်ဥက္ကဋ္ဌတွေရော ကိုယ်နိုင်တဲ့ ကိုယ်ဆောင်ရွက်ပေးနိုင်တဲ့ဟာမှန်သမျှ ကိုယ့်နိုင်ငံနဲ့ပြည်သူအတွက်ကို ကြိုးစားပြီးတော့ ဆောင်ရွက်ပေးနေတယ်ဆိုတဲ့ အကြောင်းလေးနဲ့ အဲဒီအပေါ်မှာရရှိတဲ့အောင်မြင်မှုကိုလည်း ကျနော်တို့ အမြဲတမ်းဂုဏ်ယူပြီးတော့ ဝမ်းမြောက်သွားမယ်ဆိုတာလေးကိုလည်း အသိပေးချင်ပါတယ်။"

ရိုးရာလှေပြိုင်ပွဲတွေကို အောက်တိုဘာ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပတာဖြစ်ပြီး အဲဒီမှာ မီတာ ၂၀၀၊ မီတာ ၅၀၀ နဲ့ မီတာ ၁,၀၀၀ ဆိုပြီး ပြိုင်ကြတာဖြစ်ပါတယ်။ အောက်တိုဘာ ၄ ရက်နေ့က ပြိုင်ခဲ့တဲ့ မီတာ ၂၀၀ ပြိုင်ပွဲတွေမှာ အမျိုးသားဘက်မှာရော အမျိုးသမီးဘက်မှာပါ အိမ်ရှင် တရုတ်အသင်းကပဲ ရွှေတံဆိပ်တွေရခဲ့ပြီး မြန်မာက စတုတ္ထပဲ ရခဲ့တာပါ။ ရိုးရာလှေ မီတာ ၁,၀၀၀ ပြိုင်ပွဲကိုတော့ အောက်တိုဘာ ၆ ရက် သောကြာနေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ မီတာ ၁,၀၀၀ ပြိုင်ပွဲတွေမှာ ဘယ်လောက်အထိ မျှော်မှန်းထားသလဲဆိုတဲ့အပေါ်မှာတော့ ဦးသောင်းထိုက်မင်း ပြောတာက

"မီတာ ၁,၀၀၀ ပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့် အဲဒီပြိုင်ပွဲ ယောက်ကျားလေးရော မိန်းကလေးရော ဆုတံဆိပ်ရရှိမယ်လို့ မျှော်လင့်ထားတဲ့ ကိုယ့်ရဲ့ပွဲစဥ်တခုဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာအသင်းအနေနဲ့ မီတာ ၁,၀၀၀ ပွဲမှာတော့ အစွမ်းကုန် ဆုဆက်ပြီး ရရှိနိုင်ဖို့အတွက်ကို ကြိုးစားပြီးတော့ ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ်။​

အောက်တိုဘာ ၅ ရက်နေ့ ကြာသပတေးနေ့အထိ နောက်ဆုံးရရှိတဲ့ စာရင်းတွေအရတော့၊ အိမ်ရှင်တရုတ်နိုင်ငံက ရွှေ ၁၇၉ ခု၊ ငွေ ၉၉ ခု၊ ကြေး ၅၅ ခု နဲ့ ပထမနေရာမှာ ရပ်တည်နေပြီး၊ ဂျပန်နိုင်ငံက ရွှေ ၄၄ ၊ ငွေ ၅၄၊ ကြေး ၆၀ နဲ့ ဒုတိယ၊ တောင်ကိုရီးယားနိုင်ငံက ရွှေ ၃၃ ၊ ငွေ ၄၇၊ ကြေး ၇၇ ခု နဲ့ တတိယ နေရာမှာ ရပ်တည်နေပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတော့ ထိုင်းနိုင်ငံက ဆုတံဆိပ်အများဆုံးရထားပြီး ရွှေ ၁၀ ခု ၊ ငွေ ၁၂ ခု ၊ ကြေး ၂၇ ခု နဲ့ အဆင့် ၇ နေရာရပ်တည်နေပြီး မြန်မာနိုင်ငံကတော့ ရွှေ ၁ ခု ကြေး ၁ ခု နဲ့ အဆင့် ၂၇ မှာ ရပ်တည်နေပါတယ်ခင်ဗျာ။

XS
SM
MD
LG