သုံးရလွယ်ကူစေသည့် Link များ

ပြည်ပရောက် မြန်မာတွေ အတွက် ကြိုတင် မဲ စတင်


စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ မဲပေးရန် တန်းစီစောင့်ဆိုင်းနေစဉ်။ သတင်းဓာတ်ပုံ- Credit to စလုံး Page.

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အများအပြား နေထိုင်တဲ့ အာရှဒေသတွင်းက စင်္ကာပူနဲ့ တောင်ကိုရီးယား နိုင်ငံတွေမှာတော့ ဒီကနေ့ ကြိုတင်မဲ စတင်ပေးနေပြီ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၅ရက်နေ့ကနေ ၁၈ ရက်နေ့ထိ ကြိုတင်မဲပေးနိုင်ဖို့ ရက် သတ်မှတ်ထားပေးပြီး ဒီကနေ့ မဲစတင်ပေးရတဲ့ရက်မှာတော့ စင်္ကာပူနိုင်ငံရောက် မြန်မာ နိုင်ငံသား ထောင်နဲ့ချီ ကြိုတင်မဲပေးခဲ့တယ်လို့ဆိုပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က စုံစမ်းတင်ပြထားပါတယ်။

စင်ကာပူနိုင်ငံ မြန်မာသံရုံး- သတင်းဓာတ်ပုံ- Credit to စလုံး Community Page
စင်ကာပူနိုင်ငံ မြန်မာသံရုံး- သတင်းဓာတ်ပုံ- Credit to စလုံး Community Page

အောချတ်အရပ်မှာရှိတဲ့ မြန်မာသံရုံးမှာ ဒီကနေ့ မနက်အစောပိုင်းကစလို့ ကြိုတင် မဲဆန္ဒပေးဖို့ စင်္ကာပူရောက် မြန်မာတွေ ထောင်နဲ့ချီပြီး စောင့်ဆိုင်း မဲပေးခဲ့ပါတယ်။ ကြိုတင်မဲ စတင်ပေးနိုင်တဲ့ ပထမရက်မှာ မဲပေးသူတွေများတဲ့အတွက် နာရီ အတော်ကြာ စောင့်ဆိုင်းပြီးမှ မဲပေးခဲ့ရပေမယ့် အားလုံးအဆင်ပြေခဲ့ပါတယ်လို့ မဲပေးသူတဦးဖြစ်တဲ့ ဘူမိအင်ဂျင်နီယာ ဒေါက်တာအောင်ကိုကိုစိုးက အခုလိုပြောပါတယ်။

" သူတို့တွေ အကုန်လုံးက ဖော်ဖော်ရွေရွေပါပဲ။ အကူအညီတွေ အကုန်လုံး ပေး ပါတယ်။ မေးတာ မှန်သမျှကို ဖော်ဖော်ရွေရွေ ကောင်းကောင်းမွန်မွန်နဲ့ ယဉ်ယဉ်ကျေးကျေး ပြောပြပါတယ်ဗျ။ သံရုံးဝန်ထမ်းတွေအနေနဲ့ ဘာမှ ပြောစရာ မရှိပါဘူး။ ကျနော်က တိုင်းရင်းသားမဟုတ်တဲ့အတွက်ကြောင့်မို့လို့ သုံးပြား ရတယ်ပေါ့နော်။ တိုင်းဒေသကြီး လွှတ်တော်ရယ်။ အမျိုးသား လွှတ်တော်ရယ် ပြည်သူ့ လွှတ်တော်ရယ် သုံးပြားရပါတယ်။ ဒါပေမဲ့ ကျနော့်  ရှေ့မှာ ကျတော့ ဘာဖြစ်လဲ ဆိုတော့ သူက ရှမ်းအမျိုးသမီး ထင်တယ်။ တိုင်းရင်းသားဖြစ်တဲ့ အတွက် လေးခု ပေးရမယ်ပေါ့။ ဒါပေမဲ့ သုံးခုပဲ ပေးပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ တာမွေမြို့ ရဲ့ မေတ္တာညွန့်ရဲ့ စာရင်းမှာ ရှမ်းမပါပါဘူးဆိုပြီး သူ့ကို သုံးခုပဲ ပေးပါတယ်။ သံရုံး ဝန်ထမ်းတွေက သူတို့ကိုလည်း နားလည်ပေးပါပေါ့လေ။ ကော်မရှင်က ပို့လိုက်တဲ့ စာရင်းထဲမှာ ရခိုင်နဲ့ ကရင်ပဲ ပါတယ်။ ရှမ်း တယောက်မှ မပါတဲ့ အတွက်ကြောင့်မို့လို့ သူတို့က အဲ့ဒီ့အမျိုးသမီးကိုတော့ သုံးပြားပဲ ပေးလိုက်ပါတယ်။"

ဒါပေမယ့်လည်း မဲပေးဖို့တန်းစီရာမှာ စည်းစနစ်မကျတဲ့အပြင် ကွန်ပြူတာစနစ်နဲ့ ကိုယ့်နာမည်ကို ရှာဖွေရတာ မဟုတ်တာကြောင့်မလိုအပ်ပဲ အချိန်တွေ ပိုကြာတယ်လို့ စကာင်္ပူမှာ နေထိုင်တဲ့ မမို့အိ က အခုလိုရှင်းပြပါတယ်။

"Manual ဖြစ်တဲ့အတွက် လူက ကိုယ်စာရင်းထဲမှာ ပါသော်လည်းပဲ ကောင်တာ Table ရှေ့ကို ရောက်တဲ့အခါကျတော့ ကိုယ့်နာမည် ပါ မပါ ကိုယ့်ဘာသာကိုယ် တခေါက် စစ်ရပြန်တယ်။ အဲ့ဒီ့စာရွက်ကြီးတွေကို လှန်ပြီးတော့ စာရွက်က ဘာလဲဆိုတော့ ရပ်ကွက်ရုံးမှာ ကပ်ထားတဲ့ စာရွက်တွေကို ဓာတ်ပုံရိုက်ထားတဲ့ သဘောမျိုးပေါ့နော်။ တကယ်တမ်း Lists နဲ့ အစအဆုံးကြည့်ရတာ မဟုတ်ပဲ တရွက်စီ သွားတယ်။ အဲ့ဒီ့မှာ နာမည်ကိုရှာ ကိုယ့်နာမည်တွေ့ရင် ဘေးမှာ လက်မှတ်ထိုးရတယ်။ ပြီးလို့ရှိရင် ရန်ကုန်တိုင်းဆို မဲသုံးခု ရမှာပေါ့။ လက်မှတ်သုံးခုကို ထုတ်ပေးတယ်။ ထုတ်ပေးတဲ့နေရာမှာ ရန်ကုန်တိုင်း အလုံမြို့နယ် ရပ်ကွက်ဆိုတာ တိုင်းဒေသကြီး ၁ လား၊ ၂ လားဆိုတာ ချက်ခြင်း မသိဘူး။ မသိတဲ့အတွက် သူတို့ ဘယ်အိတ်ထဲမှာ ရှာရမှန်း မသိဘူး ဆိုတော့ နည်းနည်း အလုပ်ရှုပ်တယ်ပေါ့။"

ကိုယ့်ရဲ့ ဆန္ဒမဲတပြား နဲ့ နိုင်ငံ အပြောင်းအလဲ ဖြစ်အောင် ပြည်ပရောက် မြန်မာနိုင်ငံ သားတွေ အနေနဲ့ အခုလို အချိန်ယူပြီး ဆန္ဒမဲ လာရောက်ပေးတာဖြစ်ပေမယ့် ကိုယ့်ရဲ့ မဲတွေကို ဘယ်လိုပုံစံမျိုးနဲ့ ရေတွက်မှာလည်းဆိုတာကို မသိတဲ့အတွက် စိုးရိမ်တယ်လို့ မမို့အိနဲ့ မစိုးသင်ဇာလတ်က အခုလိုပြောပါတယ်။

" မဲတွေကို ရသွားရင် ဘယ်လိုပုံစံနဲ့ Count ရေတွက်မယ်။ ဘယ်လိုပုံစံနဲ့ ဘယ်နေရာမှာ ဘယ်လို ပြန်ခွဲမယ်ဆိုတာ မသိရတဲ့အတွက် သိပ်တော့ စိတ်ထဲမှာ ၁၀၀% တော့ ကျေနပ်မှုမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု မဲတွေကို ကောင်တာတွေ ခွဲထားတယ်။ ဒါပေမဲ့ တကယ်တမ်း မဲပုံးက လေးပုံးပဲ ချထားပြီးတော့ ခွဲထားတဲ့ကောင်တာတွေက လေးပုံးကို ပြန်ထည့်တယ်။ ဒါတွေကို ဘယ်လိုပြန်သယ်မယ်။ သယ်ပြီးရင် မြို့နယ်အလိုက် ခွဲထုတ်ပြီးတော့ ရေတွက်တာကို ဘယ်လိုအတိအကျ သိရမလဲဆိုတာ ဘာမှ Transparency မရှိဘူး။ အဲ့ဒီ့အတွက် သဘောမကျပါဘူး။"

" မဲပုံးကြီးတွေ ချထားတာကို မဲထည့်လိုက်တာပဲ။ ဒါပေမဲ့ ညီမ အရမ်းစိုးရိမ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် Security ကို ညီမတို့ မမြင်ရဘူးလေ။ ဒါတွေကို ဘယ်လို Processing လုပ်နေတယ်ဆိုတာ မမြင်ရဘူးလေ။ ညီမတို့က Vote လုပ်လိုက်တာပဲ။ အနောက်က ဘယ်လိုပြန်လုပ်မယ်။ ဘယ်လိုအဆင့်ဆင့်လုပ်မယ်ဆိုတာက သတင်းအချက်အလက် Informations ကို ဘာမှ မသိပါဘူး။"

ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ကြိုတင် မဲဆန္ဒပေးနိုင်ဖို့ ပုံစံ ၁၅ လျှောက်လွှာ ကို တင်ပြီး ခွင့်ပြုချက် ကြိုတင်ရယူရတာပါ။ ဒါပေမယ့်လည်း ဒီလို ပုံစံ ၁၅ တင်တဲ့ သူတွေတိုင်း မဲပေးခွင့် မရဘူးလို့ စင်္ကာပူနိုင်ငံ မှာ နေထိုင်တဲ့ ဒေါက်တာ အောင်ကိုကိုစိုးက သူ့အတွေ့အကြုံကို အခုလိုရှင်းပြပါတယ်။

"ကျနော့်ရှေ့မှာ နောက်ထပ် ကောင်မလေးတယောက်ပါ။ သူကကျတော့ သူ ပုံစံ(၁၅) တင်ထားတယ်။ မဲစာရင်းမှာ သူ့နာမည် ပါမလာဘူး။ ဒါပေမဲ့ ဒီမှာ သူလာတန်းစီတယ်။ ကြိုးစားတယ်။ သံရုံးက ဝန်ထမ်းတွေက ပြောပါတယ်။ ကောင်တာမှာ သွားမေးကြည့်ပါ။ အဲ့မှာ ပြောပြပြီး စာရင်းရှိလား ရှာကြည့်ပါပေါ့။ တကယ်လို့ မရဘူးဆိုရင်တော့ သူတို့ကို နားလည်ပေးပြီးတော့ ပြန်ထွက် သွားပေးပါ လို့ပြောပါတယ်။ ကောင်မလေးက သူတို့ပြောတဲ့အတိုင်း ကောင်တာမှာ သွားရှာတယ်။ မပါဘူး။ မပါတဲ့အတွက် သူပြန်သွားရပါတယ်။ မဲပေးလို့မရခဲ့ပါဘူးခင်ဗျ။

ဒါကတော့ ပြောမပြတတ်အောင်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တွေ အကုန်လုံး နိုင်ငံခြားမှာ ရှိနေတဲ့သူတွေ အကုန်လုံး စင်ကာပူမှာရှိနေတဲ့သူတွေ အကုန်လုံးကလည်း ပြောင်းလဲခြင်းကို လိုလားနေတဲ့သူတွေ ဒါကြောင့်မို့ ပြောင်းလဲခြင်းကို လုပ်ပေးမယ့် ပါတီကို မဲပေးချင်ကြတာလေ။ မပေးလိုက်ရတဲ့ အတွက် ကျနော်တို့အတွက် တော်တော်ကြီးကို နစ်နာတယ်လို့ ထင်ပါတယ်ခင်ဗျ။"

အာရှဒေသတွင်းက စင်္ကာပူနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ အောက်တိုဘာလ ၁၅ ရက်ကနေ ၁၈ နေ့အထိ ကြိုတင်မဲ ဆန္ဒပေးနိုင်မှာ ဖြစ်ပါတယ်။ တေင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ရှိတဲ့ မြန်မာသံရုံးရဲ့ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ အခုလို ကြိုတင်မဲပေးဖို့ ပုံစံ ၁၅ ဖြည့်စွက်ခဲ့ပေမယ့် မဲပေးခွင့်အမည်စာရင်းထဲမှာ မပါသူတွေ အနေနဲ့ သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ကို ဆက်သွယ်မေးမြန်း ဖို့ ဆိုပြီး ဖေါ်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသားတွေ သန်းနဲ့ချီနေထိုင်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာ သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာလည်း ကြိုတင်မဲပေးနိုင်သူ ၅၆၁ ဦး သာ ရှိတယ်ဆိုပြီး ဖေါ်ပြထားပါတယ်။

XS
SM
MD
LG