သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီးစဉ် အဆုံးသတ်


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိ (MOI)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိ (MOI)

တရုတ်သမ္မတ၊ တရုတ်ဝန်ကြီးချုပ်တို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် ရရှိလာတဲ့သဘောတူညီချက်တွေအရ တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်အပြီး ပိုပြီးတော့မှ ကောင်းမွန်လာမယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ ဒီကနေ့ မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံကနေ ရန်ကုန်မြို့ကို ပြန်ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ငါးရက်တာ တရုတ်ခရီးစဉ်နဲ့ ပတ်သက်ပြီး ဘယ်လိုမျှော်လင့်ချက် သုံးသပ်ချက်တွေရှိသလဲ ဆိုတာ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ၅ ရက်ကြာ ခရီးစဉ်ကို ဒီကနေ့ အဆုံးသတ်ပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိပြီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်ဟာဆိုရင် အရှေ့တောင် အာရှ နိုင်ငံများ အသင်း ASEAN အဖွဲ့ဝင် နိုင်ငံ တချို့ကို သွားရောက်ပြီး ပထမဆုံး သွားရောက်တဲ့ နိုင်ငံတကာ ခရီးစဉ် ဖြစ်တာကြောင့် တရုတ်နဲ့ ဆက်ဆံရေး အပေါ်မှာ မြန်မာနိုင်ငံရဲ့ အလေးထားမှုကို ပြသလိုက်တာ ဖြစ်တယ်လို့ သုံးသပ်သူတွေက ရှုမြင်ကြပါတယ်။

နိုင်ငံတကာ နိုင်ငံခြားရေးရာ မူဝါဒတွေကို လေ့လာသုံးသပ်တဲ့ China Institute of International Studies က လက်ထောက် သုတေသနမှူး Du Lan က တော့

“မြန်မာနိုင်ငံဟာ တောင်တရုတ် ပင်လယ်ပြင် ကမ်းရိုးတန်း နိုင်ငံတခု မဟုတ်သလို ပိုင်ဆိုင်မှု အငြင်းပွားမှုမှာ ပါနေတဲ့ နိုင်ငံတခုလည်း မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အရှေ့တောင်အာရှ နိုင်ငံများ အသင်း ASEAN ရေးရာ အဖြစ်နဲ့ ပိုပြီး တက်တက်ကြွကြွ ပါဝင်လာပါတယ်။ နောက် မြန်မာနိုင်ငံရဲ့ သံတမန်ရေးက လွတ်လပ်ပြီး မျှတတဲ့ သဘောတရား ရှိတာကြောင့် တောင်တရုတ် ပင်လယ်ပြင် အတွင်း ပိုင်နက်ဆိုင်ရာ အငြင်းပွားနေတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံ တချို့ကြားမှာ ကြားဝင်စေ့စပ်ပေးမယ့် အခန်းကဏ္ဍကနေ ပါဝင်လာမယ်လို့ ခန့်မှန်းရပါတယ်” လို့ ပြောဆိုသွားပါတယ်။

သူ့ရဲ့ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတXi Jinping ၊ ဝန်ကြီးချုပ် Li Keqiang ၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ အပါအဝင် အစိုးရပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း တရုတ်ခေါင်းဆောင်ပိုင်းရဲ့ ကြိုဆိုမှု၊ သတင်းထုတ်ပြန်ချက်တွေကို သုံးသပ်ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်ဟာ အောင်မြင်တဲ့ခရီးစဉ် တခုဖြစ်တယ်လို့ ဝါရင့်သတင်းစာဆရာကြီးဦးကျော်ရင်မြင့်က ရှု့မြင်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ်ဟာ အင်မတန်အောင်မြင်ပြီး အားရကျေနပ်စရာကောင်းပါတယ်။ ဒေါ်စုအပေါ်မှာ တရုတ်က အလေးထားဆက်ဆံမှုအပေါ်မှာလည်း မြန်မာလူထုက ကျေနပ်အားရတာကို တွေ့ရပါတယ်။ နောက်တခါ ၂ ဦး ၂ ဘက်ခေါင်းဆောင်တွေ ဆွေးနွေးကြတာတွေ ထုတ်ပြန်ချက်တွေအရလည်း အများစု ကျနော်အပါအဝင် ကျေနပ်အားရတာ ဖြစ်ရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာပြည်သူလူထု မျှော်လင့်သလို နိုင်ငံအကျိုး လူထုအကျိုးရှိမယ့် ဆွေးနွေးမှုတွေ လုပ်နိုင်ခဲ့မယ်လို့ ယူဆကြောင်း ဦးကျော်ရင်မြင့်က အခုလိုသုံးသပ်ပါတယ်။

“ကျေနပ်အောင်လုပ်နိုင်မယ်လို့ထင်ပါတယ်ခင်ဗျ။ လုပ်မယ့် စီမံကိန်း၊စီမံချက်တွေဟာ ဘယ်လိုပုံစံ၊ ဘယ်လိုစံနှုန်းနဲ့ လုပ်ဖို့လိုအပ်မယ် နောက်တခါ လာလုပ်တဲ့အခါမှာလည်း အရင်ဖြစ်လေ့ဖြစ်ထရှိတဲ့ တရုတ်အလုပ်သမားတွေပါလာပြီးတော့ ဒေသခံတွေနဲ့ အဆင်မပြေဖြစ်တာတို့ အဲလို ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်အလေးအနက်ထားပြီးတော့ ဆွေးနွေးခဲ့မယ်လို့ထင်ပါတယ်။ အဲဒီလို ဆိုရင် နှစ်ဦး နှစ်ဘက်အတွက်လည်း အကျိုးရှိမယ် တိုင်းပြည်အတွက်လည်း အကျိုးရှိမယ်လို့ ကျနော်ကတော့ အဲဒီလိုမြင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီခရီးစဉ်နောက်ပိုင်း ပိုပြီးတော့မှ ၂ နိုင်ငံဆက်ဆံရေး ခိုင်မာလာနိုင်တယ်လို့လည်း တရုတ်နိုင်ငံရဲ့ဖိတ်ခေါ်ချက်အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် သွားရောက်လေ့လာခဲ့ဖူးသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကလည်း သုံးသပ်ပါတယ်။

“ကျနော့်အမြင်တော့ အောင်မြင်တဲ့ခရီးစဉ်လို့သုံးသပ်ပါတယ်။ သွားတဲ့အချိန်တုန်းက အဓိကအားဖြင့်တော့၂ ခုပေါ့နော်။ ၁ ခုကတော့ တရုတ်ပြည်ကလာပြီးတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ နောင်မှာဆိုရင် ၂ နိုင်ငံ ပြည်သူလူထုအကျိုး ရှိဖို့ဆိုတဲ့ ရည်ရွယ်ချက်ပေါ့နော်။ ပွင့်လင်းမြင်သာမှုရှိဖို့ဆိုတဲ့ဟာ။ နောက်တခုက သူအဓိက လိုလားတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုကို တရုတ်ပြည်ဘက်ကနေပြီးတော့ အကူအညီပေးဖို့ပေါ့နော်။ သူတို့ ၂ နိုင်ငံ ထုတ်ပြန်ကြေညာချက်ထဲမှာ အဲဒီ ၂ ခုလုံးက ထင်ထင်ရှားရှားတွေ့ရပါတယ်။ တရုတ်ဘက်ကလည်း ကျနော်တို့ ပြည်သူလူထုစိုးရိမ်နေတာကို သူတို့နားလည်ပုံရတယ်။ ဒါကြောင့်မို့လို့ ကြေညာချက်ထဲမှာ ဒီအကြိုးစီးပွားတွေကို ပြည်သူလူထုခံစားနိုင်မယ့်လုပ်ငန်းတွေဖြစ်ဖို့ နောက်တခုက ပွင့်လင်းမြင်သာတဲ့လုပ်ငန်းတွေ ဖြစ်ဖို့ဆိုတဲ့ဟာကို အထူးပြုထားပါတယ်။"

မြန်မာနိုင်ငံတွင်း အစိုးရသစ်လက်ထက် ဖော်ဆောင်နေတဲ့ ပြည်တွင်း ငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးတွေမှာလည်း တရုတ်နိုင်ငံ ဘက်က ထောက်ခံအားပေးပြီး လိုအပ်တာတွေ ပံ့ပိုးကူညီမယ်လို့ ပြောဆိုခဲ့တဲ့အပေါ် မြန်မာပြည်သူလူထုဘက်က ကြိုဆိုမှုတွေရှိပါတယ်။ သတင်းစာဆရာ ဦးကျော်ရင်မြင့်ရဲ့အမြင်ကတော့

“ငြိမ်းချမ်းရေးကိစ္စမှာ တရုတ်ရဲ့ ရပ်တည်ချက်က အင်မတန်မှ အရေးကြီးပါတယ်ခင်ဗျ။ အခုလို တရုတ်က မြန်မာနိုင်ငံငြိမ်းချမ်းရေးကို စိတ်ဝင်တစားနဲ့ ပါဝင်မယ်၊ ကူညီမယ် ဆိုတော့ မြန်မာ့ငြိမ်းချမ်းရေးအတွက်အလားအလာအတွက် အင်မတန်မှ အားရှိစရာကောင်းပါတယ်။”

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ နေ့လည် ၂နာရီခွဲမှာတော့ တရုတ်နိုင်ငံ ကူမင်းမြို့ကနေ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ တရုတ်လေကြောင်းနဲ့ ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG