သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဒေါ်လာငွေလဲနှုန်း နေ့စဉ် ကျဆင်းလာ


ရန်ကုန်မြို့ရှိ ဘဏ်တခုမှာ အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နေတဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၁၆၊ ၂၀၁၆)
ရန်ကုန်မြို့ရှိ ဘဏ်တခုမှာ အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေ လဲလှယ်နေတဲ့ မြင်ကွင်း။ (ဒီဇင်ဘာ ၁၆၊ ၂၀၁၆)

[Zawgyi/Unicode]

မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးဈေးကွက်မှာ မကြာသေးခင်က စလို့ ဒေါ်လာငွေတန်ဖိုး ကျဆင်းလာတာကို ကာကွယ်ဖို့ ဗဟိုဘဏ်က ကြိုးပမ်းနေတဲ့အကြောင်း တင်ပြပေးချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲလှယ်နှုန်းက နေ့စဉ်ရက်ဆက်ဆိုသလို ကျဆင်းလာနေတာကြောင့် ဈေးကွက်တည်ငြိမ်ရေးအတွက် ငွေလဲလှယ်နှုန်း ‘ရည်ညွှန်းတန်ဖိုး’ တခုကို နေ့စဉ်ထုတ်ပြန်ပေးနေတဲ့ ဗဟိုဘဏ်က ဒေါ်လာငွေကို ဝယ်ယူပြီးတော့လည်း ကျားကန်ပေးနေပါတယ်။ ဇွန်လ ၁၁ ရက်ကနေ ဇူလိုင် ၁ရက်ထိ ဗဟိုဘဏ်က ဆယ်ကြိမ်ဝယ်ယူထားတဲ့ ဒေါ်လာငွေက ၃၂.၆ သန်းရှိပါတယ်။ ဒီလိုလုပ်တာဟာ ကျနေတဲ့ဒေါ်လာတန်ဖိုးကို ဆွဲတင်နေတာ မဟုတ်ဘဲ နိုင်ငံခြားငွေ တည်ငြိမ်အောင် ထိန်းကြောင်းဖို့အတွက် လုပ်ရတာလို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးမင်းက ပြီးခဲ့တဲ့လထဲ အစိုးရရဲ့ စတုတ္ထတနှစ်တာ လုပ်ဆောင်ချက် သတင်းစာရှင်းလင်းပွဲမှာ ပြောထားတာပါ။

“ဝယ်သင့်တယ်ဆိုတာ ထိန်းကြောင်းသင့်တယ်ဆိုတဲ့ သဘောနဲ့ပဲ လုပ်တာရှိတယ်။ ဗဟိုဘဏ်က ကျသွားမှာစိုးလို့ လိုက်ဝယ်နေတာ၊ သိပ်တက်သွားမှာစိုးလို့ လိုက်ရောင်းနေတာမျိုးတော့ မရှိပါဘူး။ Market ထဲမှာ ဗဟိုဘဏ်အနေနဲ့ ဝင်ရောင်းတာ၊ ဝင်ဝယ်တာ လုပ်တဲ့ကိစ္စမဟုတ်တော့ပါဘူး။ လိုအပ်တဲ့အခါမှ ကျနော်က one way ပဲ ဝယ်တဲ့ auction ကိုလုပ်တယ်၊ ရောင်းတဲ့ auction ကို လုပ်တယ်။”

အမေရိကန်ဒေါ်လာနဲ့ ကျပ်ငွေလဲနှုန်း ဗဟိုဘဏ် ဒီနေ့သတ်မှတ်တဲ့နှုန်းက ၁,၃၆၈.၇ ကျပ်ဖြစ်ပါတယ်။ ဒါက ကျပ် ၁,၄၀၀ ရှိနေတာကနေ ရက်ပိုင်းအတွင်း ကျပ်ငွေ ၃၀ ကျော် ထပ်ကျသွားတာပါ။ ဘဏ္ဍာရေးဈေးကွက်တည်ငြိမ်ရေးအတွက် ဗဟိုဘဏ်ရဲ့ ကျားကန်ပေးဖို့ ကြိုးပမ်းနေတဲ့ အစီအစဉ်အပေါ်မှာတော့ စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကိုက အခုလို သုံးသပ်ပါတယ်။

“ပို့ကုန်မရှိဘဲ ဒေါ်လာတွေ ဝယ်နေတာ ဖြစ်သင့်သလားလို့ မေးရင်တော့ ကျနော်ကတော့ အတိုင်းအတာ တခုအထိ မှန်တယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှိနေတဲ့ ပို့ကုန်တွေလည်း ဆက်ထိန်းဖို့လိုတယ်။ သွင်းကုန်သမားတွေ အဆင်ပြေသွားရင်လည်း တဘက်ကကြည့်ရင် ကုန်သွယ်ရေးလိုငွေ ကြီးလာမယ့် ပြဿနာရှိတယ်။ နောက်တခုက ဒေါ်လာကို ဗဟိုဘဏ်က ကြိုစုထားတယ်ပေါ့နော်။ များနိုင်သမျှများအောင် စုထားတဲ့ သဘောပေါ့နော်။ ဝယ်ထားလိုက်တော့ ဗဟိုဘဏ်မှာ ဒေါ်လာ အရန်ငွေပမာဏ များလာတာပေါ့နော်။”

ပြင်ပဈေးကွက်မှာ ဒေါ်လာဈေးကျနေပေမဲ့ ဗဟိုဘဏ်က ပို့ကုန်လုပ်ငန်းတွေကို အားပေးဖို့၊ နိုင်ငံခြားအရံငွေစုဖို့ ရည်ရွယ်ချက်တွေနဲ့ အမေရိကန် ဒေါ်လာတွေ ဝယ်ယူနေတာလို့ ယူဆမှုတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း ဒီလိုရည်ရွယ်ချက်မျိုးနဲ့ ဆောင်ရွယ်တယ် ဆိုရင်တော့ လက်တွေ့မကျဘူးလို့လည်း စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက မြင်ပါတယ်။

“အမေရိကန်ရဲ့ စီးပွားရေးအခြေအနေ ပြန်ကောင်းလာမှသာလျှင် ဒေါ်လာဈေးက မြင့်တက်လာနိုင်မယ်၊ မြန်မာပြည်အနေနဲ့က ကမ္ဘာ့ဈေးကွက်မှာ ဒေါ်လာကို ကစားနိုင်တဲ့ အင်အားမျိုး ရှိတာမဟုတ်ဘူး။ ဥပမာ တရုတ်ပြည်လိုဆို တမျိုးပေါ့။ သူတို့ ( ဗဟိုဘဏ်က) ဒေါ်လာကို ဝယ်ခြင်းအားဖြင့် ပြည်တွင်းမှာပဲ ဒေါ်လာဈေး တက်အောင်လုပ်တဲ့သဘောမျိုးရှိတယ်။ တကယ်တော့ မတက်ဘူးဗျ၊ ကျန်တဲ့ဈေးကွက်မှာက ဒေါ်လာရဲ့ ဝယ်အားက ကျနေတယ်၊ အဲဒီတော့ တမင်မကြိုးစားသင့်ဘူးလို့ပဲ ကျနော်ပြောချင်တယ်။”

လက်ရှိမှာ ဆန်နဲ့ ပဲအမျိုးမျိုးအပါအဝင် ပို့ကုန်က အရင်ကထက် ကျပါတယ်။ ကုန်ထုတ်လုပ်ငန်းတွေလည်း ပုံမှန်မလည်ပတ်သေးပါဘူး။ မြန်မာပြည်ရဲ့ ငွေကြေးဖောင်းပွတဲ့နှုန်းက ၇ ရာခိုင်နှုန်းလောက်ရှိမယ်လို့ မှန်းထားပေမဲ့ ၉ ရာခိုင်နှုန်းလောက်ထိ ရောက်နေတယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးမင်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။ ဗုဒ္ဓဟူးနေ့ ကမ္ဘာ့ဘဏ္ဍာရေး ဈေးကွက်မှာတော့ ဒေါ်လာဈေးဟာ အနည်းငယ်တက်လာခဲ့ပြီး ဥရောပ ယူရိုငွေကတော့ ကျဆင်းသွားပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကတော့ ဇွန်လထဲ အမေရိကန်ရဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေက ကိန်းဂဏန်းတွေအပေါ် စောင့်ကြည့်နေကြပြီး ထွက်ပေါ်လာတဲ့ အချက်အလက်တွေက ဘဏ္ဍာငွေကြေး ဈေးကွက်မှာ ရိုက်ခတ်လာနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG