သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ အမှု ဦးဆောင်ဖြေရှင်းမယ့် အတိုင်ပင်ခံကို တပ်မတော် ပူးပေါင်းဆောင်ရွက်မည်


 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၂၀၁၈ အောက်တိုဘာလ)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၂၀၁၈ အောက်တိုဘာလ)

(Zawgyi/Unicode)

ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာနိုင်ငံဘက်က လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲဆိုမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ဦးစီးဆောင်ရွက်သွားမယ်လို့ မနေ့က နိုဝင်ဘာ ၂၀ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို ဦးဆောင်သွားမယ့်အပေါ် တပ်မတော်အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။ ICJ အမှုအပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဥပဒေပညာရှင်တွေရဲ့ အမြင်သဘောထားတွေကို စုစည်းပြီး ဗွီအိုအေသတင်းထောက် စုစုက သတင်းပေးပို့ထားပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် မြန်မာနိုင်ငံ၏အကျိုးစီးပွား ကာကွယ်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဦးစီးဆောင်ရွက်မည်ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးက မနေ့က နိုဝင်ဘာ ၂၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် နယ်သာလန်နိုင်ငံ The Hague မြို့ကိုစေလွှတ်မယ့် အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွားရောက်မယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဦးဆောင်မှုနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ကျတော်တို့ဆီမှာရှိတဲ့ မဏ္ဍိုင်ကြီးတွေမှာတော့ အုပ်ချုပ်ရေးမဏ္ဍိုင်ပေါ့။ အုပ်ချုပ်ရေးမဏ္ဍိုင်ဆိုတာမှာလည်း တပ်မတော်ဆိုတာ အစိုးရရဲ့ကြီးကြပ်မှုအောက်မှာ တပ်မတော်ကရှိရမယ်လေ။ ဒီအစိုးရရဲ့ ဒီဟာကိစ္စနဲ့ ပတ်သက်ပြီး ဆောင်ရွက်မှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပြီးရင် ညှိနှိုင်းဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ပဲ ကျတော်တို့ခံယူပါတယ်။”

ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုအပေါ် တုန့်ပြန်နိုင်ဖို့အတွက် နိုင်ငံတကာက ကျွမ်းကျင်တဲ့ ဥပဒေပညာရှင် ရှေ့နေကြီးတွေကို ငှားရမ်းထားတယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒီအမှုကို ရင်ဆိုင်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ ဦးဆောင်လိုက်တာဟာ ထူးခြားမှုရှိမယ်လို့ မထင်ကြောင်း ဥပဒေပညာရှင် ဒေါက်တာ ဆလိုင်းငုံကျုံးလျန်က ပြောပါတယ်။

“ကျတော်တို့အများစုထင်တာက ဒေါ်အောင်ဆန်းစုကြည်က သြဇာတိက္ကမကြီးတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တဲ့အတွက် သူလုပ်လိုက်လို့ရှိရင် Pressure လျှော့သွားမယ်ဆိုတဲ့ဟာ အဲဒါတော့ နိုင်ငံရေးအမြင်အရ စဉ်းစားတဲ့ဟာ ဖြစ်လိမ့်မယ်။ ကျတော့်အမြင်မှာတော့ ဥပဒေကိစ္စတော့ ဥပဒေလိုပဲ သူကဆက်ပြီးတော့ သွားမယ်လို့ ထင်ပါတယ်။”

မြန်မာနိုင်ငံက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို နှိပ်စက်ညှဉ်းပန်းပြီး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖွဲ့ဝင်နိုင်ငံပေါင်း ၅၀ ကျော်ပါဝင်တဲ့ OIC အစ္စလာမ်မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ကိုယ်စား ဂမ်ဘီယာနိုင်ငံက ကမကထပြုပြီး ICJ နိုင်ငံတကာတရားရုံးမှာ အမှုစွဲတင်လိုက်တာပါ။

အဲဒီအမှုကို လာမယ့် ဒီဇင်ဘာ ၁၀ရက်နေ့မှာ စတင်ကြားနာစစ်ဆေးမှာ ဖြစ်တဲ့အကြောင်း ICJ က ထုတ်ပြန်ထားပါတယ်။ အဲဒီနေ့မှာ တရားလိုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက လျှောက်လဲချက်တင်သွင်းမှာဖြစ်ပြီး၊ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံက ICJ မှာ လျှောက်လဲချက် တင်ရမှာဖြစ်ပါတယ်။

ဒီအမှုရင်ဆိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်လိုက်တာဟာ တပ်မတော်နဲ့ အပေးအယူဘယ်လိုတွေ ရှိနေလဲဆိုတာ စဉ်းစားဖို့လိုတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ ချယ်ရီဇာဟောင်က ပြောပါတယ်။

“သူကိုယ်တိုင်က လူ့အခွင့်အရေးချိုးဖောက်မှုကို လုပ်တာတော့ မဟုတ်ဘူးလေနော်။ သေနတ်ကိုင်ပြီးတော့ ဗုံးကိုင်ပြီးတော့ သွားပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်နေတဲ့အဖွဲ့က ရှိတယ်လေ။ ဆိုတော့ ဒီအဖွဲ့တွေကို သူဒီလိုမျိုးကာကွယ်ခြင်းအားဖြင့် အထူးသဖြင့် တပ်မတော်ပေါ့။ တပ်မတော်နဲ့ သူနဲ့ကြားထဲမှာ ဘာအပေးအယူတွေရှိလဲ။ ဒီလောက် ဂိတ်ဆုံးထိကို သူဒီလိုမျိုး ကာကွယ်လိုက်ခြင်းအားဖြင့် တပ်ဘက်ကဘာပြန်ပေးမှာလဲ သူ့ကိုဆိုတဲ့ စဉ်းစားချက်တွေရှိတာပေါ့။ မြန်မာနိုင်ငံ (သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီ ICJ Case ကို သူ့အတွက် Political Game တခုခုရှိနိုင်မလားဆိုတဲ့ တွက်ဆချက်နဲ့ သူသွားပြီးတော့ ရင်ဆိုင်တာလည်း ဖြစ်ရင်ဖြစ်နိုင်တယ်ပေါ့။ ကျမရဲ့အမြင် တခုပေါ့။”

မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ICJ နိုင်ငံတကာတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးစီးဆောင်ရွက်သွားမယ့်အပေါ် အမြင်အမျိုးမျိုး ကွဲပြားနေပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်နေသူတွေကို အရေးယူနိုင်ဖို့အတွက် ဂမ်ဘီယာနိုင်ငံရဲ့ ကြိုးပမ်းမှုကို အပြည့်အဝထောက်ခံပြီး ကူညီသွားမယ်လို့ နိုင်ငံတကာ ကချင်ကွန်ဂရက်ကလည်း မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


.................


(Unicode)














ဆက်စပ်သတင်းများ ...

XS
SM
MD
LG