သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာ့ ခရီးသွားလုပ်ငန်း တရုတ်ကြီးစိုး


Cambodia၊ Vietnam၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့က ခရီးသွားလုပ်ငန်းဝန်ကြီးများတက်ရောက်ကြတဲ့ ၃ ကြိမ်မြောက် ACMACS ခရီးသွားလုပ်ငန်းအစည်းအဝေး

မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ အခုနှစ် ဇန်နဝါရီလမှာ မနှစ်ကထက် တိုးတက်ခဲ့တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန စာရင်းအင်းမှာ ဖော်ပြထားပါတယ်။ အစိုးရက အရှေ့မျှော် ခရီးသွားလုပ်ငန်းကို ဦးစားပေး လုပ်ဆောင်နေပြီး တရုတ် ဧည့်သည်အများဆုံး ဝင်ရောက်နေတဲ့ ခရီးသွား လုပ်ငန်းဟာ စာရင်းအင်း အရတိုးတက်လာပေမဲ့ အကျိုးအမြတ်မှာတော့ ဆုတ်ယုတ်နေတဲ့အကြောင်း ပြည်တွင်းခရီးသွား လုပ်ငန်းရှင်တွေက ပြောလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။

ခရီးသွားဧည့်သည် ဝင်ရောက်တဲ့နှုန်းဟာ ၂၀၁၈ ဇန်နဝါရီလနဲ့ ယှဉ်ရင် အခုနှစ်မှာ ၁၉ရာခိုင်နှုန်း ပိုတိုးတက်လာတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ တကယ်တမ်း ဝင်ငွေရရှိတဲ့ အပိုင်းမှာတော့ ကျဆင်းနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း ခရီးသွား မြှင့်တင်ရေးက တာဝန်ရှိသူ ဒေါ်ကေသွယ်စိုးကပြောပါတယ်။

“မဖြစ်မနေ အစိုးရကို activity ပြရမှာ ဖြစ်တဲ့အတွက် ဝန်ကြီးကတော့ arrival တက်တယ်ဆိုတာကို mention လုပ်ပြီးပြောပါလိမ့်မယ်။ သူတို့ရဲ့ ‘အရှေ့ကိုမျှော်’ ဆိုတဲ့ဟာက တရုတ်Tour(ခရီးသွား)တွေ ဝင်လာတဲ့ဟာက တိုင်းပြည်အတွက် ဘယ်လောက် အကျိုးရှိသလဲ။ community(ဒေသ)အတွက် ဘယ်လောက် အကျိုးရှိသလဲ။ Tax(အခွန်)တွေ မှန်မှန်ကန်ကန်ရရဲ့လား။ Chinese Tourist တွေ အုံနဲ့ကျင်းနဲ့ ဝင်လာတယ်။ Visa on arrival (ဆိုက်ရောက်ဗီဇာ) ပေးတယ်။ ရန်ကုန်လေဆိပ်မှာ ဒေါ်လာ ၅၀ပေးရင် ဗီဇာရတယ်။ အဲဒီမှာ ဘယ်နှစ်ယောက် ၀င်လာပြီး၊ ဘယ်နှစ်ယောက် ပြန်ထွက်သွားတယ် ဆိုတဲ့ ဒေတာရှိသလား။ ဝန်ကြီးဌာနက ကျယ်ကျယ်ပြန့်ပြန့် knowledge ရှိဖို့လိုတယ်။ ဝင်လာရင်ပြီးရော arrival တက်သည်ဆိုတာကို ပြောလို့ရတယ်။ ဒါမှ ဒီနေရာ ငါမြဲမယ်ဆိုတဲ့ စိတ်ရှိလို့ရတော့ ဒါအစ်မတို့ရဲ့ industry ကို ဖျက်စီးနေတယ်လို့ပဲ အစ်မကတော့ မြင်ပါတယ်။ အစ်မတို့ ကွာလတီရှိဖို့လိုတယ်။ အစ်မတို့ရဲ့ destination (ခရီးစဉ်ကို) တန်ဖိုးထားဖို့ လိုတယ်လေ။”

ထိုင်းခရီးသွား အေးဂျင့်တွေကလည်း ပြည်တွင်းမှာ ကားငှားရမ်းတာ၊ ဟိုတယ်ငှားရမ်းတာကို တရားမဝင် လုပ်ဆောင်နေပြီး၊ ကိုရီးယားနိုင်ငံကတော့ သူ့နိုင်ငံသား ဧည့်လမ်းညွှန်ခေါင်းဆောင် ကိုယ်တိုင် လိုက်ပါလာတဲ့အတွက် ဒါဟာပြည်တွင်း ခရီးသွား လုပ်ငန်းအတွက် ဆုံးရှုံမှုဖြစ်နေတယ်လို့ ဆိုပါတယ်။ ပြည်တွင်းမှာရှိတဲ့ ဟိုတယ်တွေကို အင်တာနက်ပေါ်ကနေ ကြိုတင် ငှားရမ်းထားတဲ့အတွက် နိုင်ငံအတွက်လည်း အခွန်မရရှိတဲ့အကြောင်း ခရီးသွား လုပ်ငန်းကို နှစ်၂၀ကျော်လုပ်ကိုင်ခဲ့တဲ့ ဒေါ်ကေသွယ်စိုးက ပြောပါတယ်။

တရုတ်ခရီးသွားတွေက ရန်ကုန်၊ ပုဂံနဲ့ မန္တလေးကိုအဓိကလာကြပြီး၊ တရုတ် ခရီးသွားများလာရတဲ့ အကြောင်းရင်းကတော့ ခရီးသွားလုပ်ငန်းနာမည်ခံ လုပ်ငန်းတွေရဲ့ စရိတ်ငြိမ်း ခရီးစဉ်တွေကြောင့်ဖြစ်ပြီး ကျောက်စိမ်းနဲ့ အခြားစီးပွားရေးလုပ်ငန်း အရောင်းအဝယ်အတွက် အဓိက ဝင်ရောက်လာတာဖြစ်ကြောင်း ဧည့်လမ်းညွှန် ဒေါ်နီလာကျော်က ပြောပါတယ်။

“ဒီ Zero Budget Tour နဲ့ ရောင်းတဲ့အခါမှာ အလကား နီးနီးရကြလို့လာကြတာ။ ကုမ္ပဏီက ဘယ်ကနေ ပိုက်ဆံပြန်ရှာလည်းဆိုတော့ မြန်မာပြည်က သူတို့နဲ့ချိတ်ထားတဲ့ဆိုင်တွေ၊ တရုတ်ဘက်က လာဖွင့်တဲ့ ကျောက်ဆိုင်တွေရှိတယ်။ ပြီးရင် ရော်ဘာစေးဆိုတဲ့ ခေါင်းအုံးတွေ၊ မွေ့ယာတွေ ရောင်းတဲ့ဆိုင်တွေ ရှိတယ်။ အဲဒီကိုသူတို့က အဓိကသွင်းပြီး ဈေးဝယ်ခိုင်းတယ်။ အဲဒီကရတဲ့ ပိုက်ဆံပြန်ရှာတာ သူတို့အမြတ်ကိုပေါ့နော်။ အဲဒီတော့ ဒီမြန်မာပြည်က Guide( ဧည့်လမ်းညွှန်) လည်းမသုံးဘူး၊ ပြီးတော့ အဲဒီလို့လာတဲ့ ကုမ္ပဏီဆယ်ခုမှာ ကိုးခုခွဲက ပိုင်ရှင်တွေ အကုန်လုံးက တရုတ်တွေချည်းပဲဆိုတော့၊ ပြီးရင် စားသောက်ဆိုင်လည်း သူတို့ဟာပဲ။ ကျောက်ဆိုင်လည်း သူတို့ဆိုင်ပဲဆိုတော့ ဒီပိုက်ဆံက မြန်မာပြည် ဝင်စရာအကြာင်း မရှိဘူးလေ။”

လုပ်ငန်းလိုင်စင်မရှိတဲ့ တချို့ တရုတ်လူမျိုးတွေက လိုင်စင်ရ ပြည်တွင်းခရီးသွား လုပ်ငန်းဆီကနေ ခရီးသွားလုပ်ငန်း လိုင်စင်ငှားရမ်းခအနေနဲ့ တရုတ်ဧည့်သည် တယောက်ကို ယွမ်ငွေ ၂၀ နှုန်း အကျိုးအမြတ်ပေးပြီး ခရီးသည် ခေါ်သွင်းလာကြကြောင်း ဧည့်လမ်းညွှန်တွေကပြောပါတယ်။

နိုင်ငံခြား ဧည့်သည်တွေက သူ့အစီအစဉ်နဲ့ လာနေကြပေမဲ့လည်း ဟိုတယ် လုပ်ငန်းအပြင် တခြားအသုံး စရိတ်တွေကနေ ဝင်ငွေရရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှူးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းကပြောပါတယ်။

“သူတို့ကတော့ လာတယ်ဆိုရင်တော့ ဟိုတယ်တော့ တည်းကြတယ်လေ။ ဟိုတယ်တွေ ဆိုတာကတော့ Private Sector ကပဲလေ။ ဒီနိုင်ငံခြားသား တယောက်လာလို့ရှိရင် multiplier effect ပေါ့။ လူတန်းစား မရွေးကတော့ ဝင်ငွေတွေ ရှိကြတာပဲလေနော်။ သူတို့သုံးသွားတဲ့ အပေါ်မှာ မူတည်ပြီး တော့လေ။ ဝင်ငွေကတော့ မနည်းပါဘူး။ ဧည့်သည်တွေ တိုးလာတာနဲ့အမျှ ဝင်ငွေကလည်း တိုးလာမှာပါ။ လောလောဆယ် တရုတ်က အများဆုံးပါ။ တရုတ်ပြီးရင် ထိုင်း၊ ထိုင်းပြီးရင် ဂျပန်ကိုရီးယားပါ။”

မြန်မာနိုင်ငံက တိုင်းရင်းသား ဒေသတချို့မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေပြီး လူမျိုးတုန်း သတ်ဖြတ်တာတွေ အထိရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲထားချက်တွေ ထွက်ပေါ်ခဲ့ပြီးတဲ့ နောက်မှာ အနောက်နိုင်ငံက ခရီးသွားတွေ အထူးသဖြင့် ယူကေ၊ ကနေဒါ၊ စကင်ဒီနေးဗီးယား နိုင်ငံက ခရီးသွားလာရောက်နှုန်း နည်းသွားပါတယ်။

၂၀၁၈ ဒီဇင်ဘာလ အထိ တစ်နှစ်တာပတ်လုံး ပြည်တွင်း ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားသား အရေအတွက်ဟာ ၁.၄ မီလီယံရှိပြီး ဒါဟာ တနှစ်ကို ၂.၆ရာခိုင်နှုန်း တိုးလာတဲ့နှုန်းဖြစ်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ ဇန်နဝါနီ ၁၆ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တရုတ်ခရီးသွား ဧည့်သည်က အများဆုံးဖြစ်ပြီး သူ့ရဲ့နောက်မှာ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန် ပြည်ထောင်စုတို့က အစဉ်အတိုင်းရှိနေပါတယ်။ လက်ရှိအချိန်အထိတော့ နိုင်ငံခြားဧည့်သည် အများစုက အာရှနိုင်ငံတွေကဖြစ်ပါတယ်။

မြန်မာ့ ခရီးသွားလုပ်ငန်း တရုတ်ကြီးစိုး
please wait

No media source currently available

0:00 0:03:47 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG