သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU သံအမတ်နဲ့ တွေ့ဆုံမေးမြန်းခြင်း အပိုင်း(၂)


မြန်မာနိုင်ငံဆိုင်ရာ ဥရောပသံအမတ်ကြီး Kristian Schmidt နှင့် VOA တွေ့ဆုံ
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသံအမတ်ကြီး Kristian Schmidt နှင့် VOA တွေ့ဆုံ

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာကို မြန်မာအစိုးရဘက်က လက်ခံဖို့ ငြင်းပယ်တာဟာ မြန်မာနိုင်ငံအကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်မယ်လို့ မယုံကြည်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသံအမတ်ကြီး Kristian Schmidt က VOA ကို ပြောပါတယ်။ ဥရောပ သမဂ္ဂရဲ့အထူးကိုယ်စားလှယ်စေလွှတ်ရေး မြန်မာအစိုးရဘက်က အတည်ပြုမယ့်ရက်ကို စောင့်ဆိုင်းနေဆဲဖြစ်ပြီး ဒီကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကူညီမယ့်အဖွဲ့ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။ သံအမတ်ကြီး Kristian Schmidt ကို ကိုသိန်းထိုက်ဦး တွေ့ဆုံမေးမြန်းထားတဲ့ ဒုတိယပိုင်းကို နားဆင်နိုင်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်ကလည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး လုပ်ဆောင်နေပါတယ်။ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာ ကိုတော့ အသိအမှတ်မပြုပါဘူး။ ငြင်းပယ်ထားတာပါ။ မြန်မာအစိုးရရဲ့ စုံစမ်းစစ်ဆေးမှုတွေကိုရော အီးယူဘက်က ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုအဖြစ် သတ်မှတ်ပါသလား၊ ဒီအချက်ကို ကုန်သွယ်ရေးဆိုင်ရာ အထူး အခွင့်အရေးတွေ ရပ်ဆိုင်းရေး စဉ်းစားတဲ့အခါ အီးယူဘက်က ထည့်သွင်းစဉ်းစားပါသလား။

သံအမတ်ကြီး Kristian Schmidt ။ ။ပထမဆုံးပြောချင်တာက၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တာဝန်ပေးတယ်။ ဒါမှမဟုတ် အချက်အလက် ရှာဖွေရေးအဖွဲ့ ဖွဲ့တယ်ဆိုတာ၊ ကုလသမဂ္ဂတခုလုံးက တာဝန်အပ်နှင်းတာဖြစ်ပါတယ်။ ပညာရှင်တွေ၊ ဂုဏ်သိက္ခာရှိတဲ့သူတွေ ပါဝင်ပြီး စနစ်တကျ နည်းနာတွေ၊ မူဘောင် စည်းမျဉ်းတွေနဲ့ လုပ်ကိုင်တာပါ။ တဖက် ထဲကို နားထောင်ပြီး ဆုံးဖြတ်တာမဟုတ်ပါဘူး။ ဂြိုလ်တုကရိုက်ထားတဲ့ပုံတွေနဲ့ ဘက်ပေါင်းစုံ လေ့လာပြီး သက်သေအထောက်အထားတွေကို အပြန်ပြန် အလှန်လှန် စစ်ဆေးပါတယ်။ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာဟာ အနည်းအများဆိုသလို အချက်အလက်မှန်တယ်၊ ဖြစ်ပျက်နေတာတွေကို ထင်ဟတ်တယ်လို့လည်း ဥရောပနိုင်ငံတွေက ယုံကြည်လက်ခံထားပါတယ်။ ဒီအချက်အလက်ရှာဖွေရေးအဖွဲ့အပေါ် မြန်မာအစိုးရက ပူးပေါင်းဆောင်ရွက်မှု မရှိတာကို ကျနော်တို့ စိတ်မကောင်းပါဘူး။ ငြင်းပယ်တာထက် လက်ခံတာ၊ ပူးပေါင်း ဆောင်ရွက်တာက ပိုကောင်းတယ်လို့ မြင်ပါတယ်။ ဒီအဖွဲ့ဟာ တဖက်သတ်ဆန်တယ်၊ ဘက်လိုက်တယ်လို့ ပြောနေတဲ့တချိန်တည်းမှာ ဖြစ်ပျက်နေတဲ့နေရာတွေက အခြေအနေတွေကို လာကြည့်ဖို့တော့ မြန်မာဘက်က ခွင့်မပြုခဲ့ပါဘူး။ ဒါက သဘာဝကျတဲ့ ဖြေရှင်းချက် မဟုတ်ဘူးလို့ ထင်ပါတယ်။။ ကုလသမဂ္ဂလုပ်ငန်းစဉ်ကို ငြင်းပယ်တာဟာ မြန်မာနိုင်ငံရဲ့အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်မယ်လို့ ကျနော်မထင်ပါဘူး။

ဦးသိန်းထိုက်ဦး ။ ။မြန်မာအစိုးရက ဖွဲ့ထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ ပတ်သက်လို့ ပြောရရင်တော့ သူတို့ကို အတိအကျ ဘယ်လို တာဝန်အပ်နှင်းထားတယ် ဆိုတာ ကျနော်ရော၊ လူတော်တော်များများ မသိဘူးလို့လည်း ဝန်ခံရပါလိမ့်မယ်။ ဒီ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ တကယ်တမ်း ဘယ်လောက် လုပ်ပိုင်ခွင့်ရှိသလဲ၊ ကျနော်တို့ စောင့်ကြည့်နေပါတယ်။ လုပ်ပိုင်ခွင့် အပြည့်အ၀ ရှိဖို့ဆိုရင် ဒီအဖွဲ့မှာ မူ့ခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဖို့လိုတယ်။ ဥပဒေရေးရာ ကျွမ်းကျင်သူတွေ ပါဖို့လိုတယ်။ ဖြစ်ပျက်တဲ့နေရာတွေကို သွားနိုင်ခွင့်၊ စစ်ဆေးထားတွေကို ပြန်ကြည့်ခွင့်၊ ရုပ်ဝထ္ထုနဲ့ လိုအပ်တဲ့အရင်းအမြစ် အားလုံးရှိရပါလိမ့်မယ်။ ဒါက အရင် လူတော်တော်များများ လုပ်ခဲ့တဲ့ နည်းတွေပါ။ ဒီ အတိုင်း ဆောင်ရွက်မယ်မဆောင်ရွက်ဘူးဆိုတာ ကျနော်တို့ သိဖို့လိုပါတယ်။ ဒီအတိုင်း လုပ်တယ်ဆိုတယ်ဆိုရင် တော့ ဒါကို ဥရောပသမဂ္ဂအနေနဲ့ မှတ်တမ်းတင်ပါတယ်။ လက်ရှိအခြေအနေမှာတော့ စုံစမ်းရေးကော်မရှင်အနေနဲ့ ဘာတွေလုပ်နိုင်သလဲဆိုတာ စောင့်ကြည့်ဖို့လိုမယ်လို့ပဲ ပြောချင်ပါတယ်။

သံအမတ်ကြီး Kristian Schmidt ။ ။ အခု မြန်မာနိုင်ငံကို လာမယ့် အီးယူရဲ့ စောင့်ကြည့်ရေး ကိုယ်စားလှယ် အဖွဲ့ဟာ လူ့အခွင့်အရေးကိစ္စတွေကို စုံစမ်းစစ်ဆေးမှာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်ကိုလည်း သွား စစ်ဆေးတာမျိုးတွေ လုပ်မှာ မဟုတ်ပါဘူး။ အဓိကရည်ရွယ်ချက်က မြန်မာအစိုးရနဲ့ ဆွေးနွေးဖို့လာတာပါ။ မြန်မာအစိုးရဘက်က တုန့်ပြန်ချက်ကို နားထောင်မယ်။ ကျနော်တို့ရဲ့ စိုးရိမ်ချက်တွေအပေါ်မှာ မြန်မာအစိုးရဘက်က ဘာတွေ အရေးယူဆောင်ရွက်မလဲ၊ ဒီလို အလေးအနက်ထားရမယ့် စွပ်စွဲချက်တွေအပေါ် မြန်မာအစိုးရဘက်က ဘယ်လို တုန့်ပြန်ဖို့ အစီအစဉ်တွေရှိသလဲဆိုတာ နားလည်အောင် လာရောက်ဆွေးနွေးတဲ့ ခရီးစဉ်ပါ။

ဦးသိန်းထိုက်ဦး ။ ။မြန်မာပြည်ဒီမိုကရေစီတည်ဆောက်ရေးမှာ ဥရောပသမဂ္ဂက သမိုင်းကြောင်းအရ ထောက်ပံ့ပံ့ပိုးခဲ့တာပါ။ (အခုလည်း ကျနော်လည်း ဆက်ပြီး ပံ့ပိုးမှာပါ)၊ ပိတ်ဆို့အရေးယူတာ၊ ဈေးကွက်မှာ အခွန်ကင်းလွတ်တဲ့ ရောင်းချခွင့် ရုတ်သိမ်းတာ၊ ဒီလို ကုန်သွယ်ရေးဆိုင်ရာ အထူး အခွင့်အရေးတွေ ရပ်ဆိုင်းတာမျိုးက လိုချင်တဲ့၊ ပင်မရည်မှန်းချက်ကို အောင်မြင်စေနိုင်မယ်လို့ သံအမတ်ကြီး တကယ်ပဲ ယုံကြည်ပါသလား၊

သံအမတ်ကြီး Kristian Schmidt ။ ။ မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအောင်မြင်ဖို့မှာ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒက အဓိကကျတယ်လို့ ကျနော်ထင်ပါတယ်။ ဒီနေ့ အခြေအနေကို ရောက်ဖို့အတွက် ခက်ခဲကြမ်းတမ်းမှုတွေကြားက မြန်မာ ပြည်သူတွေ ပေးဆပ်ခဲ့ကြရတာပါ။ ပြင်ပက ဖိအားကြောင့် ဖြစ်လာတာမဟုတ်ပါဘူး။ မြန်မာ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်အရ ဖြစ်လာခဲ့တာပါ။ အကျဉ်းထောင်တွေ၊ လမ်းမတွေ တက္ကသိုလ်တွေပေါ်က တောင်းဆိုတိုက်ပွဲတွေကြောင့်ပါ။ ဒီတော့ အောင်မြင်ဖို့ ဆိုတာ မြန်မာပြည်သူတွေက အခရာ ကျပါတယ်။ ဒီနေရာမှာ နိုင်ငံတကာရဲ့ ဝိုင်းဝန်းပံ့ပိုးမှုက အရေးကြီးတယ်ဆိုတာ ကျနော်ယုံကြည်လက်ခံပါတယ်။ ဥရောပ သမဂ္ဂအနေနဲ့ တလျှောက်လုံးပံ့ပိုးကူညီခဲ့တာပါ။ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ကုလသမဂ္ဂမှာ ဥရောပ သမဂ္ဂက တလျှောက်လုံး အပြင်းထန်ဆုံး ဝေဖန် ပြောဆိုခဲ့တာပါ။ အခုအချိန်မှာလည်း မှားနေတာ တခုခုကိုတွေ့ရင် ကုလသမဂ္ဂမှာ အကျယ်လောင်ဆုံး ပြောနေတာ ဥရောပသမဂ္ဂဖြစ်နေတာကို မအံ့သြပါနဲ့၊ ကျနော်တို့က အားလုံး အစုံ ပါဝင်ခွင့်ဆိုတာ ကို လက်ခံသူတွေမို့ပါ။ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေကို အရေးယူဖြေရှင်းနေတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ထောက်ခံရပါလိမ့်မယ်။ မြန်မာအစိုးရအနေနဲ့လည်း မှန်မှန်ကန်ကန်ဆုံးဖြတ်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ကုန်သွယ်ရေးကိစ္စတွေမှာ ဘာပဲဖြစ်ဖြစ် မြန်မာပြည် ဒီမိုကရေစီရေး ပံ့ပိုးနေတာတွေကို ဥရောပသမဂ္ဂက ကျောခိုင်းမသွားဘူးဆိုတာ ပြောချင်ပါတယ်။ တကယ်တော့ အခုလာမယ့် အီးယူရဲ့ စောင့်ကြည့်ရေး ကိုယ်စားလှယ် အဖွဲ့ဟာလည်း မြန်မာပြည်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပံ့ပိုးကူညီဖို့ လာတာဖြစ်ပါတယ်။

လူ့အသိုင်းအဝိုင်းတခုကို ဝိုင်းပယ်ထားမယ်ဆိုရင် ဒီမိုကရေစီဆိုတာ မရနိုင်ပါဘူး၊ ဒုက္ခရောက်နေတဲ့သူတွေကို အကအကွယ်မပေးဘူး၊ အသိုင်းအဝိုင်းတခုခုကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုဘူး၊ အခြေခံ ကျန်းမာရေးပညာရေး စောင့်ရှောက်ခွင့်တွေ မပေးဘူးဆိုရင် ဂုဏ်သိက္ခာ ဆိုတာလည်း တည်ဆောက်လို့မရပါဘူး။ ဒီမိုကရေစီကရလာတဲ့ အကျိုးခံစားခွင့်တွေကို အားလုံးရဖို့ လိုပါတယ်။ ကျနော်တို့ လုပ်ဆောင်ချက်တွေဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထောက်ခံတဲ့လုပ်ရပ်လို့ ကျနော်ယုံကြည်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။မြန်မာနိုင်ငံဟာ ပြည်သူတွေရဲ့ ရုန်းကန်မှု နိုင်ငံတကာရဲ့ ထောက်ခံမှုနဲ့ သံအမတ်ကြီးပြောသလို ဒီနေ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်နေပါတယ်။ ဒါပေမဲ့လည်း အစပျိုးအဆင့်မှာ ရှိနေပြီး တခါတရံ အခြေအနေ ထိခိုက် ပျက်ဆီးလွယ်တဲ့ အနေအထားလို့ မြင်ရတာတွေလည်း ရှိပါတယ်။ စီးပွားရေးပြသနာတွေ။ အခုဆို ငွေလဲနှုန်းပြသနာ၊ နောက်ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကိစ္စ ရုန်းကန် ကြိုးပမ်းနေရတာတွေ ရှိပါတယ်။ ဒီလို အချိန်မှာ ကုန်သွယ်ခွင့် အကျိုးခံစားခွင့်ကို ရပ်ဆိုင်းတာမျိုး အရေးယူမယ်ဆိုရင်၊ ဒီ ဒီမိုကရေစီရေးတိုးတက်မှုတွေကို ရှေ့မဆက်နိုင်အောင် ဆွဲလှဲလိုက်သလိုဖြစ်သွားမယ်လို့ တယောက်ယောက်က ထောက်ပြလာရင်ရော သံအမတ်ကြီးအနေနဲ့ ဘယ်လိုတုန့်ပြန်မလဲခင်ဗျား။

သံအမတ်ကြီး Kristian Schmidt ။ ။ ပြောစရာ တချို့ရှိပါတယ်။ ပထမအနေနဲ့ ပြောချင်တာက ကျနော်တို့ဘက် ဘာဆုံးဖြတ်ချက်မ မချရသေးပါဘူး။ အီးယူရဲ့ စောင့်ကြည့်ရေး ကိုယ်စားလှယ် အဖွဲ့ဟာ ဒီက အခြေအနေ အမှန်ကို သိအောင်လာ စုံစမ်းတာဖြစ်ပါတယ်။ ဘယ်လို ဆုံးဖြတ်ချက်ပဲချချ၊ အကြောင်းကိစ္စမျိုးစုံကို ဆုံးဖြတ်မယ့်သူတွေအနေနဲ့ ထည့်သွင်းစဉ်းစားမှာဖြစ်ပါတယ်။ ကျနော် ပထမဖြေချင်တာ ကျနော်တို့ သေသေခြာခြာကို စဉ်းစားပြီးမှ ဆုံးဖြတ်မယ်ဆိုတာပါ။

နောက်တချက်က မြန်မာပြည်ရဲ့ တည်ငြိမ်မှုဆိုတာကို ကြည့်တဲ့အခါ၊ ကျနော့ ကိုယ်ပိုင်အမြင်အရ အရပ်ဖက် စစ်ဖက် ပါဝင်တဲ့ အစိုးရအနေနဲ့ အားလုံးရဲ့ တန်းတူညီမျှမှုနဲ့ ဂုဏ်သိက္ခာကို အောင်အောင်မြင်မြင် အာမခံနိုင်မှ တည်ငြိမ်မှုကို တည်ဆောက်နိုင်တယ်လို့ လက်ခံပါတယ်။ ဒါက ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အရေးကြီးတဲ့အချက်တချက်လည်းဖြစ်ပါတယ်။ အခု အောက်တိုဘာ ၁၅ ရက်နေ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အစိုးရ စစ်တပ်တို့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတဲ့ သုံးနှစ်ပြည့် ဆွေးနွေးတဲ့အခါမှာလည်း တန်းတူညီမျှမှု၊ အားလုံးရဲ့ နိုင်ငံရေးအရ တန်းတူ အခွင့်အရေး ဆိုတာတွေကို ပြောဆိုဆွေးနွေးကြမှာပါ။ ဒီတော့ တိုင်းပြည်ရဲ့တည်ငြိမ်မှုဆိုတာကို ပြောရင် နိုင်ငံသားတွေအားလုံး၊ တိုင်းပြည်အတွင်းမှာ နေထိုင်သူအားလုံးရဲ့ တန်းတူအခွင့်အရေး ရှိရမယ်ဆိုတာ ကျနော်ထပ်ပြောချင်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။အီးယူက စေလွှတ်မယ့် ကိုယ်စားလှယ် အဖွဲ့အကြောင်းကို ပြန်သွားချင်ပါတယ်။ ဒီအဖွဲ့အနေနဲ့ မြန်မာအစိုးရနဲ့ ကြိုတင်ညှိ့နိုင်းမှုတွေ လုပ်တာမျိုး ရှိပါသလား၊ ဒီကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးမှုတွေမှာ မြန်မာဘက်ကလည်း သဘောတူပြီး ပြောင်းလဲလာမယ်။ ပူးပေါင်းဆောင်ရွက်မယ်လို့ ယုံကြည်ပါသလား။

သံအမတ်ကြီး Kristian Schmidt ။ ။ ဒီကိစ္စက အစိုးရကို အခုမှ ရုတ်တရက် အံအားသင့်အောင် လုပ်လိုက်တဲ့ ကိစ္စမျိုးမဟုတ်ပါဘူး။ အစိုးရဝန်ကြီးဌာနတွေနဲ့ ဆက်ပြီး တွေ့ဆုံဆွေးနွေးတဲ့အချိန်တွေမှာ ဒီကိုယ်စားလှယ်အဖွဲ့ လာကောင်းလာမယ်ဆိုတာကို ကျနော် ဘက်က ဆွေးနွေးခဲ့ပြီးသားပါ။ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံကြိုဆိုမယ်ဆိုတာ သေခြာပါတယ်။ ဘရတ်ဆဲမှာရှိတဲ့ အီးယူ ဌာနချုပ်က ဒီအဖွဲ့စေလွှတ်မယ်ဆိုတာကို ဒီတပတ်ထဲမှာ လူသိရှင်ကြား ကျေညာလိုက်ပြီးတဲ့အချိန်မှာ အစိုးရဘက်ကလည်း တွေ့ဆုံဆွေးနွေးမယ်ဆိုတာကို အတည်ပြုပါတယ်။ မြန်မာအစိုးရနဲ့ ဥရောပသမဂ္ဂအကြား မိတ်ဖက်အဖြစ် လက်ခံ ဆွေးနွေးဖို့ သဘောတူတာကိုက သတင်းကောင်းတခုပါ။ ကိုယ့်ဘာသာ ဆုံးဖြတ်ကြမယ်အစား နှစ်ဖက် တွေ့ဆုံဆွေးနွေးကြမယ်။ ဘယ်လိုရလဒ်မျိုး ထွက်လာမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG