သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်နွယ်ဟု ဒေါ်စုပြောဆို


ဗြိတိန်နိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံသား ၃၀၀ လောက်နဲ့တွေ့ဆုံ
ဗြိတိန်နိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံသား ၃၀၀ လောက်နဲ့တွေ့ဆုံ

ဗြိတိန်နိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်မှာရှိတဲ့ မြန်မာနိုင်ငံ သားတွေနဲ့ ဒီကနေ့ မနက်ပိုင်း လန်ဒန်မြို့မှာတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ နိုင်ငံဖွံ့ဖြိုးရေး ဆက်စပ်နေမှု၊ ၂၁ ရာစု ပင်လုံညီခံနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးပေါ် သဘောထား၊ အခြေခံပညာရေးစနစ် ပြုပြင် ပြောင်းလဲမှု အခြေအနေ တချို့ကို ရှင်းပြသွားခဲ့ပါတယ်။ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဥရောပ ၃ နိုင်ငံခရီးစဉ်ရဲ့ နောက်ဆုံးခရီး တထောက်အဖြစ် ဗြိတိန်နိုင်ငံမှာ ရောက်နေပြီး မေလ ၉ရက် ဒီကနေ့ မနက်ပိုင်းမှာတော့ ဗြိတိန်ရောက် မြန်မာနိုင်ငံသား ၃၀၀ လောက်နဲ့ လန်ဒန်မြို့က The Landmark London ဟိုတယ်မှာတွေ့ဆုံခဲ့တာပါ။ ဒီလိုတွေ့ ဆုံမှုအတွင်း မြန်မာနိုင်ငံမှာ မွေးဖွားလာသူတွေဟာ ဘယ်နိုင်ငံရောက်ရောက် မြန်မာနိုင်ငံရဲ့မိသားစုဝင်တွေအဖြစ် ခံယူကြောင်း ပြောသွားပြီး၊ အားလုံးက မိမိတို့တတ်နိုင်တဲ့ဘက်က ပါဝင်လုပ်ဆောင်မှသာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ရောက်မှာဖြစ်တယ်လို့ တိုက်တွန်း သွားပါတယ်။

တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု အမှုအကျင့်တွေ ပြောင်းလဲလာပြီလားဆိုတဲ့ ကရင် တိုင်းရင်းသားတဦး ရဲ့ မေးခွန်းနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားသွားပါတယ်။

“ကျမတို့အနေနဲ့ ပြောင်းလဲဖို့လည်း အများကြီးလုပ်နေပါတယ်။ အတိုင်းအတာ တခုအထိလည်း ပြောင်းလဲပြီလို့ ကျမတို့ ယူဆပါတယ်။ သို့သော်လည်း အပြည့်အဝပြောင်းလဲတယ်၊ မပြောင်းလဲဘူးဆိုတာ နောက်ဆုံးကျတော့ ပြည်သူလူထုက ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အစိုးရဆိုတာ ကိုယ်လုပ်နေတဲ့စီမံကိန်းတွေ ကိုယ်ဦးတည်နေတဲ့ကိစ္စတွေ အောင်မြင်ပြီလို့ ပြောပိုင်ခွင့်ဟာ ၁၀၀ ရာခိုင်နှုန်း မရှိပါဘူး။ တကယ်အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ ပြည်သူလူထုက ဆုံးဖြတ်ရမှာဖြစ် ပါတယ်။ပြည်သူက ဆုံးဖြတ်တဲ့အခါဆိုရင်လည်း အမြင်ကျယ်ကျယ်နဲ့ ဆုံးဖြတ်ရမှာဖြစ် ပါတယ်။ ကိုယ်လိုချင်တာမရလို့ မအောင်မြင်ဘူးလို့ပြောလို့မရပါဘူး။ ကိုယ်လိုချင်တာ ရဖို့အတွက်မဟုတ်ဘူး ကိုယ့်နိုင်ငံတနိုင်ငံလုံးအတွက် ကောင်းဖို့ဖြစ်ပါတယ်။ ဒီအချိန်မှာ ကြုံတုန်းပြောရမယ်ဆိုရင် ကျမတို့ကရင် ကရင်တိုင်းရင်းသားများဟာ ကျမတို့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ အများကြီး ပံ့ပို့ကူညီပါတယ်။ ထောက်ပံ့ပါတယ်။ ဒါအတွက်လည်း တကယ်ကို ကျေးဇူးတင်ပါတယ်။”

ဖွဲ့စည်းပုံပြင်ဆင်ရေးအလားအလာ တွေနဲ့ပတ်သက်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။

“ကျမတို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစိုက်မတ်မတ် ဆန့်ကျင်ခဲ့ပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်း၊ စံထားတွေနဲ့ မကိုက်ညီဘူး ဆိုပြီးတော့ ပြည်သူ့ဆန္ဒ ခံယူပွဲလုပ်ကတည်းက ဆန့်ကျင်ခဲ့ ပါတယ်။ဒါပေမယ့်လည်း ကျမအမြဲပြောပါတယ်။ ကျမတို့နိုင်ငံမှာ အရေးကြီးဆုံးက ဘာလဲဆိုတော့ တရားဥပဒေ စိုးမိုးရေးပဲ။ ဘာဖြစ်လို့ တရားဥပဒေ စိုးမိုးရေးက အရေးကြီး သလဲဆိုတော့ တရားဥပဒေစိုးမိုးရေးမရှိဘူးဆိုရင် ဒီနိုင်ငံဟာ တည်ငြိမ်နိုင်မှာမဟုတ်ဘူး။ တည်ငြိမ်နိုင်မှုမရှိတဲ့နိုင်ငံဟာ ဘယ်လိုမှ ငြိမ်းချမ်းရေးရနိုင်မှာမဟုတ်ဘူး။ အခုဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အင်မတန်မှကို ဆက်နွယ်နေပါတယ်။ NCA သဘောတူညီမှု ထဲမှာလည်း ပါပါတယ်။ ဒီ ၂၁ ပင်လုံညီလာခံ ကနေတဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တခုဖြစ်အောင်လို့ ပြုပြင်ပြောင်းလဲ သွားရမယ်ဆိုတာ ပါပြီးသားပါ။”

ဒီနှစ်ဟာ ငြိမ်းချမ်းရေးနှစ်လို့ NLD အစိုးရက ကြေညာလုပ်ဆောင်နေပေမယ့် အားမလို အားမရဖြစ်စရာ အခြေအနေတွေ ရှိလာတယ်ဆိုတဲ့ မေးမြန်းချက် ကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ခုလို တုန့်ပြန်သွားပါတယ်။

“အဲဒီတော့ အားမရတဲ့သူတွေက ဝင်ပြီးလုပ်ဖို့ လိုပါတယ်။ အားမရဘူးဆိုတဲ့သူတွေ အားလုံးကသာ ဝိုင်းဝန်းပြီးတော့ ကူညီမယ် ဆိုလို့ရင် မုချမသွေ ကျမတို့အောင်မြင် ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျမတို့ဟာ ညီလာခံတခုထဲနဲ့ အားလုံးအောင်မြင်မှု ရမယ်လို့လဲ - ဒီလိုလည်း ကျမတို့ မမျှော်မှန်းပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ တခြားနိုင်ငံတွေ ကြည့်လိုက်ပါ၊ တော်တော့ကို လုပ်ယူရတဲ့ကိစ္စပဲ။ ကျမတို့နိုင်ငံမှာ ဆိုလို့ ရှိရင် လွတ်လပ်ရေး ရပြီးကတည်းက ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ အပြည့်အဝ မရှိခဲ့ ပါဘူး”

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်မှာ အခြေခံပညာရေးစနစ်ပြောင်းလဲမှုတချို့နဲ့ ပတ်သက်လို့ လုပ်ဆောင်စရာတွေ ဆက်ရှိနေသေးကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသွား ပါတယ်။

“ကျမတို့နိုင်ငံဟာ ပညာရေးစနစ်ကို ပြောင်းတဲ့နေရာမှာ မူလတန်းပညာရေးကို မြှင့်တင် ရမယ်၊ ခိုင်မာအောင်လုပ်ရမယ်။ အခြေခိုင်မှ အမြစ်က ခိုင်မှ ကျမတို့အပင်ကနေပြီးတော့ သန်သန်မာမာနဲ့ ကြီးထွားလာမှာပါ။ နောက်ပြီးတော့ ကျမတို့ရဲ့ စာမေးပွဲစနစ် ကိုလဲ ပြောင်းရမယ်။ စာမေးပွဲစနစ် ပြောင်းတဲ့နေရာမှာ ကျမတို့က အမှတ်ပေးတဲ့စနစ် မဟုတ်ပဲနဲ့ Grading ပေါ့နော်၊ A-B-C အဲဒီစနစ်ကို ကျမတို့ ပြောင်းပြီးတော့ သုံးပါတယ်။ သုံးတဲ့အခါမှာ ဘာတွေ့ရလဲဆိုတော့ ကလေးတွေက ကြိုက်တယ်တဲ့… ဘာလို့လဲဆိုတော့ သူတို့ပေါ်မှာ ဖိအားပေးမှုတွေ ပိုနည်း လာတယ်ပေါ့နော်။ pressure ပိုနည်းလာတယ်တဲ့ .. ဒါပေမဲ့ မိဘတွေက မကြိုက်ဘူးတဲ့၊ ဘာဖြစ်လို့ မကြိုက်လဲဆိုတော့ အမှတ်ပေးစနစ်နဲ့ ကြည့်လိုက်လို့ရှိရင် ဟိုဘက်အိမ်က ကလေးဟာငါ့ကလေးထက် အမှတ် ၃မှတ်ပိုများ လို့ရှိရင်၊ ငါ့တို့ကျူရှင်ဆရာမက အလုပ်မလုပ်လို့ဆိုပြီး သတ်မှတ်လို့ ရလို့တဲ့ …”

ဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗြိတိန်ခရီးစဉ် နောက်ဆုံးနေ့ဖြစ်ပြီး မေလ ၄ ရက် ကြာသပတေးနေ့ကတည်းက ဗြိတိန်ကို ရောက်နေတာ ဖြစ်ပါတယ်။ ဧပြီလ ၃၀ ရက်နေ့က ဥရောပ ခရီးစဉ် စတင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လ်ဂျီယံ၊ အီတလီနဲ့ ဗြိတိန်နိုင်ငံတွေကို ခရီးထွက်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG