(Zawgyi / Unicode)
မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲထားတဲ့အမှုကို တုံ့ပြန်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေ အပါအဝင် တာဝန်ရှိသူတွေကို ဒီကနေ့ ရှင်းလင်းခဲ့ပါတယ်။
ICJ မှာ အမှုရင်ဆိုင်မယ့်အဖွဲ့ကို ဦးဆောင်ပြီး ကိုယ်တိုင်သွားရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်း ခေါင်းဆောင်တွေ တက်ရောက်တဲ့ နေပြည်တော်က သမ္မတအိမ်တော်က တွေ့ဆုံမှုမှာ ရှင်းပြခဲ့တာဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့တာပါ။
နိုင်ငံတကာ ဥပဒေပညာရှင်တွေ ပါဝင်မယ့်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ICJ တရားရုံးမှာ အမှုရင်ဆိုင်မယ့်အကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပြီးနောက်မှာပဲ အခုလို ထိပ်တန်းတာဝန်ရှိသူတွေ တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့အတူ ICJ အပြင် အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) နဲ့ အာဂျင်တီးနားနိုင်ငံက တရားရုံးတွေမှာ တရားစွဲဆို အရေးယူဖို့ ကြိုးပမ်းမှုတွေလို မကြာသေးခင်ကစလို့ ဖိအားတွေ တိုးမြှင့်လာနေတာတွေကိုလည်း နေပြည်တော်မှာ ထိပ်တန်းခေါင်းဆောင်တွေကို ရှင်းပြခဲ့တာပါ။
တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်က ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးပမ်းနေတာတွေ၊ မြန်မာအစိုးရနဲ့ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းနေတာတွေ၊ စုံစမ်းနေဆဲ ကိစ္စတွေကိုလည်း ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂအနေနဲ့ ပြဿနာကို ဖြေရှင်းဖို့ထက် တာဝန်ခံမှု ကိစ္စတွေအပေါ် ငွေကုန်ကြေးကျခံ သုံးစွဲနေတယ်လို့လည်း ပြစ်တင်ပြောဆိုထားပြီး ပြဿနာကို ဖြေရှင်းရာမှာ လက်တွေ့ကျပြီး မျှတတဲ့ ချဉ်းကပ်မှုတွနဲ့ ကူညီမှုတွေကို လက်ခံမှာဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။
ဒါပေမယ့်လည်း နယ်သာလန်နိုင်ငံ သဟိဂ်မြို့က ICJ တရားရုံးမှာ ရှေ့လဆန်း အမှုရင်ဆိုင်တဲ့အခါ ဒီကနေ့ ရှင်းလင်းတင်ပြခဲ့တဲ့ အချက်တွေကို အခြေခံပြီး ခုခံချေပမှာလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။
---------------------------------------
(Unicode)