သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစဉ်အလာအတိုင်း ဘက်မလိုက်နိုင်ငံခြားရေးမူ ဆက်ကျင့်သုံးမည်ဟု ဒေါ်စုဆို


ဒေါ်အောင်ဆန်းစုကြည်တရုတ်နိုင်ငံခရီးစဉ်။ သြဂုတ် ၁၉၊ ၂၀၁၆။
ဒေါ်အောင်ဆန်းစုကြည်တရုတ်နိုင်ငံခရီးစဉ်။ သြဂုတ် ၁၉၊ ၂၀၁၆။

မြန်မာနိုင်ငံအနေနဲ့ အစဉ်အဆက်ကျင့်သုံးလာခဲ့တဲ့ ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကျင့်သုံးသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရုတ် နိုင်ငံတော်ခရီးစဉ်အတွင်း ဘေဂျင်းမြို့တော်မှာ ပြောဆိုသွားပါတယ်။ သြဂုတ်လ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ငါးရက်ကြာ ခရီးစဉ်အတွင်း ပြီးခဲ့တဲ့သောကြာနေ့က Diaoyutai နိုင်ငံတော် ဧည့်ဂေဟာမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ အဲဒီလို ပြောခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ မြန်မာ့ နိုင်ငံခြားရေးမူဝါဒအကြောင်း တရုတ် CCTV သတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။

မြန်မာအစိုးရသစ်အနေနဲ့ လွတ်လပ်ရေးရပြီး နောက်ပိုင်း အစဉ်အဆက် ကျင့်သုံးလာခဲ့တဲ့ ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒကို ဆက်လက် ကျင့်သုံးသွားမှာ ဖြစ်သလို၊ ကမ္ဘာတဝှမ်း နိုင်ငံတွေအကြား ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းစွာ နေထိုင်သွားဖို့ မျှော်လင့်တယ်လို့ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းကြည်က ပြောဆိုသွားပါတယ်။

“ကျမတို့နိုင်ငံနဲ့ တရုတ်နိုင်ငံအကြား၊ တရုတ်နဲ့ တခြားနိုင်ငံတွေအကြား၊ ကျမတို့နိုင်ငံနဲ့ တခြား နိုင်ငံတွေအကြား ကမ္ဘာတဝှမ်းမှာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်သွားဖို့ဟာ ကျမတို့အားလုံးရဲ့ မျှော်လင့်ချက်လို့ ထင်ပါတယ်။ ကျမတို့ ဒါကို တကယ်ပဲ မျှော်လင့်ပါတယ်။ ဒါမှသာ ကမ္ဘာတဝှမ်း ငြိမ်းချမ်းပြီး တည်ငြိမ်မှုရှိအောင် ကျမတို့ လုပ်ဆောင်နိုင်ပါ လိမ့်မယ်။”

၅ ရက်ကြာ တရုတ် နိုင်ငံတော်ခရီးစဉ်အတွင်း ပြီးခဲ့တဲ့သောကြာနေ့က ဘေဂျင်းမြို့တော်မှာရှိတဲ့ Diaoyutai နိုင်ငံတော် ဧည့်ဂေဟာမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားတာပါ။ ပြီးခဲ့တဲ့ ဧပြီလက သူမရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရသစ် တက်လာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အရှေ့တောင်အာရှ အာဆီယံအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အစဉ်အဆက်ကျင့်သုံးလာခဲ့တဲ့ ဘက်မလိုက်မူဝါဒကို ဆက်လက်ကျင့်သုံးသွားမယ့်အကြောင်းနဲ့ ရိုးသားမှုကိုအခြေခံပြီး ကမ္ဘာ့နိုင်ငံအားလုံးနဲ့ ဆက်ဆံသွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

“ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒဟာ ကျမတို့နိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနှစ်ကတည်းက ကျင့်သုံးလာခဲ့တဲ့ မူဝါဒပါ။ ဒါကြောင့် ဒါဟာ ကျမတို့အတွက် အသစ်အဆန်းမဟုတ်ပါဘူး။ တိုင်းပြည်ထဲမှာ အခြေအနေ အတက်အကျတွေ အများအပြား ရှိခဲ့တဲ့တိုင်အောင် မတူညီတဲ့အစိုးရ အဆက်ဆက်ကတော့ ဒီ ဘက်မလိုက်မူဝါဒကို ကျင့်သုံးဖို့ ကြိုးစားခဲ့ကြ ပါတယ်။ ပိုပြီး အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်တဲ့ အစိုးရရှိခဲ့သလို၊ သိပ် အောင်အောင်မြင်မြင် မကျင့်သုံးနိုင်ခဲ့တာလည်း ရှိခဲ့ပါတယ်။ အစဉ်အဆက်ကျင့်သုံးလာတဲ့ ဒီမူဝါဒကို ကျမတို့ အောင်အောင်မြင်မြင်နဲ့ ဆက်ပြီး ကျင့်သုံးသွားနိုင်ဖို့ မျှော်လင့်ပါတယ်။”

တရုတ်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်း ကုန်သွယ်ဖက်နိုင်ငံတခုဖြစ်သလို၊ မြန်မာနိုင်ငံတွင်း အဓိက ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ “Belt and Road Initiative” လို့ခေါ်တဲ့ ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေးကို တရုတ်က အလေးပေး ဆောင်ရွက်နေပြီး မြန်မာအစိုးရအနေနဲ့ ဒီကြိုးပမ်းမှုကို ထောက်ခံခြင်းအားဖြင့် တိုင်းပြည်ရဲ့ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက် လာအောင်နဲ့ တိုင်းပြည်ရဲ့ အနာဂတ်စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ရာမှာလိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်မယ့် ကြီးမားတဲ့ အခွင့်အလမ်းတွေကို ရရှိစေမှာဖြစ်ပါတယ်။

“တရုတ်နိုင်ငံနဲ့ ပတ်သက်လို့တော့ - ကျမတို့ဟာ တရုတ်နိုင်ငံတခုတည်းကိုမဟုတ်ဘဲ ကမ္ဘာပေါ်ကနိုင်ငံအားလုံးကို အာမခံပြောနိုင်တာ ကတော့ ကျမတို့အနေနဲ့ ရိုးသားမှုကို အခြေခံပြီး အားလုံးနဲ့ ဆက်ဆံသွားမယ်ဆိုတာပါ။ ဒါဟာ သိပ် ရိုးရှင်းတယ်လို့ ထင်ရပေမဲ့ လက်တွေ့ကျင့်သုံးဖို့ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ .. ကိုယ့်ဖာသာ ဘယ်လို သန္နိဌာန်မျိုး အခိုင်အမာ ချထားတယ်ဆိုတာကို အမြဲ သတိရှိရမှာ ဖြစ်သလို အဲဒီလိုချမှတ်ထားတဲ့အတိုင်း ဖြစ်အောင်လည်း လုပ်ဆောင်ရပါလိမ့်မယ်။ ဒါကတော့ ကျမတို့ လုပ်ဆောင်သွားချင်တဲ့ ကိစ္စပါ။”

တရုတ်ဝန်ကြီးချုပ် လီခချိန်းရဲ့ ဖိတ်ကြားချက်နဲ့ ဒီလ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ သွားရောက်တဲ့ နိုင်ငံတော်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတနဲ့ ဝန်ကြီးချုပ် တို့အပါအဝင် ထိပ်တန်း အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို၊ နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး အရေးပါတဲ့ သဘောထားတွေ ချမှတ်နိုင်ခဲ့တဲ့အကြောင်း ဒီလ ၂၀ ရက်နေ့က ထုတ်ပြန်တဲ့ တရုတ်-မြန်မာအစိုးရ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခု ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး အလေးထားမှုကို ပြသတဲ့အနေနဲ့ မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်ရေးအတွက် တရုတ်အစိုးရက ယွမ်ငွေ သန်းတထောင် ထောက်ပံ့ဖို့ သဘောတူခဲ့သလို၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေ အောင်မြင်ဖို့အတွက် အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း တရုတ်အစိုးရဘက်က ကတိပြုခဲ့တဲ့ကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG