သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အပြောင်းအလဲတွေ ကိုယ်တိုင်လာလေ့လာဖို့ ဒေါ်စုဖိတ်ခေါ်


Freedom of the City ဆုကို ဒေါ်အောင်ဆန်းစုကြည်လက်ခံမိန့်ခွန်းပြော (Ministry of Foreign Affairs Myanmar)
Freedom of the City ဆုကို ဒေါ်အောင်ဆန်းစုကြည်လက်ခံမိန့်ခွန်းပြော (Ministry of Foreign Affairs Myanmar)

မြန်မာအစိုးရလုပ်နေတဲ့ အပြောင်းအလဲတွေနဲ့ အခက်အခဲတွေကို သိရအောင် လန်ဒန်မြို့သူ မြို့သားတွေကိုယ်တိုင်လာကြည့်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်လိုက်ပါတယ်။ လန်ဒန်မြို့တော်ကပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဆုတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ Freedom of the City ဆုကို ဒေါ်အောင်ဆန်းစုကြည်လက်ခံရယူစဉ်မှာ ခုလိုဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့တုန်းက ဒီဂုဏ်ထူးဆောင်ဆုကို လက်ခံယူခဲ့တဲ့အပြင် ဗြိတိန်ကာကွယ်ရေးဝန်ကြီးနဲ့လည်း တေ့ွဆုံခဲ့ပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာတော့ ဗြိတိန်ရောက် မြန်မာလူမျိုးတွေနဲ့ ဒီကနေ့တွေ့ဆုံမှာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

Freedom of the City ဆုကို ဒေါ်အောင်ဆန်းစုကြည်လက်ခံ
Freedom of the City ဆုကို ဒေါ်အောင်ဆန်းစုကြည်လက်ခံ

မြန်မာနိုင်ငံမှာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအပြောင်းအလဲတွေကို အကြမ်းမဖက်တဲ့နည်းနဲ့ ရရှိပြောင်းလဲအောင်ကြိုးစားခဲ့သူဖြစ်တာကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လန်ဒန်မြို့တော်က Honorary Freedom ဂုဏ်ထူးဆောင်ဆုကို ပေးအပ်ခဲ့ပါတယ်။ လန်ဒန်မြို့တော်အကြီးအကဲတွေက ရွေးချယ်ပေးအပ်တဲ့ဆုတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ Honorary Freedom of the City of London ဘွဲ့ပေးပွဲကို လန်ဒန်မြို့က အထင်ကရ Guildhall အဆောက်အဦးထဲမှာ အခမ်းအနားနဲ့ တနင်္လာနေ့ကကျင်းပခဲ့ပါတယ်။ ဒီဂုဏ်ပြုဘွဲ့ပေးပွဲကို တက်ရောက်ခွင့်ရသူတယောက်ဖြစ်တဲ့ လန်ဒန်မြို့မှာနေသူ မတူးမာက ဒေါ်အောင်ဆန်းစုကြည်ဂုဏ်ပြုခံရတာဟာ မြန်မာလူမျိုးအားလုံး၊ မြန်မာတနိုင်ငံလုံးအတွက် ဂုဏ်ယူစရာဖြစ်တယ်လို့ ခုလိုပြောပါတယ်။

“ဒီဘွဲ့က လန်ဒန်မြို့ဂုဏ်ထူးဆောင်အနေနဲ့ ပေးအပ်တဲ့ဘွဲ့တွေထဲမှာ အမြင့်ဆုံးဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ တကယ်ဆိုရင် မြန်မာပြည်သူတယောက်အနေနဲ့ အရမ်းဂုဏ်ယူစရာကောင်းပါတယ်။ ဒီဘွဲ့မျိုးက တောင်အာဖရိကနိုင်ငံမှာ ငြိမ်းချမ်းစွာလွတ်လပ်ရေးကို တိုက်ပွဲဝင်ခဲ့တဲ့ Nelson Mandela တို့၊ Desmond Tutu တို့ကို ပေးတဲ့ဘွဲ့မျိုးလည်းဖြစ်သလို လန်ဒန်မြို့ရဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့လည်းဖြစ်တဲ့အတွက် တကယ်တော့မြန်မာလူမျိုးတယောက်အနေနဲ့သာမကာ မြန်မာတိုင်းပြည်တခုလုံးအနေနဲ့ အင်မတန်ကို ဂုဏ်ယူထိုက်တဲ့ဘွဲ့တခုဖြစ်ပါတယ်။ အတွေ့အကြုံကိုပြောမယ်ဆိုရင်တော့ ပွဲကတော့ မြန်မာလူမျိုးတွေအများစု တက်တဲ့ပွဲမဟုတ်ဘူးပေါ့နော်၊ သူတို့အဓိကဖိတ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့၊ မြန်မာပြည်ဘက်က အဖွဲ့အစည်း နောက်ပြီးတော့ commonwealth ကလူတွေ အများစုတက်တယ်။ မြန်မာကတော့ အနည်းစုပါပဲ အမသိသလောက်ကတော့ ၃၅ယောက်ပဲ ဖိတ်တယ်လို့ ပြောပါတယ်။”

Freedom of the City ဆုပေးပွဲကို တက်ရောက်လူသူများ
Freedom of the City ဆုပေးပွဲကို တက်ရောက်လူသူများ

ဂုဏ်ပြုဘွဲ့လက်ခံယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကားပြောခဲ့တာမှာ လန်ဒန်မြို့ရဲ့တိုးတက်ပြောင်းလဲမှုကို ချီးကျူးခဲ့သလို မြန်မာနိုင်ငံက အပြောင်းအလဲတွေကို သိရှိနိုင်ဖို့ လန်ဒန်မြို့သူ မြို့သားတွေကို မြန်မာနိုင်ငံကို လာကြဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ ၁ နှစ်ကျော်သာ သက်တမ်းရှိနေတဲ့ NLD အစိုးရကြိုးစားလုပ်နေတဲ့ အပြောင်းအလဲတွေနဲ့၊ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကိုယ်တိုင်သိရအောင် လာကြည့်ကြဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ မတူးမာက ပြောပြပါတယ်။

“အဓိကပေါ့လေ အမသဘောကျနေတာကတော့ လက်ရှိမှာသူတို့က အစိုးရဖြစ်လာပြီလို့ပြောပေမယ့် တကယ်ကျတော့ အာဏာနဲ့လုပ်ပိုင်ခွင့်အားလုံးက သူတို့အနေနဲ့ အပြည့်အဝမရရှိသေးတာရယ်၊ လက်ရှိလုပ်ပိုင်ခွင့်ရတဲ့အထဲကပဲ လုပ်နေတာမှာ လုပ်စရာတွေအများကြီးရှိနေတဲ့အတွက် ဒါဟာ Overnight ပေါ့နော် တညတည်းလုပ်မရတာဖြစ်တဲ့အတွက် လုပ်သင့်လုပ်ထိုက်၊ ပြောင်းလဲသင့်ပြောင်းလဲထိုက်တာတွေကို သူတို့တတ်စွမ်းသမျှ သူတို့အစိုးရလက်ရှိအချိန်ကာလ အတွင်းမှာ လုပ်ထားပြီဆိုတဲ့အကြောင်းနဲ့ နောက်ပြီးတော့ ဒီမှာရှိတဲ့လူတွေအကုန်လုံးကိုလည်း သူက လာကြည့်ဖို့ဖိတ်ခေါ်ပါတယ်။ အဲဒီလိုလာကြည့်တဲ့အခါမှာ လက်ရှိမြန်မာပြည်ထဲမှာ ဒီလိုမျိုးပြုပြင်ပြောင်းလဲရေးတွေ ဘယ်လောက်ကြိုးစားပြီးတော့လုပ်နေရတယ်၊ ဘယ်လောက်အခက်အခဲရှိတယ်ဆိုတာကို ကိုယ်တိုင်လာကြည့်တဲ့အခါမှာ ပိုသိမယ်လို့လည်းပြောတယ်။ နောက်တခုကတော့ လက်ရှိလောလောဆယ်မှာ ဒီမိုကရေစီနိုင်ငံတခုဖြစ်ပြီလိုပြောပေမယ့် တကယ်တမ်းကျတော့ ၁၀၀% ဒီမိုကရေစီနိုင်ငံအသစ်တခုမဖြစ်သေးဘူးဆိုတဲ့အကြောင်း ကိုလည်း ထည့်ပြောပါတယ်။”

မေလ ၈ ရက် တနင်္လာနေ့က ဒေါ်အောင်ဆန်းစုကြည်ကို Honorary Freedom ဂုဏ်ထူးဆောင်ဘွဲ့ပေးတဲ့ အခမ်းအနားကျင်းပတဲ့ Guildhall အဆောက်အဦးရှေ့မှာ ဆန္ဒပြမှုတွေလည်းရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် လွတ်လပ်မှုကို မခံစားရသေးဘူးလို့ဆိုတဲ့ ကချင်တိုင်းရင်းသားတချို့နဲ့ အခွင့်အရေးတောင်းဆိုနေတဲ့ ရိုဟင်ဂျာတွေက ကန့်ကွက်ကြွေးကျော်ဆန္ဒပြခဲ့ကြပါတယ်။ အလားတူဒီဆန္ဒပြသူတွေကို ကန့်ကွက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ဆောင်ရွက်မှုကို ထောက်ခံသူတွေကလည်း ထောက်ခံမှုကို လာရောက်ပြသခဲ့ကြပါတယ်။ တနင်္လာနေ့ကပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်ကာကွယ်ရေးဝန်ကြီး Sir Michael Fallon နဲ့လည်း ကာကွယ်ရေးဝန်ကြီးရုံးမှာ သွားရောက်တေ့ွဆုံခဲ့ပါတယ်။ ဒါ့အပြင် ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟယရေးရာဝန်ကြီးဌာန၊ အာရှ ပစိဖိတ်ရေးရာ ဒုတိယဝန်ကြီး Alok Sharma နဲ့လည်း တနင်္လာနေ့ ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်က သူတည်းခိုနေတဲ့ လန်ဒန်က Dorchester ဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေမှုတွေ၊ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကို စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းတွေပေးရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

တညနေထဲမှာပဲ ဗြိတိန်နိုင်ငံရဲ့ အပြည်အပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Rory Stewart နဲ့လည်း Dorchester ဟိုတယ်မှာပဲ ဆက်လက်တေ့ွဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုမှာတော့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗြိတိန်အစိုးရက ပံ့ပိုး ကူညီပေးနေတဲ့ကိစ္စတွေအပြင် ၂ နိုင်ငံကြားမှာ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ် စွမ်းအင် ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီကနေ့ မေလ ၉ ရက် မနက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်ရောက် မြန်မာလူမျိုးတွေနဲ့ တေ့ွဆုံမှာဖြစ်ပါတယ်။ စုစုပေါင်း အယောက် ၃၀၀ တေ့ွဆုံခွင့်ရမှာဖြစ်တယ်လို့ မတူးမာက ပြောပါတယ်။

“ပွဲနဲ့ပတ်သက်ပြီးအစီအစဉ်အသေးစိတ်ကိုတော့ အမအသေအချာမသိပါဘူး။ မေးခွန်းတွေမေးခွင့်ရမရဆိုတာကိုလေ၊ ဒါပေမယ့် နေရာအခက်အခဲတွေကြောင့် လူ၃၀၀ လို့သတ်မှတ်ရတာပေါ့လေ။ အခုလောလောဆယ်တော့ အဖိတ်ခံထားရတဲ့လူတွေအားလုံး ၊ တတ်ရောက်ခွင့်ရရှိတဲ့လူတွေအားလုံးကတော့ မနက် ၉ နာရီခွဲနဲ့ ၉ နာရီ ၄၅ ကိုအားလုံးနောက်ဆုံးထားပြီးနေရာယူပေးရမှာဖြစ်ပါတယ်။”

မေလ ၄ ရက်နေ့ထဲက ဗြိတိန်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိနေတာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာ June လ ကျင်းပမယ့်ရွေးကောက်ပွဲ ပြင်ဆင်နေချိန်ဖြစ်တာမို့ အလုပ်များနေတဲ့ ဗြိတိန်ဝန်ကြီးချုပ် Theresa May နဲ့ ဒီခရီးစဉ်အတွင်းတွေ့ဆုံဖို့ မရှိဘူးလို့သိရပါတယ်။ ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် Elizabeth၊ အိမ်ရှေ့စံဝေလမင်းသား Charles၊ နိုင်ငံခြားရေးဝန်ကြီး Boris Johnson တို့နဲ့တော့ ပြီးခဲ့တဲ့သီးတင်းပါတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်သီးခြားစီတွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ Belgium၊ အီတလီ၊ Vatican နဲ့ ဗြိတိန်နိုင်ငံတွေဆီကို ခရီးထွက်နေတာဖြစ်ပါတယ်။

မြန်မာ့အပြောင်းအလဲတွေ ကိုယ်တိုင်လာလေ့လာဖို့ ဒေါ်စုဖိတ်ခေါ်
please wait

No media source currently available

0:00 0:05:47 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG