သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VPN မရလို့ အွန်လိုင်းလုပ်ငန်းတွေ ဒုက္ခတွေ့


MYANMAR-FACEBOOK
MYANMAR-FACEBOOK

မြန်မာနိုင်ငံမှာ ပိတ်ပင်ထားတဲ့ ဝဘ်ဆိုဒ်တွေကို ကြည့်နိုင်အောင် အသုံးပြုကြတဲ့ VPN ကြားခံအင်တာနက်ကွန်ရက်တွေ သုံးမရဖြစ်နေတာကြောင့် အွန်လိုင်းအားကိုးစီးပွားရေးလုပ်သူတွေ အတော် အခက်တွေ့နေကြပါတယ်။ အွန်လိုင်းအားကိုးပြီး ဈေးရောင်းနေသူတွေ ရောင်းအားကျတဲ့အထိ အခက်အခဲဖြစ်နေတာနဲ့ပတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို တင်ပြပါထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူသုံးများတဲ့ Facebook လူမှုကွန်ရက်အပါအဝင် အင်တာနက်သုံးစွဲမှုတွေကို ကန့်သတ် ထိန်းချုပ်ခဲ့ပါတယ်။ စစ်ကောင်စီပိတ်ပင်ထားတဲ့ ဝဘ်ဆိုဒ် အင်တာနက်စာမျက်နှာတွေကို ဝင်ကြည့်နိုင်ဖို့ VPN မျိုးစုံကို ပြည်သူတွေ သုံးစွဲခဲ့ကြပါတယ်။ သုံးစွဲနေသူကို ခြေရာခံလို့ မရနိုင်အောင် လုပ်ပေးထားတဲ့ ကြားခံ VPN အင်တာနက် ကွန်ရက်တွေကို မေလလယ်လောက်ထဲကစလို့ အသုံးပြုလို့ မရတဲ့ အခက်အခဲ ကြုံနေကြရပါတယ်။

VPN သုံးလို့မရအောင် စနစ်တကျပိတ်ပင်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို သုံးမရဖြစ်နေတာကြောင့် အွန်လိုင်းကို အားကိုးနေရတဲ့ လုပ်ငန်းတွေ၊ အထူးသဖြင့် အွန်လိုင်းပေါ်မှာ စာသင်သူတွေ၊ စီးပွားရှာသူတွေ အတော်အခက်တွေ့နေကြပါတယ်။ အွန်လိုင်းမှာ Live လွှင့်ပြီး ဈေးရောင်းသူတယောက်က အရောင်းအဝယ် သိသိသာသာ ကျဆင်း ထိခိုက်သွားတယ်လို့ VOA မြန်မာပိုင်းကို ပြောပါတယ်။

"ခုက live sale ရောင်းဖို့တောင်ခက်တယ်။ အခက်အခဲတွေဖြစ်တာပေါ့ ဘယ် VPN ရလဲ ရှာရတာနဲ့တော်တော်ခက်ပါတယ်။ ခုဆို Live လွှင့်မရောင်းနိုင်။ မက်ဆင်ဂျာမှာလည်း စာပြန်ဖို့ခက်တော့ Viber တို့ Telegram တို့ကနေ ဆက်သွယ်လုပ်နေရတယ်။ ရောင်းအားက အရင်လကထပ် ၃ ပုံ ၂ ပုံလောက် ကျတာပေါ့။ အခုတော့ VPN ဝယ်သုံးဖို့ လုပ်နေတယ်။ အဲလိုဝယ်သုံးရင်အဆင်ပြေတယ်ပြောကြတယ်။"

VPN အသုံးပြုမှုတွေကို ပိတ်ပင်သလားဆိုတာ စစ်ကောင်စီကို မေးမြန်းဖို့ VOA ကဆက်သွယ်ပေမဲ့ အကြောင်းပြန်ကြားခြင်း မရှိပါဘူး။

မြန်မာနိုင်ငံတွင်းက VPN အသုံးပြုသူအများစုဟာ အခမဲ့သုံးနိုင်တဲ့ VPN တွေကို သုံးနေကြတာဖြစ်ပါတယ်။ အခုတော့ လိုင်းတွေချိတ်ဖို့ အတော်လေးခက်ခဲနေကြတာမို့ လပေး VPN ဝယ်သူတွေ ပိုများလာပါတယ်။

အခုလို VPN သုံးဖို့ခက်ခဲနေချိန်မှာ Myspace Myanmar ဆိုတဲ့ လူမှုကွန်ရက် App ကို စစ်ကောင်စီက မိတ်ဆက်ဖို့ ကြိုးစားနေပါတယ်။ Android စနစ်သုံးဖုန်းတွေမှာ App တွေ ဒေါင်းလုပ်ယူနိုင်တဲ့ Play Store မှာ Myspace Myanmar ကို တင်ခဲ့ပေမဲ့ ရက်ပိုင်းအကြာမှာပဲ အဲဒီ App ပျက်သွားခဲ့ရပါတယ်။ အင်တာနက်သုံးစွဲသူပြည်သူတဦးဖြစ်တဲ့ကိုဂျိမ်းကတော့ VPN ကြားခံ မလိုဘူးဆိုပေမဲ့ သူ့အနေနဲ့ Myspace Myanmar ကို သုံးဖြစ်မှာ မဟုတ်ဘူးလို့ ခုလိုပြောပါတယ်။

"Myspace ကျတော့အမြဲတစေလုံခြုံတယ်မထင်ဘူး။ ကျနော်တို့ကိုစောင့်ကြည့်နေတယ်လို့ယူဆနေတယ်။ အဲလိုယူဆသလိုမဟုတ်တဲ့သူတွေကိုဖမ်းတာ တို့ ငွေညစ်တာတို့ အောက်ကလူတွေအပေါ်ကလူတွေလုပ်လာနိုင်တယ်။ အဲလိုယူဆလို့ ဒေါင်းလောခ်လုပ်သုံးဖို့ စိတ်ကူးမရှိပါဘူး"

စစ်ကောင်စီ ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၂ ခုနှစ် သြဂုတ်လက ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဖေ့စ်ဘုတ်ကို အစားထိုးနိုင်မယ့် လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုကို ဖန်တီးနေတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

နိုင်ငံတကာကထုတ်ပြန်ထားတဲ့စာရင်းတွေအရ မြန်မာနိုင်ငံမှာ ဖေ့စ်ဘုတ်သုံးစွဲသူ ၁၉ သန်းနီးပါး ရှိနေပါတယ်။ ဒီလူတွေဟာ များသောအားဖြင့် ဖေ့ဘုတ်ကို သတင်းဖလှယ်ရာ၊ စျေးရောင်းရာ၊ စာသင်ရာနေရာ၊ ဆက်သွယ်ရာနေရာတခုအနေနဲ့ အများဆုံးအသုံးပြုနေတာပါ။ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးကတော့ သတင်းစီးဆင်းမှု နှောင့်နှေးနိုင်ဖို့ လုပ်တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။ ဒီပိတ်ပင်မှုတွေက စီးပွားရေး လူမှုရေးအပေါ်မှာ ယာယီထိခိုက်မှုသာရှိနိုင်မယ်လို့ သူက ပြောပါတယ်။

"ဖေ့ဘုတ်က သူတို့ရင်ဆိုင်နေရတဲ့ အဓိက အန္တရာယ်ထဲပါတယ်လို့သူတို့ယူဆတယ်။ ဒါတွေကိုဘဲသုံးပြီးတော့ စစ်ကောင်စီကိုတိုက်ခိုက်နေတယ်။ ဒီအပေါ်မှာဘဲ ဝါဒဖြန့်နေကြတယ်။ ဒါတွေကိုဖိဖိစီးစီး တယ်လီဂရမ်မှာနာမည်တင် ဖေ့ဘုတ်မှာလိုက်ရှာပြီးချေမှုန်းနေတာပေါ့နော်။ ဖေ့စ်ဘုတ်က ဝါဒဖြန့်တယ် ဆက်သွယ်တယ် သူတို့ကို အာခံတယ်လို့ အဓိကထင်လို့ ယူဆတာအခုမှမဟုတ်ဘူး။ ဒါတွေကိုလိုက်ပြီးတော့ထောက်လှမ်းဖို့ ပိတ်ဖို့လုပ်တာလည်း ခုမှတော့ မဟုတ်ဘူး။ နည်းနည်းပိုပြီးတော့ထိရောက်အောင်လို့ တားဖို့ကြိုးစားပြီးခြေလှမ်းတွေလှမ်းလာတာ။ ဒါကလည်းအချိန်တန်သူ့ဘာသာသူလည်ပတ်သွားလိမ့် မယ်လို့ ပြောရမယ် တရုတ်ပြည်တောင်ဒီဟာပိတ်မရဘူးလေ။ လတ်တလောထိခိုက်တာရှိပေမယ့် ရေရှည်တော့ များများစားစားထိမယ်မထင်ဘူး"

မြန်မာနိုင်ငံမှာ လူအများအပြားသုံးနေတဲ့ VPN တွေ သုံးလို့ မရဖြစ်နေချိန်မှာ ပိုပြီး သုံးရလွယ်ကူ မြန်ဆန်မယ်လို့ ထင်ကြတဲ့ အင်တာနက်ဝန်ဆောင်မှုတွေကို ပြောင်းလဲ ချိတ်ဆက်နေကြသူတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG