သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးချယ်ခံ ကန် သမ္မတကို မြန်မာ ကြိုဆို


ရွေးချယ်ခံ ကန် သမ္မတ Donald Trump
ရွေးချယ်ခံ ကန် သမ္မတ Donald Trump

အမေရိကန် ပြည်ထောင်စုမှာ သမ္မတသစ်တဦးကို ရွေးချယ်နိုင်ခဲ့တဲ့အတွက် ချီးကျုးတဲ့အကြောင်းနဲ့ ရွေးချယ်ခံ သမ္မတ Donald Trump ဦးဆောင်တဲ့ အစိုးရနဲ့ မြန်မာနိုင်ငံတို့ကြား ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရရှိဖို့ မျှော်လင့်ကြောင်း မြန်မာ သမ္မတရုံးက ပြောကြားလိုက်ပါတယ်။ အချေအတင်ဖြစ်စရာတွေ ကြုံခဲ့ရတဲ့ ရွေးကောက်ပွဲ ရလဒ်ကြောင့် အပါအဝင် နိုင်ငံတကာ ဆက်ဆံရေးတွေမှာပါ သက်ရောက်မှု ရှိမယ်လို့ မျှော်လင့်နေပေမဲ့လည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ ကြီးကြီး မားမား ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ မြင်သူတွေလည်း ရှိပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲရဲ့ နောက်ဆုံး မဲရေတွက်မှုတွေ ပြီးဆုံးချိန်မှာ ရီပါပလစ်ကန်ပါတီက သမ္မတလောင်း ဒေါ်နယ်ထရမ့် အနိုင်ရ လိုက်တဲ့အတွက် မဲဆွယ်ပွဲ ကတိတွေအတိုင်း တိုင်းပြည်ကို ဦးဆောင်မှုပေးနိုင် ဖို့နဲ့ မြန်မာနိုင်ငံနဲ့ ဆက်လက်ပြီး ရင်းရင်းနှီးနှီး ဆက်ဆံဖို့ မျှော်လင့်ကြောင်း မြန်မာ သမ္မတရုံးက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ ၄၅ ဆက်မြောက် သမ္မတအဖြစ် အမေရိကန် ပြည်သူတွေရဲ့ ရွေးချယ်မှုကိုလည်း ကြိုဆိုကြောင်း သမ္မတရုံး ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုခဲ့တာပါ။

“အခုဆို ရွေးကောက်ပွဲအောင်နိုင်တယ်ပေါ့နော်၊ အဲဒီအတွက် ကျနော်တို့လည်း ဂုဏ်ယူဝမ်းမြောက်တယ်။ သူ့အတွက်လည်း Congratulations လို့ပြောပါ တယ်။ နောက်တခုက သူ့ဆောင်ပုဒ်အတိုင်းပေါ့နော် အမေရိကန်ကို အသစ်တဖန် ကြီးမြတ်အောင်လုပ်နိုင်ဖို့ ကိုလည်းမျှော်လင့်တယ်။ အလားတူပဲ ဒီ အမေရိကန် နဲ့ မြန်မာကြား ပူးပေါင်းဆောင်ရွက်မူတွေ၊ ချစ်ကြည်ရင်းနှီးမူတွေ Donald Trump ရဲ့ အိမ်ဖြူတော် သက်တမ်းထဲမှာ မြင့်တက်လာဖို့ ကျနော်တို့ ကတော့ မျှော်လင့် ပါတယ်။”

ဂုဏ်ယူဝမ်းမြောက်ကြောင်း တရားဝင် သဝဏ်လွှာ ကိုတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပေးပို့ဖို့ ရှိကြောင်းလည်း ဦးဇော်ဌေး က ပြောပါတယ်။

လက်ရှိသမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ ပြိုင်ဖက် ဒီမိုကရက်ပါတီက သမ္မတလောင်း ဟီလာရီကလင်တန်ကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး အနိုင်ရ လိုက်တာလည်း ဖြစ်ပါတယ်။ ဒီမိုကရက်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန် ဟာ မြန်မာပြည်ကို လာရောက်ခဲ့ဘူး သလို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ ရင်းနှီးတဲ့ ဆက်ဆံမှုတွေရှိခဲ့သူ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးကျော်ဝင်း ကတော့ ဒေါ်နယ်ထရန့် အနိုင်ရတဲ့နောက် အမေရိကန်- မြန်မာဆက်ဆံရေးဟာ အပြောင်းအလဲ မရှိနိုင်ကြောင်း၊ မြန်မာ့နိုင်ငံရေးမှာ ထူးထူးခြားခြား သက်ရောက်မှုမရှိနိုင်ဘူးလို့ သုံးသပ်ပါတယ်။

“ကျနော်တော့ သိပ်ပြီးထူးထူးခြားခြားဖြစ်မယ်လို့ မထင်ပါဘူး။ ဒီလိုပဲ ပုံမှန် သွားမယ်ထင်ပါတယ်။ သိပ်ထူးခြားမယ်မထင်ပါဘူး။ မြန်မာနိုင်ငံရေးမှာ သိပ်အပြောင်းအလဲ ရှိမလဲလို့ မထင်ပါဘူး။

ရွေးကောက်ပွဲအနိုင်ရကြောင်း သိရအပြီး ထရမ့်က မိန့်ခွန်းပြော ကြားရာမှာတော့ တိုင်းပြည် စီးပွားရေးကို ၂ ဆတိုးအောင် လုပ်မယ်လို့ ကတိပြုခဲ့သလို၊ နိုင်ငံတကာ ဆက်ဆံရေးမှာလည်း အမေရိကန် ပြည်ထောင်စုနဲ့ သင့်မြတ်လိုတဲ့ တိုင်းပြည်တွေနဲ့ အပြန်အလှန် သင့်မြတ်အောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။ နိုင်ငံရေးအကဲခတ် ဦးကျော်ဝင်း ကတော့ လူကြိုက်များတဲ့ မူဝါဒတွေ ကမ္ဘာမှာ ရေပမ်းစားလာမှာကိုပဲ စိုးရိမ်တယ်လို့ ပြောပါတယ်။

“အမေရိကန်သမ္မတရဲ့ လုပ်ပိုင်ခွင့်က ရှိမယ်ဆိုပေမယ့် ကျနော်တို့ထင်တာကတော့ သူ့မှာ အထိန်းအကြပ်တွေရှိတာပေါ့။ အဲဒီတော့ သူထင်ရာတော့ လုပ်လို့ မရဘူးလို့ထင်တယ်။ ကမ္ဘာ့နိုင်ငံရေးမှာ Populism ခေတ်စားလာ လိမ့်မယ်လို့ထင်တယ်။ အပေါစားလူကြိုက်များတာတွေ သိပ်တက်လာပြီဆိုရင်တော့ ဒီမိုကရက်တစ်တန်ဖိုးတွေဘက်က အကျဘက်ရောက်မှာပေါ့။ ဒါတွေတော့ တော်တော်အရေးကြီးမယ်လို့ထင်တယ်။”

ရွေးကောက်ခံသမ္မတ ထရမ့် ကတော့ အပြင်းအထန် ယှဉ်ပြိုင်ခဲ့ရတဲ့ မဲဆွယ်စည်းရုံးရေး ကာလအတွင်း သဘောထား ကွဲလွဲမှုတွေ အကြီးအကျယ် ရှိခဲ့ပေမဲ့ တိုင်းပြည်ကို စုစည်းညီညွတ်အောင် လုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း ကတိပြု ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG