သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီပြင်နေတဲ့ ဆိုင်ဘာလုံခြုံရေး ဥပဒေကြမ်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရ


ရန်ကုန်မြို့မှာ မိုဘိုင်းဖုန်းကနေ ဖေ့စ်ဘုတ်အသုံးပြုနေသူတဦး။ (ဖေော်ဝါရီ ၄၊ ၂၀၂၁။ ဓာတ်ပုံ - STR / AFP)
ရန်ကုန်မြို့မှာ မိုဘိုင်းဖုန်းကနေ ဖေ့စ်ဘုတ်အသုံးပြုနေသူတဦး။ (ဖေော်ဝါရီ ၄၊ ၂၀၂၁။ ဓာတ်ပုံ - STR / AFP)

(Zawgyi / Unicode)

အင်တာနက်ဆက်သွယ်ရေးကို ကန့်သတ်၊ တားဆီးတဲ့အပြင် အရေးယူဖို့ လုပ်လာတာတွေဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာသာမက နည်းပညာနဲ့ သတင်းအချက်အလက် ရရှိရေးပေါ် အခြေခံတဲ့ တိုင်းပြည်တွင်း စီးပွားရေးလုပ်ငန်းတွေ အတွက်လည်း ရေရှည်မှာ ဆိုးဆိုးရွားရွား ထိခိုက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ လှုပ်ရှားသူတွေက ဝေဖန်ကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတဲ့ သတင်းကို ကိုရန်နိုင် ပြောပြပါမယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖေ့စ်ဘုတ်အသုံးပြုတာနဲ့ အင်တာနက် ဆက်သွယ်ရေးကို ကန့််သတ် ပိတ်ပင်ထားတာကြောင့် လူမှုရေး၊ စီးပွားရေးနဲ့ လူ့အခွင့်အရေးပိုင်းတွေမှာ ဆုံးရှုှုံးနစ်နာခဲ့ရတယ်လို့ ကျွမ်းကျင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြ ဝေဖန်ကြတာပါ။

အခုလည်း ဆိုင်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို စစ်ကောင်စီက ပြင်ဆင်ရေးဆွဲနေပြီး အဲဒီ ဥပဒေမူကြမ်းထဲမှာ VPN သုံးကြောင်း တွေ့ရှိသူကို ထောင်ဒဏ်သုံးနှစ်နဲ့ ငွေဒဏ် ကျပ်သိန်း ၅၀ အထိ ချမှတ်နိုင်တဲ့ ပြဋ္ဌာန်းချက် ထည့်သွင်းထားတာကြောင့် အင်တာနက် အသုံးပြုသူတွေကြား အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်နေပါတယ်။

ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှုရှိပေမယ့် ဖေ့စ်ဘုတ်အနေနဲ့တော့ အသုံးပြုသူတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးရေး ဆက်လုပ်သွားမယ်လို့ ဖေ့စ်ဘုတ်ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ရဲ့ မြန်မာနိုင်ငံ၊ ပြည်သူ့မူဝါဒရေးရာ အကြီးအကဲ ခူးရယ်က ပြောပါတယ်။

“ကျနော်တို့ စက်မှုကုန်ထုတ်အသင်းအဖွဲ့တွေနဲ့ လက်တွဲလုပ်နေပါတယ်။ ပြီးတော့ ပြည်တွင်းပြည်ပ အဖွဲ့တွေ သူတို့ကို ကျနော်တို့ စိုးရိမ်တယ်ဆိုတာ ပြောပြခဲ့ပါတယ်။ အထူးသဖြင့် ဒီဥပဒေကြမ်းက (Facebook လူမှုကွန်ရက်လို) လမ်းကြောင်းတခုအပေါ် အာထားနေရတဲ့ လုပ်ငန်းသေးတွေ၊ ဝန်ဆောင်မှုတွေအပေါ် သက်ရောက်နိုင်တာကို အလေးထားပြီး ပြောခဲ့တာပါ။ ပြီးတော့ အခြားနည်းလမ်း အမျိုးမျိုးနဲ့ အသုံးပြုနေတာတွေရောပေါ့။ ဒီဥပဒေကို အတည်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ မြန်မာပြည်တွင်းမှာ ကျနော်တို့ (Facebook) ရဲ့ မူဝါဒ၊ ကျနော်တို့ရဲ့ လုပ်ဆောင်မှုတွေကိုတော့ ပြောင်းမှာမဟုတ်ပါဘူး။ မြန်မာပြည်တွင်းက ကျနော်တို့ရဲ့ အသုံးပြုသူတွေ အားလုံးအတွက် လုံခြုံဖို့နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ဖို့အတွက်ပဲ အဓိကထားမှာပါ။ ဒါကတော့ မပြောင်းလဲပါဘူး။”

မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာ အသုံးပြုတဲ့အပေါ် စစ်ကောင်စီက ထိန်းချုပ်တာနဲ့ ပတ်သက်ပြီး စစ်အာဏာသိမ်း တနှစ်ပြည့်ပြီးတဲ့နောက် ဖေဖော်ဝါရီလ ၄ ရက်၊ သောကြာနေ့က လုပ်ခဲ့တဲ့ အွန်လိုင်းဆွေးနွေးပွဲအတွင်း ခူးရယ်က အဲဒီလို ပြောသွားတာပါ။

နည်းပညာရှင်တွေ၊ စီးပွားရေးသမားတွေကတော့ ၂၁ ရာစု ဒစ်ဂျစ်တယ်စီးပွားရေးမှာ သတင်းအချက်အလက် စီးဆင်းမှုကို ရပ်တန့်ဖို့ ကြိုးပမ်းတာဟာ ရေရှည်မှာ တိုင်းပြည်အတွက် ဆိုးကျိုးက ပိုများလိမ့်မယ်လို့ ထောက်ပြကြပါတယ်။ ဒီထဲမှာ နည်းပညာအခြေပြု စီးပွားရေးပညာရှင်တဦးဖြစ်သူ ဒေါ်မိုးမြင့်ကျော်လည်း ပါဝင်ပါတယ်။

“စားသုံးသူတွေအတွက်တော့ VPN က တကယ့်ကို ကြီးမားတဲ့ကိစ္စပါ။ ဘာလို့လဲဆိုတော့ ဒါက (ဆိုင်ဘာလုံခြုံရေးဥပဒေက) လူမှုကွန်ရက်တွေကို သုံးနိုင်ဖို့ အခုထက်ပိုပြီး အကန့်အသတ် ဖြစ်လိမ့်မယ်။ စီးပွားရေးလုပ်ငန်းတွေက VPN ကို ဖေ့စ်ဘုတ်တင် မဟုတ်ဘူး၊ တခြား အများကြီး ဘဏ်တွေလို သူတို့ဘဏ်ဗဟိုစနစ်ကို ချိတ်ဆက်ဖို့ VPN သုံးတာ၊ ကုမ္ပဏီတွေဆိုရင် လုပ်ငန်းလည်ပတ်တဲ့စနစ်နဲ့ ချိတ်ဆက်ဖို့သုံးတာ၊ တခြား အများကြီးပါပဲ၊ လူမှုကွန်ရက်နဲ့ လုံးဝ ဆက်နွှယ်မှုမရှိတာတွေ။ ဒါကြောင့် လူမှုကွန်ရက်သုံးတာကိုရပ်ဖို့ VPN ကို ပိတ်တာဆိုရင် အိမ်ရိုက်သံသေးသေးလေးကို ဘိုးပိုင်ရိုက်တဲ့စက်ကြီးနဲ့ ထုဖို့ ကြိုးစားသလို ဖြစ်နေတယ်။ ပြဿနာကို အချိုးမညီမျှတဲ့နည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ပဲ ထင်တယ်။ ဒါက အကြီးမားဆုံး ပြဿနာပဲ။”

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းပြီးတဲ့နောက် ချက်ချင်းဆိုသလိုပဲ မိုဘိုင်းအင်တာနက်တွေကို စစ်ကောင်စီက ဖြတ်တောက်ခဲ့ပါတယ်။ ပြန်ဖွင့်ပေးတဲ့အခါမှာလည်း ဖေ့စ်ဘုတ် အပါအဝင် လူမှုကွန်ရက် ဝန်ဆောင်မှုတချို့ကို သုံးလို့မရအောင် ပိတ်ထားတာပါ။ အသုံးပြုသူတွေက VPN တဆင့်ခံပြီးမှ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အသုံးပြုနေရပါတယ်။

၂၀၂၁ ဩဂုတ်လက ကချင်ပြည်နယ် ဒေသတချို့မှာ အင်တာနက်ဝန်ဆောင်မှုတွေ အပိတ်ခံရပြီး စက်တင်ဘာမှာတော့ ဒေသခံ လက်နက်ကိုင်တွေ အားကောင်းလာတဲ့ စစ်ကိုင်းတိုင်း မြို့နယ် ၅ ခုက မိုဘိုင်းဖုန်း ဝန်ဆောင်မှုတွေကိုပါ စစ်ကောင်စီက ဖြတ်တောက်ထားတာပါ။ မကြာသေးခင်ကလည်း အင်တာနက် အသုံးပြုတာတွေကို ကန့်သတ်ဖို့အတွက် မိုဘိုင်းဖုန်းသုံးစွဲခ နှုန်းထားတွေကို စစ်ကောင်စီက တိုးမြှင့်ခဲ့ပါတယ်။ အဲဒီနောက် ဆိုင်ဘာလုံခြုံရေး ဥပဒေကြမ်းကိုပါ ထပ်ပြီး ဖြည့်စွက် ပြင်ဆင်လာတာပါ။

ဒီလုပ်ရပ်တွေက ပိုပြီးဆိုးရွားတဲ့ အကျိုးဆက်တွေပဲ ဖြစ်လာနိုင်တယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အဖွဲ့တဖွဲ့ဖြစ်တဲ့ Free Expression Myanmar ရဲ့ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ရတနာသိန်းက ပြောပါတယ်။

“ဒီ ဥပဒေကြမ်းလို့ ခေါ်တဲ့ဟာက အရင်ဥပဒေကြမ်း၊ ၂၀၂၁ ဥပဒေကြမ်းထက် လူ့အခွင့်အရေး ကိစ္စရပ်တွေကို ပိုပြီး ဆိုးရွားစေပါလိမ့်မယ်။ မြေပြင်ကရလာတဲ့ သတင်းအချက်အလက်တွေအရ ဆိုရင် ပြဿနာတွေ အများကြီးပဲ။ လက်ကိုင်ဖုန်းထဲမှာ VPN တွေ့တယ်ဆိုရင် စစ်တပ်ကဖမ်းတယ်။ သူတို့ အဲဒါကို တောင်းကြည့်ရင်၊ တကယ်လို့ သူတို့က VPN ကို ဖုန်းထဲမှာ မတွေ့ဘူးဆိုရင် မင်း ဘာလို့ VPN ကို ဖြုတ်ပစ်တာလဲဆိုပြီး ဖမ်းဖို့လုပ်တယ်၊ အဲလူတွေက ဖမ်းနိုင်တယ်ပေါ့နော်။ လူတွေကတော့ အင်တာနက်ရနေတုန်းပါ။ ဒါပေမယ့် လွတ်လွတ်လပ်လပ်တော့ မဟုတ်ဘူးပေါ့။”

ဆိုင်ဘာလုံခြုံရေး ဥပဒေကြမ်း ဆိုတာကို စစ်ကောင်စီက သူတို့နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အဖွဲ့အစည်းတချို့ဆီကို မကြာသေးခင်က ပေးပို့ပြီး သဘောထားမှတ်ချက် တောင်းခံထားပါတယ်။ ၂၀၂၂ မှာ ပြင်ဆင်ဖြည့်စွက်ထားတဲ့ ဒီဥပဒေကြမ်းဟာ ၂၀၂၁ ထဲမှာ သူတို့ စပြီးတင်သွင်းခဲ့တဲ့ ဥပဒေကြမ်းထက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းအချက်အလက် ရရှိပိုင်ခွင့်၊ လုံခြုံရေးနဲ့ လူ့အခွင့်အရေးတွေကို ပိုပြီး ခြိမ်းခြောက်နေတယ်လို့ အရပ်ဘက် အဖွဲ့အစည်းတွေက ထောက်ပြနေကြပါတယ်။

---------------------------

(Unicode)















XS
SM
MD
LG