သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အတိုင်ပင်ခံ ကမ္ဘာ့ပါတီကြီးများ ထိပ်သီးတက်ဖို့ တရုတ်နိုင်ငံရောက်ရှိ


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘေဂျင်းမြို့တော်ကို ထွက်ခွာ ( သတင်းဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး)

ဒီသီတင်းပတ်ထဲ စတင်ကျင်းပမယ့် တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ပနိုင်ငံရေး ပါတီတွေရဲ့ အဆင့်မြင့် ခေါင်းဆောင်တွေ ဆွေးနွေးပွဲ တက်ရောက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ပဲ ဘေဂျင်းမြို့တော်ကို ထွက်ခွာသွားပါတယ်။

အလုပ်သဘော ချစ်ကြည်ရေးခရီးစဉ်အတွင်း တရုတ်သမ္မတ Xi Jingping နဲ့ တွေ့ဆုံမှာဖြစ်သလို၊ ဘေဂျင်းမြို့တော်မှာ ကျင်းပမယ့် တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံတကာက နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့် ခေါင်းဆောင်တွေ ဆွေးနွေးပွဲမှာလည်း အထူးဧည့်သည်တော်အဖြစ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားမှာဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အဆုံးသတ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို ဒုတိယအကြိမ် ထပ်မံသွားရောက်ခဲ့တာပါ။ ရခိုင်ပြည်နယ်က အကျပ်အတည်းတွေကြောင့် နိုင်ငံတကာ အသိုင်းအ၀န်းက မြန်မာနိုင်ငံအပေါ် ဖိအားတွေနဲ့ ဝေဖန်မှုတွေ တိုးမြှင့်နေချိန်မှာပဲ မြန်မာခေါင်းဆောင်တွေရဲ့ ခရီးစဉ်တွေဟာ တရုတ်နိုင်ငံနဲ့ ပိုမိုနီးစပ်လာနေတဲ့ လက္ခဏာတခုအဖြစ်နဲ့လည်း အကဲခတ်တွေ ခန့်မှန်းနေကြပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက တရုတ်နိုင်ငံကို အလည်အပတ်ရောက်ခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုတကြိမ် ခရီးစဉ်ကနေ ၂ နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေ အားကောင်းလာလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံက အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ တရုတ်ကွန်မြူနစ် ပါတီတို့ကြား အပြန်အလှန် ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြုခဲ့ကြောင်းလည်း သတင်းမှာ ဖော်ပြထားတာပါ။

ဒီကနေ့ ကြာသပတေးနေ့ကစတင်ပြီး တနင်္ဂနွေနေ့အထိ ကျင်းပသွားမယ့် ဘေဂျင်းမြို့က ညီလာခံမှာတော့ နိုင်ငံပေါင်း ၁၂၀ ကျော်က၊ နိုင်ငံရေးပါတီပေါင်း ၂၀၀ ကျော်က ခေါင်းဆောင်တွေ တက်ရောက်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ကမ္ဘာ့ပါတီကြီးများ ထိပ်သီးတက်ဖို့ တရုတ်နိုင်ငံရောက်ရှိ
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG