နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ကြပြီး တရုတ်နိုင်ငံက နွေးထွေးစွာကြိုဆိုတဲ့ အပေါ်မှာ ကျေးဇူးတင်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံကို ၅ ရက်ကြာရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့အစောပိုင်းက တရုတ်နိုင်ငံရဲ့ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို၊ တရုတ်နိုင်ငံရဲ့ AIIB ဘဏ်ရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံကို ၅ ရက်ကြာ ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေမှာတော့ တရုတ်သမ္မတ ရှီကျင်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ သူမ အပေါ်မှာ နွေးနွေးထွေးထွေးကြိုဆိုတဲ့ အတွက် ကျေးဇူးတင် တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တရုတ်သမ္မတ ရှီနဲ့ တွေ့ဆုံစဉ် မှာ ပြောကြားခဲ့ပါတယ်။
“ကျွန်မတို့နိုင်ငံရဲ့  ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကလည်း ကျွန်မတို့ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေအပေါ်မှာ အခြေခံပြီးတော့ .. ကျမတို့ကို ဒီလိုနွေးနွေးထွေးထွေးနဲ့ ကြိုဆိုတဲ့အတွက်အရမ်းကျေးဇူးတင်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇွန်လတုန်းက တရုတ်နိုင်ငံကို ပထမဆုံးအကြိမ်သွားရောက်ခဲ့တာဖြစ်ပြီး၊ အခုတကြိမ်ကတော့ ဒုတိယကြိမ်မြောက် သွားရောက်တာဖြစ်ပါတယ်။အခုလို တရုတ်နိုင်ငံကို ဒုတိယကြိမ် လာရောက်စဉ် ပြီးခဲ့တဲ့တကြိမ်က တွေ့ဆုံခဲ့သူတွေကို ထပ်မံတွေ့ဆုံရတဲ့အတွက်လည်း ၀မ်းမြောက်မိတယ်လို့ ပြောပါတယ်။
“မနှစ်ကဆိုလို့ရှိရင် ကျွန်မတို့အရင်တခါလာတုန်းက ပါတီက မိတ်ဆွေဟောင်းတွေကိုပြန်ပြီးတော့တွေ့ရတဲ့အတွက် အင်မတန်မှဝမ်းသာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့ပါတီ၊ အိမ်နီးနားချင်းနိုင်ငံတွေဆိုတာ တဦးနဲ့တဦးနားလည်မှုရှိပြီးတော့ တဦးကနေပြီးတော့ တဦး..”
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်အစောပိုင်းက အာရှအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (AIIB) ဘဏ်က တာဝန်ရှိသူတွေ နဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံတော်ဧည့်ဂေဟာ အဆောင်အမှတ် ၁၂ မှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးတော့ နေ့လည်ပိုင်းမှာတော့ တရုတ်သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည်ပိုင်း တုန်းကတော့ တရုတ်နိုင်ငံရဲ့ နိုင်ငံတော်ကောင်စီဝင်နဲ့တရုတ်အထက်လွှတ်တော်ဥက္ကဋ္ဌ နဲ့ တွေ့ဆုံခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါ်အေးအေးစိုးက ပြောပါတယ်။
“တရုတ်ပြည်နိုင်ငံတော်ကောင်စီဝင်မစ္စတာ ယန်ရှိချီ သူနဲ့တွေ့တယ်။ နောက်ပြီးတော့မှ National People’s Congress က ဥက္ကဌ မစ္စတာ ကျန်းဒေကျန်းနဲ့လည်းတွေ့တယ်။”
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကတော့ တရုတ်ဝန်ကြီးချုပ် လီခချန်း နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ အဲဒီတွေ့ဆုံမှု အတွင်းမှာ မြစ်ဆုံရေကာတာစီမံကိန်းကိစ္စအပါအ၀င် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကိုဆွေးနွေးခဲ့ပါတယ်။
တရုတ်ဝန်ကြီးချုပ်ဘက်ကတော့ မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်ပြီး သင့်တင့်တဲ့ အဖြေရှာဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းခဲ့ပြီးတော့ မြန်မာနိုင်ငံ ဘက်ကတော့ ဒီမြစ်ဆုံဆည်စီမံကိန်းကို သင့်တင့်မျှတစွာကိုင်တွယ်ပြီတော့ စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် ကော်မရှင်တရပ်ဖွဲ့စည်းထားပြီဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။