သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို နိုဝင်ဘာလကုန် သွားမည်


နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာမီရက်အတွင်းမှာ တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်အရ ပီကင်းမြို့ကို ချစ်ကြည်ရေးခရီး သွားရောက်ဖို့ ရှိကြောင်း တနင်္လာနေ့က ထုတ်ပြန်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ တရုတ်ခရီးစဉ်အပြီးမှာ ချက်ချင်းဆိုသလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရဲ့ ခရီးစဉ်ကို ထုတ်ပြန်လိုက်တဲ့အပေါ် နိုင်ငံရေးသုံးသပ်သူတွေအကြားမှာ အလေးထားမှုတွေ မြင့်တက်စေခဲ့ပါတယ်။ ဒီခရီးစဉ်မှာ အဓိက ဘာတွေ ဆွေးနွေးဖွယ်ရှိသလဲဆိုတာကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က အခုလို တင်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်အစိုးရဲ့ ဖိတ်ကြားချက်အရ ပီကင်းမြို့မှာ ကျင်းပမယ့် တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ပနိုင်ငံရေးပါတီများအကြား အဆင့်မြင့်ခေါင်းဆောင်များဆွေးနွေးပွဲကို တက်ရောက်ဖို့နဲ့ နှစ်နိုင်ငံချစ်ကြည့်ရေးမြှင့်တင်ဖို့အတွက် အလုပ်သဘောချစ်ကြည်ရေးခရီးကို မကြာမီကာလမှာ သွားရောက်မှာ ဖြစ်ကြောင်း ဒီနေ့သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီလ ၂၁ရက်နေ့ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ တပ်မတေ်ာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတ Xi Jinping နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို တရုတ်ထိပ်သီးစစ်ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ တရုတ်ပြည်ကို သွားရောက်မယ့်ခရီးစဉ်ကိုတော့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိပြီး နောက်တရက်မှာ ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းက အခုလို သုံးသပ်ပြောဆိုပါတယ်။

“ ကျနော်မြင်နေတာကတော့ တရုတ်ပြည်က ဗမာပြည် ခေါင်းဆောင်ပိုင်းကို အနားလည်ဆုံးလူတွေလို့ ပြောရမယ်ထင်တယ်။ ဗမာပြည်ရဲ့ အခြေအနေကိုလည်း သူတို့ အသိဆုံးပဲ။ အဲဒါအပြင် ဒီနေ့ အခါကာလမှာ သူတို့ရဲ့ ဇုံနယ်တခု၊ လမ်းကြောင်းတကြောင်းဆိုတဲ့ စီမံကိန်းကြီးက ဗမာပြည်ကိုလည်း အင်မတန် အာရုံစိုက်နေတဲ့အချိန် အဲဒီအခါမှာ သူတို့ တိုင်းပြည်အတွက် လိုအပ်တဲ့ဟာတွေကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ဗမာပြည်နဲ့ ရင်းနှီးအောင် အတင်းတွန်းလုပ်နေတာလို့ ထင်တယ်။”

နိုင်ငံတော်အတိုင်ပင်ခံရဲ့ခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံဖက်က One road, one belt ခေါ် ခေတ်သစ်ပိုးလမ်းမစီမံကိန်းအပြင် လက်ရှိ မြန်မာအစိုးရအပေါ် နိုင်ငံတကာက ဖိအားပေးနေတဲ့ ရခိုင်အရေး၊ အရှေ့မြောက်နယ်စပ် ငြိမ်းချမ်းရေးနဲ့ မြစ်ဆုံရေကာတာအရေးတွေ ထည့်သွင်းနိုင်ကြောင်း သုံးသပ်ပါတယ်။

ဒါအပြင် မြစ်ဆုံရေကာတာစီမံကိန်းနဲ့ပတ်သက်လို့လည်း ဆွေးနွေးဖွယ်ရှိကြောင်း ရဲဘော်ဖိုးသံချောင်းက ဆက် ပြောပါတယ်။

“ မြစ်ဆုံကိစ္စနဲ့ပတ်သက်လို့ တရုတ်က သူတို့ ရင်းနှီးမြုပ်နှံထားတာလည်း အများကြီး။ အဲတော့ အဲဒါကို ဗမာပြည်ဖက်က ယတိပြတ်မဖြစ်မချင်း သူတို့က လာသမျှလူကို တိုက်တွန်းနေဦးမှာပဲလို့ ကျနော်တော့ အဲလိုပဲ ထင်တယ်။ ဒီဖက်ထဲမှာတော့ တရုတ်နယ်စပ်ရှိတဲ့ ကုန်သည်တွေ၊ အရပ်သားတွေဆီက ကြားတာကတော့ အဲဒီကိစ္စကို သူတို့ မျှော်လင့်ချက် ထားတုံးပဲ ဆိုတဲ့ သဘောမျိုးပဲ။ ”

တရုတ်-မြန်မာဆက်ဆံရေးဆောင်းပါးရေးသားတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း(သီပေါ)က မြစ်ဆုံအရေးနဲ့ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့အလားအလာကို အခုလို သုံးသပ်ပါတယ်။

“ကျနော်တို့ နိုင်ငံကလည်း ရင်းနှီးမြုပ်နှံမှုတွေ မဝင်တဲ့အထဲမှာ လျှပ်စစ်ဓါတ်အားမလုံလောက်တာက အကြောင်းအချက်တခုဖြစ်တယ်။ အဲတော့ ဒီပြဿနာက အရင်အစိုးရလက်ထက်မှာ ပြည်သူလူထုက ဝိုင်းဝန်းဆန့်ကျင်ကြတယ်ဆိုတာမှာ အကြောင်းအချက် တချက်က အရင် စစ်အစိုးရကို ပြည်သူလူထုက အယုံအကြည်မရှိဘူး။ နိုင်ငံရဲ့ သံယံဇာတကို ဈေးပေါပေါနဲ့ ရောင်းလိုက်တယ်ဆိုတဲ့ အမြင်လည်း ရှိတာပေါ့။ အဲတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီဟာကို စာချုပ်ကို ပြန်ပြီးတော့ ပြင်ဆင်ပြီးတော့ ချုပ်ဆိုတာပဲ ဖြစ်စေ၊ အကျိုးအမြတ်ခွဲဝေမှုကို ပြန်ပြင်ဆင်တာပဲဖြစ်စေ၊ ကိုယ့်အတွက်လည်း အဆင်ပြေ၊ သူ့အတွက်လည်း အဆင်ပြေဆိုတဲ့ဟာမျိုး တခုခုတော့ အပြောင်းအလဲလုပ်ပြီး ဆက်လုပ်လိမ့်မယ်လို့ ကျနော်အဲလို သုံးသပ်မိပါတယ်။ ”

ဒီနေ့ထုတ် တပ်မတော်ပိုင် မြဝတီသတင်းစာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကတရုတ်သမ္မတနဲ့ တွေ့ဆုံစဉ်မှာ Three gorges dam မြစ်ကျဉ်းသုံးသွယ်ရေကာတာ တည်ဆောက်မှုပတ်သက်ပြီး ချီးကျူးပြောဆိုခဲ့တဲ့ အချက်တွေကို ထည့်သွင်းဖော်ပြထားသလို မြစ်ကျဉ်းသုံးသွယ်ရေကာတာ ဓါတ်ပုံတွေပါ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG