သုံးရလွယ်ကူစေသည့် Link များ

ကုလကိုယ်စားလှယ်နှင့် နိုင်ကျဉ်းအရေးဆွေးနွေးမည်


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး Ms Yanghee Lee

မနက်ဖြန်မှာ မြန်မာပြည်ကို ရောက်ရှိလာတော့မယ့် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး Ms Yanghee Lee အနေနဲ့ မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေကြား တရားမဝင်အသင်းအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှုတွေနဲ့ ဖမ်းဆီးချုပ်နှောင်ပြီး တရားစွဲဆိုခံထားရသူတွေနဲ့ ပယ်ဖျက်သင့်တဲ့ ၆၆ (ဃ)လို ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရသူတွေရဲ့အရေးနဲ့ပတ်သက်လို့ အထူးစုံစမ်းစစ်ဆေးပေးဖို့ အကျဉ်းသားအရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ ဇန်နဝါရီလ ၉ရက်နေ့ကနေ ဇန်နဝါရီ ၂၀ရက်နေ့အထိကြာမြင့်မယ့် သူ့ ခရီးစဉ်အတွင်း Yanghee Lee အနေနဲ့ မြန်မာနိုင်ငံတွင်းက အကျဉ်းထောင်၊ အချုပ်စခန်းတွေရဲ့ အခြေအနေကိုလည်း ကိုယ်တိုင်သွားရောက်ပြီး သေချာလေ့လာ စစ်ဆေးသင့်တယ်လို့လည်း ထောက်ပြအကြံပြုကြပါတယ်။

အရပ်သားအစိုးရလက်ထက်ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့အရေးကို အကျဉ်းသားရေး လှုပ်ရှားသူတွေဘက်က Yanghee Lee နဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့ရှိတဲ့အကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(မြန်မာနိုင်ငံ) AAPPB ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်က ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစဖြေပါတယ်။

“ကိုတိတ်နိုင်။ ။စစ်ကြောင့်လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေတဲ့ အနေအထားမျိုးတွေရှိပါတယ်။ အဲဒီအခြေအနေတွေကို သူက ဦးစားပေးပြီးလေ့လာမယ်လို့မြင်တယ်၊ သို့ပေမယ့် ကျနော်တို့ AAPPB နဲ့တော့ တွေ့ဖို့ရှိပါတယ်။ ဆိုတော့ တွေ့တဲ့အခါမှာတော့ အဓိက လက်ရှိအခြေအနေမှာ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတယ်လို့ မဖြစ်မနေပြောရမှာဖြစ်ပါတယ်။ နောက်တခုက အဲဒီမှာမှ ခေတ်စားနေတဲ့ ၆၆ (ဃ) ပေါ့ဗျာ အဲဒီလိုမျိုးပုဒ်မတွေနဲ့ တပ်ပြီး ထောင်ကျနေတဲ့လူတွေလည်းရှိတယ်။ နောက်တခါ အစိုးရက ဖြတ်မယ်နဲ့ ကြိုးစားနေတဲ့ ၁၇ (၁) ပေါ့ဗျာ မတရားအသင်းနဲ့ ဆက်သွယ်မှု၊ ဆိုတော့ ၁၇ (၁) နဲ့ပတ်သက်ပြီးတော့ တရားစွဲခံရတဲ့ လူတွေ တော်တော်များနေတဲ့ အနေအထားတွေ့ရတယ်။ ဆိုတော့ အစုလိုက် အပြုံလိုက် တရားစွဲခံရတဲ့ ကိစ္စမျိုးတွေတော့ရှိတဲ့အခါကျတော့ ကျနော်တို့က ဘယ် နှစ်ယောက်ကို ဖမ်းဆီးထားတယ်ဆိုတာ ကျနော်တို့ လက်လှမ်းမမှီတဲ့အနေအထားမျိုးရှိပါတယ်။ လက်လှမ်းမမှီဘူးဆိုတာက အတိအကျ ဆွေးနွေးလို့ မရတဲ့အနေအထားပါ ဘာဖြစ်လို့လဲဆိုတော့ ဦးရေတွေက အရမ်းများတယ်၊ အစိုးရကလည်း ထုတ်ပြန်ထားတာရှိတယ်။ သူတို့ ဖမ်းဆီးထားတယ်ဆိုတဲ့ ကိစ္စမျိုးတွေ ၊ ဆိုတော့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ အသေအချာလေ့လာစုံစမ်းဖို့ ကျနော်တို့လည်း စုံစမ်းမယ်။ စုံစမ်းရသလောက် တင်ပြသွားမယ်၊ ဆိုတာမျိုးတွေကိုလည်း ကျနော်တို့ ဆွေးနွေးသွားဖို့ ရှိပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ အဓိက ခုနက ကိုတိတ်နိုင်ပြောတဲ့ ၁၇ (၁) နဲ့ပတ်သက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆက်သွယ်တဲ့အတွက် ဖမ်းဆီးချုပ်နှောင်ခံရတဲ့  ဒေသခံတွေ၊ နောက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆက်သွယ်ပါတယ်ဆိုပြီးတော့ ဖမ်းဆီးစစ်ဆေးနေတဲ့ အခြေအနေကိုပြောတာလားရှင့်။

ကိုတိတ်နိုင်။ ။ဟုတ်ပါတယ်။ သူ့အနေနဲ့ကတော့ ဒီအကျဉ်းသားတွေနဲ့တွေ့ပြီးတော့ ဘာကြောင့်အဖမ်းခံရတယ်ဆိုတဲ့ ကိစ္စမျိုးတွေကို သူသွားရောက်ပြီးတော့ လေ့လာမယ်။ နောက်တခါ ကျန်းမာရေးမကောင်းတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ မေတ္တာရပ်ခံမယ်ဆိုတဲ့ ကိစ္စမျိုးတွေ သူလုပ်လို့ရမယ်။ နောက်တခါ ခုနက ပြောသလိုပေါ့ လက်ရှိ ၁၇ (၁) လို ပုဒ်မမျိုးတွေသုံးတာတို့ ၊ နောက်တခါ ပြန်လည်ပြင်ဆင်ဖို့လိုတဲ့ ၆၆ (ဃ) လို ကိစ္စမျိုးတွေက သူ့အနေနဲ့ တိုက်တွန်းမယ်လို့ မျှော်လင့်ပါတယ်။ ပြန်လည်ပြင်ဆင်တာတွေ ၊ ပြန်လည် ပယ်ဖျက်တာတွေကို ဥပမာ- ၁၇ (၁) ဆိုတာမျိုးက ပယ်ဖျက်သင့်တဲ့ ကိစ္စပေါ့နော်၊ ပယ်ဖျက်သင့်တဲ့ ကိစ္စဆိုတာက ဒီကနေ့ ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ ကာလမှာ ၁၇ (၁) နဲ့ စွဲနေတယ်ဆိုတဲ့ ကိစ္စတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အများကြီးအနှောက်အယှက် ဖြစ်နေတယ်လို့ ကျနော့်အနေနဲ့တော့ ယူဆပါတယ်။ ဆိုတော့ အရင်ဆုံး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ညှိပြီးတဲ့အခါကျတော့ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ မဖမ်းဆီးပါဘူးဆိုတဲ့ ကတိမျိုးတွေကို ပေးမယ်ဆိုရင် အရင်တုန်းကတော့ သမ္မတ ဦးသိန်းစိန်လက်ထက်က ပေးခဲ့တာမျိုးတွေရှိပါတယ်။ ဆိုတော့ ဒီအစိုးရလက်ထက်မှာလည်း ၁၇ (၁) ဆိုတာမျိုးက တကယ်ကို ဒီနေ့ဒီအချိန်မှာ စကားပြောနေတဲ့ဒီအချိန်မှာ အဲဒါမျိုး တဘက်နဲ့ တဘက် စွပ်စွဲမှုတွေရှိနေတယ်ဆိုရင်

ငြိမ်းချမ်းရေး ထိခိုက်စေမယ့် အခြေအနေတွေပဲ ဖြစ်ပါတယ်လို့ ကျနော်ကတော့ အဲလိုမြင်တယ်။

မဆုမွန်။ ။ ဟုတ်ကဲ့။ နောက်တခုက အခုလက်ရှိအရပ်သားအစိုးရလက်ထက်မှာပေါ့နော် နိုင်ငံရေးအကျဉ်းသားတွေရဲ့အခြေအနေက ဘယ်လောက်အရေအတွက် ရှိပါသလဲရှင့်။

ကိုတိတ်နိုင်။ ။ လက်ရှိကတော့ နိုင်ငံရေးအကျဉ်းသား ၈၀ ကျော်ရှိပြီး တရားရင်ဆိုင်နေတာက ၁၀၀ ကျော်ရှိပါတယ်။ ဆိုတော့ ယန်ဟီးလီ လာရင်လည်း ဒီကိစ္စတွေက တကယ်ကို လျှော့ချဖို့ လိုအပ်နေတယ်ဆိုတာရယ် ကျနော်တို့ စဉ်းစားချက်တွေကိုလည်းဆွေးနွေးသွားဖို့ ရှိပါတယ်။ ဥပမာဆိုရင်- အကျဉ်းထောင်မှာ အချုပ်သားတွေ အရမ်းများနေတဲ့ ကိစ္စတွေ၊ ဒီဟာတွေက လျှော့ချလို့ ရတဲ့ ကိစ္စတွေပါ။ အာမခံပေးလို့ရတာတွေကို အာမခံပေးပြီးတော့ တခြားနေရာမှာ ချုပ်နှောင်သင့်တဲ့လူတွေကို ချုပ်နှောင်ထားဖို့ ဆိုတဲ့ ကိစ္စမျိုးတွေ ၊ သက်ကြီးရွယ်အိုတွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ ဆိုတဲ့ ကိစ္စတွေ၊ပိုလျှံနေတဲ့ အကျဉ်းသားတွေကို အရပ်ဖက်စခန်းပေါ့လေ အဲဒီမှာတွေပို့ဖို့အတွက် ၊ နောက်ဘယ်အလုပ်မျိုးတွေ ခိုင်းမှာလည်း ဆိုတာမျိုးတွေ ကလည်း အများကြီးကို စကားပြောစရာရှိပါတယ်။

မဆုမွန်။ ။ ကိုတိတ်နိုင်တို့ Yanghee Lee နဲ့တွေ့တဲ့အခါမှာ AAPPB က ဘယ်သူများ ကိုယ်စားပြုပြီး သွားဖို့ ရှိပါသလဲရှင့်။

ကိုတိတ်နိုင်။ ။အခုလောလောဆယ် ကျနော်တို့ကတော့ မြန်မာနိုင်ငံမှာ ရှိမနေတဲ့အတွက် ဒီမြန်မာနိုင်ငံကိုယ်စားပြုနိုင်တဲ့ တယောက်ကို လွှတ်မှာပါ။

မဆုမွန်။ ။ ကျေးဇူးအများကြီးတင်ပါတယ်၊ ကိုတိတ်နိုင်။

ကိုတိတ်နိုင်။ ။ဟုတ်ကဲ့ပါ။ "

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(မြန်မာနိုင်ငံ) AAPPB ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်ကို မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG