သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူငယ် တေးသံရှင် မေသက်ထားဆွေရဲ့ ဆန္ဒ


လူငယ် တေးသံရှင် မေသက်ထားဆွေ
လူငယ် တေးသံရှင် မေသက်ထားဆွေ

မြန်မာ့ဂီတလောကမှာ ဂန္တဝင် မြန်မာတေး စစ်စစ်တွေ ပျောက်ကွယ်လုနီးပါး ဖြစ်လာတာကို ထိန်းသိမ်းလိုတဲ့ဆန္ဒနဲ့ မြန်မာသံစဉ် တေးသီချင်းတွေကို အလေးထား သီဆိုခဲ့တယ်လို့ “စန္ဒကိန္နရီ” သီချင်းနဲ့ လူသိများလာတဲ့ အသက် (၆)နှစ် အရွယ်ကစပြီး နိုင်ငံတော် ဆို-က-ရေး-တီးပြိုင်ပွဲတွေမှာ ရွှေတံဆိပ်(၆)ခု ဆွတ်ခူးခဲ့သူ တေးသံရှင် မမေသက်ထားဆွေက VOA ကို ပြောပါတယ်။

တက္ကဆက်ပြည်နယ် Amarillo မြို့က ဇေယျသုခဓမ္မရိပ်သာ ကျောင်းမှာပြုလုပ်တဲ့ ရဟန်းခံရှင်ပြုပွဲမှာ မင်္ဂလာတေးသီချင်းတွေ သီဆိုဖို့ အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ တေးသံရှင်ကို ဝါရှင်တန်ဒီစီ က VOA ရုံးချုပ်မှာ ကိုဉာဏ်ဝင်းအောင်က တွေ့ဆုံ မေးမြန်းတဲ့အခါ အခုလို စပြောပါတယ်။

မမေသက်ထားဆွေ။ ။ သမီးဝါသနာပါတာကတော့ ၃ နှစ် ၄ နှစ်လောက်ကတည်းကပေါ့နော်။ မေမေတို့ကတော့ ပြောတယ် စာမဖတ်တတ်သေးပဲနဲ့ သံစဉ်အလိုက်အကုန်ရနေတယ်လို့ပြောတယ်။ နောက်ပိုင်း ၆ နှစ် ၇ နှစ်မှာ ပြိုင်ပွဲတွေ ပြိုင်တယ်။ နောက် ၉ နှစ်ကနေပြီးတာ့ “စန္ဒကိန္နရီ” သီချင်းနဲ့ ပရိတ်သတ်တွေ လက်ခံတယ်ပေါ့နော်။ ဆိုတာကတော့ နည်းနည်းကြာပြီ ဒီ ၉ နှစ်မှာ ပရိတ်သတ်လက်ခံတာကနေ အခုဆိုရင် ၇ နှစ်လောက်ရှိပါပြီ။

ကိုဉာဏ်ဝင်းအောင်။ ။ အဲဒီတော့ ပြိုင်ပွဲတွေမှာ ဘယ်နှစ်ကြိမ်လောက် ဆုရခဲ့ဖူးပါသလဲ။

မမေသက်ထားဆွေ။ ။ သမီးက အမှန်တကယ်တော့ ပြိုင်ပွဲတွေ အများကြီး ပြိုင်ခဲ့တယ်ပေါ့နော်။ ငယ်ငယ်တုန်းက အရမ်းဝါသနာပါတော့ အမေတို့ကလည်း မြေတောင်မြောက်ပေးတယ်ဆိုတော့ နိုင်ငံတော် ဆို-က-ရေး-တီးပြိုင်ပွဲတွေလည်းပြိုင်ခဲ့တယ် ရွှေတံဆိပ် ၆ ခု၊ ငွေ ၁ ခု၊ ကြေး ၁ ခု ပေါ့နော်။

ကိုဉာဏ်ဝင်းအောင်။ ။ အထူးသဖြင့် ကိုယ်သီဆိုခဲ့တဲ့ သီချင်းတွေက မြန်မာသံစဉ်တွေ များမယ်ထင်တယ်နော်။

မမေသက်ထားဆွေ။ ။ ဟုတ်ကဲ့။

ကိုဉာဏ်ဝင်းအောင်။ ။ ဆိုတော့ မြန်မာသံစဉ်လိုင်းကို ဘာကြောင့်လိုက်ဖြစ်တာလဲ။

မမေသက်ထားဆွေ။ ။ သမီးငယ်ငယ်တုန်းကတော့ လူငယ်ဆိုတော့ ခေတ်ပေါ်လိုင်းကိုလည်း ကြိုက်တယ် နောက်ပြီးတော့ မြန်မာသီချင်းကိုလည်း ဆိုတယ်။ ဒါပေမယ့် “စန္ဒကိန္နရီ” သီချင်းနဲ့ ပရိတ်သတ်တွေက အသိအမှတ်ပြုတယ် လက်ခံတဲ့အတွက် သမီး မြန်မာသီချင်းဘက်ကို ပိုပြီးရောက်သွားတာလည်း ဟုတ်သလို၊ နောက်ပိုင်းကျရင် မြန်မာသီချင်းတွေကလည်း အခုဆိုရင်လည်း ပျောက်လုနီးပါး ဖြစ်နေတဲ့အတွက် ကိုယ်လူငယ်တယောက်အနေနဲ့ ကိုယ်တတ်နိုင်တာနဲ့ ဆရာတွေဆီကလည်း ပညာတွေ ဆက်ခံရင်းနဲ့ ထိန်းသိမ်းတဲ့သဘောအနေနဲ့ မြန်မာသီချင်းတွေကို ပိုဆိုဖြစ်တာပါ။

ကိုဉာဏ်ဝင်းအောင်။ ။ အိမ်နီးချင်းနိုင်ငံတွေပေါ့လေ အိန္ဒိယကိုပဲ ကြည့်ကြည့်၊ ထိုင်းကိုပဲ ကြည့်ကြည့် ဂျပန်ကိုပဲ ကြည့်ကြည့် အဲဒီနိုင်ငံတွေမှာ ရှေးဟောင်းသီချင်းဆိုရင် သူ့ကဏ္ဍသီးသန့် လူငယ်မျိုးဆက်တွေကို သယ်ဆောင်သွားတယ် လူငယ်မျိုးဆက်တွေကလည်း ကြိုးစားအားထုတ်ပြီးတော့ဆိုတယ်ဆိုတော့ အဲဒီ ရှေးဟောင်းသံစဉ်တွေကို ရေရှည်ရပ်တည်နိုင်အောင်ကြိုးစားတာတွေ တွေ့ရတယ် မြန်မာနိုင်ငံမှာရော ဘယ်လိုရှိပါသလဲ။

မမေသက်ထားဆွေ။ ။ လူငယ်ဆိုတော့ ခေတ်ပေါ် Hip Hop တို့ အဲလိုမျိုးတွေကို ပိုပြီးတော့ သဘောကျတယ်ပေါ့နော်။ နောက်ပိုင်းမှာတော့ တချို့လူငယ်တွေကလည်း မြန်မာသီချင်းလေးတွေကို ပိုပြီးစိတ်ဝင်စားလာတာကို တွေ့တယ်။ ဒါပေမယ့် တော်တော်များများကတော့ အရမ်းမကြိုက်ကြဘူ။း ဘာဖြစ်လို့လဲဆိုတော့ ကလေးသဘာဝအရကတော့ ဒါတွေက ပြင်းစရာကောင်းတယ်ပေါ့နော်။ ဒါပေမယ့် မြန်မာ့ဂီတအနေနဲ့ ကြည့်မယ်ဆိုရင် ဒါက တကယ့်ကို အနှစ်သာရပေါ့နော် ။ သမီးတို့ဆိုရင် နိုင်ငံတော် ဆို-က-ရေး-တီးပြိုင်ပွဲတွေမှာ စည်းဝါးတကျ မဟာဂီတသီချင်းတွေကို ပြိုင်ရတယ်၊ သမီးအနေနဲ့တော့ လူငယ်တွေကို ကိုယ်မဆို နိုင်ရင်တောင်မှ လေ့လာစေချင်တယ်ပေါ့နော်။ တကယ်ခက်ခဲနက်နဲတဲ့ မဟာဂီတတွေလည်း အများကြီးရှိတယ်။ လူငယ်တွေ တော်တေ်ာများများလည်း အခုနောက်ပိုင်းမှာ နောက်ထပ် လူငယ်တွေ မြန်မာသံစဉ်တွေ ဆိုလာတာလည်း တွေ့ရတယ် အဲဒါကို ဝမ်းသာပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ ခုနကပြောသလို ရှေးဟောင်းသံစဉ် မဟာဂီတအပိုင်းနဲ့ ပတ်သက်လာရင် ကျန်တဲ့နိုင်ငံမှာ နိုင်ငံတော် ကိုယ်တိုင်က အားပေးအားမြောက်ပြုတယ်။ မြန်မာနိုင်ငံအနေအထားရော ဘယ်လိုရှိပါသလဲ။

မမေသက်ထားဆွေ။ ။ မြန်မာနိုင်ငံက အဓိကတော့ နိုင်ငံတော် ဆို-က-ရေး-တီးပြိုင်ပွဲပေါ့နော်၊ အဲဒါကတော့ မဟာဂီတ ကာလပေါ် ဆိုပြီးတော့ရှိတယ်။ အဲဒီမဟာဂီတမှာဆိုရင် သမီးတို့ ထန်-တရာ-တေရှင် တို့ဘာတို့ဆိုတာ ဒါမြန်မာ့ဂီတအစပဲလေ။ စည်းနဲ့ဝါးနဲ့ စနစ်တကျဆိုတယ် ဒါကတော့ မြန်မာ့ဂီတရဲ့ ပင်မရင်းမြစ်တွေပါပဲ။

ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့ ဒီမဟာဂီတပိုင်းကို ထိန်းသိမ်းဖို့အတွက် ဘယ်လောက်အထိ အရေးကြီးတယ်ထင်ပါသလဲ။

မမေသက်ထားဆွေ။ ။ သမီးအနေနဲ့တော့ ဒါအရေးကြီးပါတယ် မြန်မာ့ဂီတရဲ့ အနှစ်သာရပဲလေ။ အဓိကတော့ မြန်မာသံစဉ် ပေါ့နော်။ သမီးအနေနဲ့ အရေးကြီးတယ်လို့ ခံယူပါတယ်။ ဖွားဖွားဒေါ်မာမာအေးဆိုရင်လည်း သမီး အမေရိက ရောက်တဲ့အထိ သွားကန်တော့ရင်းနဲ့ ဖွားဖွားက သီချင်းတွေ ပြန်သင်တယ်ပေါ့နော်။ အဓိကတော့ လူငယ်တွေအနေနဲ့ ထိန်းသိမ်းဖို့လိုတယ်လို့ ထင်ပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ ပရိတ်သက်တွေအားပေးတဲ့ သီချင်းတွေထဲက ဆိုတာ ဘာတွေရှိပါသလဲ။

မမေသက်ထားဆွေ။ ။ သမီးကို မေသက်ထားဆွေဆိုပြီးတော့ လက်ခံတာကတော့ စန္ဒကိန္နရီ ပေါ့နော်။ ဒါက ဖွားဖွားဒေါ်လှရွှေ သီဆိုခဲ့တယ်။ နောက် ဖွားဖွား မာမာအေးလည်း ပြန်ဆိုတယ်။ ဒါ သဟာယ ဆရာတင်- ဖိုးဖိုး သဟာယ ဆရာတင် ရေးစပ်ထားတဲ့ စန္ဒကိန္နရီ သီချင်းလေးပေါ့။ နောက်သီချင်းတွေလည်း အများကြီးရှိပါတယ် ။ ဂျပန်ပြည်ကို ရေးတဲ့စာတို့ အဲလို ပြိုင်ပွဲဝင် သီချင်းလေးတွေပေါ့နော်။

လူငယ် တေးသံရှင် မေသက်ထားဆွေရဲ့ ဆန္ဒ
please wait

No media source currently available

0:00 0:04:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG