သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VPN သုံးစွဲမှု ကန့်သတ်ချက်ကြောင့် ပြည်တွင်း အင်တာနက်ဆက်သွယ်ရေး ခက်ခဲ


လက်တော့ကွန်ပြူတာတလုံးရှေ့တွင် အမျိုးသမီးတဦး မိုဘိုင်းဖုန်းအသုံးပြုနေပုံ
လက်တော့ကွန်ပြူတာတလုံးရှေ့တွင် အမျိုးသမီးတဦး မိုဘိုင်းဖုန်းအသုံးပြုနေပုံ

မြန်မာနိုင်ငံမှာ Facebook တခြား လူမှုကွန်ယက်တွေ အပါအဝင် အင်တာနက် အွန်လိုင်း အသုံးပြုသူတွေ VPN (Virtual Private Network) ကို တဆင့်ခံ သုံးစွဲနေမှုတွေကို စစ်ကောင်စီက ကန့်သတ် ပိတ်ပင်မှုတွေ လုပ်ဆောင်လာနေကြောင်း ပြည်တွင်း အင်တာနက် သုံးစွဲသူတွေက ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းမှာ အင်တာနက်သုံးစွဲမှုတွေကို ကန့်သတ် ထိန်းချုပ်ခဲ့တာကြောင့် VPN ခံပြီး သုံးစွဲနေခဲ့ရတာပါ။​ ဒီ VPN ထိန်းချုပ်မှုရဲ့ နောက်ဆက်တွဲ အကျိုးဆက် ဘာတွေဖြစ်လာနိုင်မလဲဆိုတာနဲ့ ပတ်သက်လို့ ကိုဝင်းမင်းက မေးမြန်း တင်ပြပေးထားပါတယ်။

နိုင်ငံခြားငွေလဲနှုန်းက စံချိန်တင် တစ်ဒေါ်လာ ၅၀၀၀ ကျပ်နီးပါးအထိ ပြီးခဲ့တဲ့အပတ်ထဲတက်လာချိန်၊ မြန်မာဗဟိုဘဏ်က မေလ ၂၉ ရက်နေ့မှာ ဒီလှုမှုကွန်ယက်ကတင်တဲ့ ငွေလဲနှုန်းကို မယုံဖို့ သတိပေးအပြီး၊ နောက်တရက်ကစလို့ ဒီ VPN ထိန်းချုပ်ခံလာရတယ်လို့ သုံးစွဲသူတွေက ပြောပါတယ်။

အခုလို VPN အခက်အခဲဖြစ်လာတာကို အမည်မဖော်လိုတဲ့ သုံးစွဲသူ တစ်ဦးက အခုလို ရှင်းပြပါတယ်။

"အဓိကကပေါ့နော် အခုလက်ရှိဆိုရင် အရင်တုန်းက သုံးစွဲနေတဲ့ 1111 တို့ဘာတို့ Free ရတဲ့ဟာတွေသုံးတယ်။ လွန်ခဲ့တဲ့ ၂ရက်၃ရက်ကစပြီး လုံးဝဝင်လို့မရတော့ဘူး။ Facebook လည်း သုံးလို့မရတော့ဘူးပေါ့နော်။ အခုကျတော့ဝယ်ထားတဲ့ VPN တွေရှိပေမဲ့လည်း ရတဲ့ဟာတွေက ရတယ်။ မရတဲ့ဟာတွေက မရဘူးပေါ့နော် အဲလိုနဲ့တော့ အခုအချိန်အထိတော့ အခက်အခဲဖြစ်နေပါတယ်။"

အဲ့ဒိတော့ ဘာကြောင့် ဒီ VPN ကို ထိန်းချုပ်လာနိုင်တာကို နောက် အမည်မဖော်လိုတဲ့ VPN သုံးစွဲသူကလည်း အခုလို ထောက်ပြပါတယ်။
"အဓိကကတော့ သူတို့လုပ်နေတာကို သတင်းအမှောင်ချချင်တာလေ။ ဒီ Facebook ကြီးကို ပိတ်ချချင်တယ်။ တခြားသောသတင်းမီဒီယာတွေ ဆိုရှယ်မီဒီယာတွေကို ပိတ်ချချင်တယ်။ လုပ်နေတာက မနေ့တနေ့ကမှ လုပ်နေတာမဟုတ်ဘူးလေ။ တင်ဒါတွေခေါ်တယ်၊ ပေးတယ်၊ ဒီအလုပ်တွေကို အဲဒီကုမ္ပဏီတွေကိုခိုင်းတယ်။ တရုတ်တွေလာတယ်။ မနေ့တနေ့ကမှ လုပ်တာမှ မဟုတ်တာ။ သူတို့တွေလုပ်နေခဲ့တာပဲ။ သူတို့ ဒီပရောဂျက်ကိုစပြီးတော့ ပိတ်မယ်ဆိုကတည်းက ဗဟိုဘဏ်နဲ့ပတ်သတ်တဲ့ နိုင်ငံခြားငွေကြေးတွေကိုထိန်းချုပ်တဲ့ကိစ္စတွေနဲ့ တိုက်ဆိုင်သွားတာပဲဖြစ်မယ်။ ထိန်းချုပ်ချင်တဲ့သတင်းတွေကတော့ မျိုးစုံရှိမှာပဲလေ၊ ဥပမာအားဖြင့် မြို့ကကျသွားပြီ၊ ဒီတပ်စခန်းတွေတော့ကျသွားပြန်ပြီ၊ လက်နက်ချတဲ့သတင်းတွေ၊ သူတို့လေကြောင်းတွေနဲ့တိုက်ခိုက်တယ်၊ အဲဒါတွေအကုန်လုံးကိုလည်း ပိတ်ချင်တာပဲ။ မသိစေချင်ဘူးလေ။ သတင်းအမှန်တွေကို ထိန်းချုပ်ပြီးတော့ သူတို့ရဲ့သတင်းအမှားတွေကိုပဲ ပြချင်တာပဲ"

ဒီ VPN ထိန်းချုပ်မှုနဲ့ အခက်အခဲကြောင့် ထိခိုက်လာတာကိုလည်း အမည်အဖော်လိုတဲ့ အရင် သုံးစွဲသူက ဆက် ရှင်းပြပါတယ်။

"သတင်းစီးဆင်းမှုလည်း ရတာနည်းသွားတယ်ပေါ့နော်၊ Facebook တွေဘာတွေ မသုံးတဲ့အတွက် ကိုယ်သိချင်တဲ့ဟာတွေလည်း မသိရတော့ဘူး။ ဒီ ဒစ်ဂျစ်တယ်ကိုအဓိကထားပြီးတော့လုပ်နေတဲ့ဟာတွေဆိုရင်ပေါ့နော် အခုနောက်ပိုင်း ပုံမှန်မရတော့ဘူးဆိုတော့ သူတို့ တခြားချန်နယ်တွေကိုပြောင်းဖို့တွေ စဉ်းစားလာရတယ်။ ပညာရေးဆိုလည်းအဲဒီအတိုင်းပဲပေါ့နော်။ Facebook ကနေပြီးတော့ Group တွေဖွဲ့ပြီးတော့ စာသင်နေရတာတွေရှိတယ်။ ဒါပေမဲ့အဲလိုမရတဲ့အခါကျတော့ ဝင်လို့မရတာတွေနဲ့ ပြဿနာတွေတက်နေပါတယ်။"

နောက် အမည်မဖော်လိုတဲ့ အဝတ်အထည်ရောင်းလုပ်ငန်းလုပ်နေသူတစ်ဦးကလည်း သူတို့လို Facebook သုံးရတဲ့ SME အသေးစား အလတ်စားလုပ်ငန်းတွေ ရောင်းအား သိသိသာသာ ချက်ချင်းကို ကျသွားတယ်လို့ ညည်းတွားပါတယ်။ ဒါပေမဲ့ အခုတော့ Tik Tok လိုမျိုး (တခြား လူမှုကွန်ယက်) ဘက်ကိုရွှေ့ပြီး ဈေးကွက်ဖောက်ဖို့ ဒီ လုပ်ငန်းတွေ ကြိုးစားနေတယ်လို့ ဆက်ပြောပါတယ်။

ဒါ့အပြင် နောက် အမည်မဖော်လိုတဲ့ ကျောင်းသူတစ်ဦးကလည်း အာဏာသိမ်းအပြီး အရင်ကလည်း Facebook ကို ထိန်းချုပ်တာ ရှိခဲ့ဖူးတာကြောင့် နောက်ပိုင်း Telegram ကို အချင်းချင်းဆက်သွယ်ဖို့ ပိုသုံးလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းတွေလည်း အခုလို နောက်ထပ် ဆက်သွယ်ရေးပုံစံတွေ ပြောင်းသုံးလာနိုင်တယ်လို့ ခန့်မှန်းပါတယ်။

တချိန်ထဲမှာ အမည်အဖော်လိုတဲ့ ပြည်တွင်း စီးပွားရေးလုပ်ငန်းလုပ်ငန်းရှင်ကလည်း အခု ထိခိုက်ရတာနဲ့ ရှေ.မှာ ဖြစ်လာနိုင်တာကို အခုလို ရှင်းပြပါတယ်။

"စီးပွားရေးလုပ်ငန်းတွေက အခုလောလောဆယ် ကသိကအောက်အတော်လေးဖြစ်တာပေါ့။ တော်တော်လေးဂယက်ရိုက်သွားတယ်ပေါ့နော်။ တနေ့ဓူဝ အွန်လိုင်းဈေးရောင်းတဲ့သူတွေ ပြဿာနာပေါင်း သောင်းခြောက်ထောင်တက်တယ်။ ဝယ်တဲ့သူ ကာစတန်မာတွေပြဿနာတက်တယ်။ အဲဒီနောက်ဆက်တွဲတွေက အရမ်းကိုကြီးတယ်။ အသားမကျသေးဘူးပြောမလား ရုတ်တရက်ကြီးဆိုတော့လေ။ ကျွန်တော့အတွေ့အကြုံအရပြောရမယ်ဆိုရင်တော့ အဲဒီဟာတွေက တရုတ်ပြည်နဲ့ပတ်သတ်ခဲ့ဖူးတဲ့ ရောက်ဖူးသူတွေအတွက်တော့ အဖြေရှိပါတယ်။ တရုတ်ပြည်ဆိုတာ အင်မတန်ကျပ်သောတိုင်းပြည်။ တရားဝင်ကို Facebook ကို လုံးဝသုံးခွင့်မပေးဘူးပေါ့နော်။ တခြားဘယ်မီဒီယာပလက်ဖောင်းမှ သုံးခွင့်မပေးပဲနဲ့ wechat တို့ weibo တို့ အဲဒါတွေပဲ အဓိကသုံးတာ။ အဲဒီတိုင်းပြည်မှာတောင်မှ သူတို့လည်း အခုလောလောဆယ် VPN ခံသုံးတာပဲ။ တော်တော်တွင်တွင်ကျယ်ကျယ်သုံးကြတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာကြီးနဲ့ဆက်သွယ်ဖို့က Facebook မရှိပဲ ဆက်သွယ်လို့မရဘူး၊ instagram မရှိပဲဆက်သွယ်လို့မရဘူး"

ဒီအပေါ် VPN သုံးတာ အတွေအကြုံများတဲ့ အရင် သုံးစွဲသူကလည်း၊ ရှေ.မှာ ဒီထိန်းချုပ်တာ မထိရောက်နိုင်ပုံကို အခုလို ဆက် ထောက်ပြပါတယ်။

"တရုတ်ပြည်မှာလည်း ပိတ်တာပဲ၊ ကျွန်တော်တို့ တရုတ်ပြည်ကိုသွားတဲ့အခါကျရင် VPN နဲ့ပဲ သွားရတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာအားဖြင့် Facebook သုံးမယ်၊ Google သုံးမယ်၊ Gmail တို့ Google Map တို့ သုံးလို့မရတော့ဘူး။ အဲဒီအခါကျတော့ ကျွန်တော်တို့က ထုံးစံအတိုင်းပဲ VPN နဲ့ပဲကျော်ရတာပဲ။ ဝယ်ပြီးသုံးလို့ရတဲ့ VPN တွေရှိတယ်။ တချို့ဟာတွေဆို ကိုယ့် VPN ထောင်ပြီးတော့ သုံးကြတာရှိတယ်။ အဆင်ပြေပါတယ် ရတယ်။ အခုသူတို့က တရုတ်ကုမ္ပဏီကိုခေါ်ပြီးတော့ လုပ်တယ်။ ဒါပေမဲ့တရုတ်ကုမ္ပဏီခေါ်ပြီးလုပ်လည်း အကြမ်းဖျင်းပြောရရင်တော့ ကျော်ဖို့ခွဖို့ဆိုတာက အရမ်းခက်ခဲတဲ့ နည်းပညာတွေမဟုတ်တော့ဘူး။ ကျော်လို့ခွလို့ရသွားမှာပဲ VPN က အမျိုးမျိုးရှိတယ်လေ။ နာမည်ကြီးတဲ့ VPN တွေပိတ်ရင် VPN အသစ်တွေနဲ့ ကျော်ခွကြမှာပေါ့နော်။ နောက်ဆုံးကျတော့လည်း သူတို့လုပ်တာ ရယ်စရာကြီးပဲဖြစ်သွားမှာပဲ"

တကယ်တော့ အခုလို VPN ကို ထိန်းချုပ်ဖို့ အရင် စစ်အစိုးရတွေ လက်ထက်ထဲက စိတ်ဝင်စားခဲ့ပေမဲ့၊ ဒေါ်လာငွေ သန်း ရာချီ အကုန်အကျခံရင်တောင် တကယ်တမ်း မထိရောက်နိုင်ဘူးလို့ ဆက်သွယ်ရေးဝန်ထမ်းတွေက ပြောခဲ့တာကြောင့် တကယ် မလုပ်ဖြစ်ခဲ့ပဲ၊ အခုမှ စစ်ကောင်စီက အတင်းလုပ်လာတာလို့ ဒီ VPN ကျွမ်းကျင်သူတွေက ထောက်ပြနေပါတယ်။

အခုလို VPN အသုံးပြုမှု ကန့်သတ် ပိတ်ပင်တာတွေရှိနေတဲ့အကြောင်း အင်တာနက် သုံးစွဲသူတွေအကြား ပြောဆိုနေတဲ့ကိစ္နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တုန့်ပြန်ချက်ကိုသိနိုင်ဖို့ ပြောခွင့်ရကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG