သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားသားခရီးသွား နယ်မြေကန့်သတ်မှု တိုးမြင့်


 နိုင်ငံခြားသားခရီးသွား
နိုင်ငံခြားသားခရီးသွား

နယ်မြေ ငြိမ်းချမ်းမှုမရှိတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသအချို့ကို နိုင်ငံခြားသားခရီးသွားတွေ သွားလာလည်ပတ်ခွင့် ပြည်ထဲရေးဝန်ကြီးဌာနက ပိတ်ပင်လိုက်ပါတယ်။ ယခင်က ခွင့်ပြုချက်တောင်းပြီး သွားလာနိုင်တဲ့နေရာတွေကိုပါ ပိတ်ပင်တာဖြစ်သလို၊ ပဋိပက္ခတွေဖြစ်နေတဲ့ နေရာသစ်အချို့ကိုလည်း သွားလာခွင့် ပိတ်ပင်လိုက်တာပါ။ အခုလို နိုင်ငံခြားသားခရီးသွားတွေ သွားလာလည်ပတ်နိုင်တဲ့ နေရာ ထပ်တိုး ကန့်သတ်မှုတွေကြောင့် ခရီးသွားကုမဏီတွေအဖို့ အခက်အခဲတွေရှိမယ်လို့ ခရီးသွားလုပ်ငန်းရှင်တဦးကတော့ ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

မြန်မာနိုင်ငံကို လာရောက်လည် ပတ်ကြမယ့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေအနေနဲ့ လုံခြုံရေး အခြေအနေကြောင့် နယ်မြေမငြိမ်းချမ်းသေးတဲ့ နေရာတစ်ချို့ကို သွားရောက်လည်ပတ်ခွင့်ကို ပြည်ထဲရေး ဝန်ကြီးဌာနက ကန့်သတ်လိုက်ပါတယ်။ အထူးသဖြင့်တော့ စစ်ပွဲတွေ ဖြစ်ပျက်နေတဲ့ ရှမ်းပြည် မြောက်ပိုင်းနဲ့ ကချင်ပြည်နယ် အပါအဝင်ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ရခိုင်ပြည်နယ်က နေရာ တစ်ချီု့တို့နဲ့ အရင်တုန်းက ခွင့်ပြုချက်တောင်းရင် လည်ပတ်ခွင့်ပြုတဲ့ နေရာတစ်ချို့ကိုပါ လည်ပတ်ခွင့် ပိတ်ပင်လိုက်တာပါ။ ဟိုတယ်နဲ့ ခရီးသွား ဝန်ကြီးဌာနက ပြည်တွင်း ပြည်ပ ဆက်ဆံရေးနဲ့ သတင်းပြန်ကြးရေး ဌာနခွဲ ညွှန်ကြားရေးမှုး ဦးမြင်ထွေးကတော့ နေရာတစ်ချို့ကို သွားရောက်လည်ပတ်ခွင့် ပိတ်ပင်ရတဲ့အကြောင်းအရင်နဲ့ ပတ်သက်လို့အခုလို ပြောပါတယ်။

“သတ်မှတ်ထားတဲ့ဧရိယာတွေဆိုတာကတော့ ကျနော်တို့ နိုင်ငံတော်ရဲ့ လုံခြုံရေး အခြေအနေအရပေါ့နော်၊ လက်ရှိအခြေအနေအရလည်းပါတယ်။ နိုင်ငံတော်ရဲ့ လုံခြုံရေး အခြေအနေအရလည်းပါတယ်။ အဲဒီတော့ ဒီလိုနေရာမျိုးတွေကို သွားရောက်လည်ပတ် မယ်ဆိုရင် သွားရောက်လည်ပတ်တဲ့ နိုင်ငံခြား ဧည့်သည်တွေအနေနဲ့ မမျှော်လင့်နိုင်တဲ့ အကြောင်း တစုံတရာတွေပေါ့နော် ၊ သူတို့ အပေါ်မှာ ထိခိုက်နိုင်မှာစိုးတဲ့အတွက်။ အဲလိုမျိုးထိခိုက်လာရင်လည်း နိုင်ငံတော်အတွက် ပုံရိပ်လည်းမကောင်းနိုင်ဘူး ပုံရိပ်လည်းထိခိုက်နိုင်တယ်။ ဒါကြောင့် ဒီကန့်သတ်ထားတဲ့ဧရိယာတွေကို သွားရောက်လည်ပတ်ခွင့် မပြုဖို့ ဆိုပြီးတော့မှ ကျနော်တို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။”

လုံခြုံရေး အရ ထပ်မံ ကန့်သတ်လိုက်တဲ့ နယ်မြေစာရင်းတွေမှာ စစ်တပ်နဲ့ တိုင်ရင်းသား လက်နက်ကိုင်တွေကြား စစ်ပွဲတွေ ဖြစ်တဲ့ ကချင်ပြည်နယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း နေရာ တစ်ချို ပါသလို ကရင်ပြည်နယ်မှာဆိုလည်း ဖာပွန်၊ လိုင်းဘွဲ့၊ သံတောင်ကြီး စတဲ့ နေရာတွေလည်း ပါဝင်ပါတယ်။ နောက်ပြီး အောက်တိုဘာလ အတွင်း ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တွင်းက မြို့တွေနဲ့ အဲဒီ့ဒေသက ရွေ့ပြောင်း ဒုက္ခသည်စခန်းတွေကိုလည်း လည်ပတ်ခွင့် ပိတ်ပင်လိုက်တာပါ။ ဒါ့အပြင် အခုနောက်ပိုင်း နိုင်ငံခြားသားတွေ သွားရောက်လည်ပတ်လေ့ရှိကြတဲ့ မန္တလေးတိုင်း ဒေသကြီးက မိုးကုတ်နဲ့ သပိတ်ကျင်းတို့ကိုလည်း ကန့်သတ်လိုက်ပါတယ်။ အခုလိုမျိုး ပိတ်ပင်တားဆီးမှုတွေကြောင့် ခရီးစဉ်တွေ ရောင်းချထားတဲ့ ခရီးသွားကုမ္ပဏီတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့ရနီုင်တယ်လို့ Grand Lotus ခရီးသွား ကုမ္ပဏီရဲ့ မန်နေဂျင်း ဒါရိုက်တာ ကိုကျော်စွာမင်းက ပြောပါတယ်။

“အခက်အခဲကတော့ ကြုံတယ်ခင်ဗျ၊ ကျနော့်ကုမ္ပဏီ အဲဒီဘက်မှာဆိုရင် ၅ ဖွဲ့လောက်ရှိတာပေါ့နော် ၊ ပူတာအို ဒေသပေါ့နော်။ ပူတာအို ဒေသက မပိတ်ပင်ဘူး သို့သော် ပူတာအို အပြင်မထွက်ရဘူးဆိုတော့ အဲဒီ မြို့လေး သေးသေးလေးမှာ ကျနော်တို့က ဧည့်သည်ကို ဒီလောက် ခရီးအဝေးကြီးခေါ်သွားပြီးတော့ မြို့ပြင်မထွက်ရဘူးဆိုတဲ့အခါကျတော့ မြို့ပြင်မှာ တောင်တန်းတွေက သာယာလှပတယ်၊ ရေခဲတောင်တန်းတွေလည်းရှိတယ်၊ အဲဒီအနီးအနားတဝိုက်ကို သွားလို့မရဘူးဆိုတော့ ကျနော်တို့ အခက်အခဲရှိတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့က ဧည့်သည်ကို အဲဒီဘက်တွေကို မခေါ်သွားရဘူးဆိုရင် ကျနော်တို့က ပူတာအိုမြို့ကို ကျနော်တို့ ရောင်းလို့မရတော့ပါဘူး။ အဲဒါကြောင့် ကျနော်တို့ ရပ်လိုက်တယ်ပေါ့နော်။ မိုးကုတ်ကတော့ ကျနော်တို့ အရင် အစိုးရလက်ထက်မှာ ပြန်ဖွင့်ပေးတဲ့ ဒေသပေါ့နော် ၊ အခုတော့ ပြန်ပိတ်သွားတာပေါ့နော် လမ်းခရီးမလုံခြုံလို့ပဲ ကျနော်တို့ ယူဆပါတယ်။ အခု ရှမ်းပြည် သီပေါဆိုလည်း အခုလေးတင် စစ်ဖြစ်ထားတဲ့ ဒေသဆိုတော့ သီပေါသွားတဲ့လမ်းပေါ်မှာ သူတို့ နည်းနည်း စိုးရိမ်ပူပန်တယ်လို့ ကျနော်တို့ ယူဆတယ်ပေါ့နော်။”

ဒါပေမဲ့လို့ နိုင်ငံခြား ဧည့်သည် အများစုကတော့ မြို့ကြီးတွေနဲ့ ရှေးဟောင်း စေတီပုထိုးတွေနဲ့ အဆောက်အဦးတွေ ရှိကြတဲ့ ရန်ကုန် ၊ ပုဂံ မန္တလေး အင်းလေးတို့ကို လာရောက်လည် ပတ်လေ့ရှိကြပါတယ်။ အခု ကန့်သတ် ပိတ်ပင်လိုက်တဲ့ နေရာ တစ်ချို့ကို လည်ပတ်တဲ့ ဦးရေ နည်းပါး သေးတဲ့အတွက်ကြောင့်မလို့ ခရီးသွားလုပ်ငန်းအတွက် အများကြီး ပြောင်းလဲသွားနိုင်ဖွယ် မရှိဘူးလို့ ကိုကျော်စွာမင်းက ဆိုပါတယ်။

“ခရီးသွားလုပ်ငန်းက Image ကအရေးကြီးတာပေါ့နော် တိုင်းပြည်မှာ တည်ငြိမ်တယ်၊ အေးချမ်းတယ်၊ဆိုတဲ့ Image ကအရေးကြီးတာပေါ့နော်။ ဒီလိုပိတ်ပင်လိုက်တဲ့အခါမှာ အနည်းနဲ့အများပေါ့နော် အဲဒါကတော့ ထိခိုက်မှုရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ပုံမှန်သွားနေတဲ့ လမ်းကြောင်းပေါ်ကိုတော့ ပြဿနာမရှိဘူးပေါ့နော်။ မြန်မာနိုင်ငံရဲ့ ၇၀ ရာခိုင်နှှုန်းဒေသတွေက သွားလို့ရတဲ့ ဒေသတွေပါ။ တကယ်ပြဿနာ တက်နေတာတွေကတော့ ၃၀ ရာခိုင်နှှုန်းသော ဒေသတွေပါ။ အဲဒီတော့ ပိတ်လိုက်ပြီဆိုရင် ပြန်လည်ဖွင့်တဲ့အချိန်ကျရင် ၊ ဖွင့်လိုက်ပြီးပြီးချင်း ပြန်ရောင်းလို့ မရပါဘူး။ အဲဒီတော့ အချိန်တခု စောင့်ရတာပေါ့နော် ။ နောက်နှစ်ပြန်ရောင်းရင် နောင် တနှစ် ရာသီ ၊ များသောအားဖြင့် ၁၀ လ ၊ ၁၁ လလောက် နှစ်နာသွားလေ့ရှိတယ်၊ တိုင်းပြည်မှာပိတ်လိုက်တဲ့ အချိန်တခုမှာ။”

လက်ရှိ ကန့်သတ်ပိတ်ပင်လိုက်တဲ့ နယ်မြေတစ်ချို့ကို ဘယ်အ့ချိန်ပြန်လည် ခွင့်ပြုသွားမယ်ဆိုတာကိုတော့ အစိုးရက တရားဝင်ပြောကြားထားခြင်း မရှိသေးပါဘူး။ မြန်မာနိုင်ငံကို ဒီနှစ် စက်တင်ဘာလအထိ နိုင်ငံခြား ခရီးသွားဧည့်သည် ၃ သန်း လာရောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တနှစ်လုံး ၅ သန်းအထိ ရှိနိုင်သလို လာမယ့် ၂၀၁၇ ခုနှစ်မှာတော့ ၈ သန်းလောက်အထိ ဖြစ်သွားနိုင်တယ်လို့ ဟိုတယ်နဲ့ ခရီးသွား ဝန်ကြီးဌာနက ခန့်မှန်းပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG