သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီးစည်းဝေးပွဲ မြန်မာဖိတ်ကြားခြင်းခံရဖွယ်မရှိ (Vikram Nehru, Johns Hopkins တက္ကသိုလ်)


အင်ဒိုနီးရှားနိုင်ငံမှာ အာဆီယံခေါင်းဆောင်တွေရဲ့ မြန်မာ့အရေး အထူးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်လာမှုကို ကန့်ကွက်ဆန္ဒပြနေကြစဉ် (ဧပြီ ၂၄၊ ၂၀၂၁)
အင်ဒိုနီးရှားနိုင်ငံမှာ အာဆီယံခေါင်းဆောင်တွေရဲ့ မြန်မာ့အရေး အထူးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်လာမှုကို ကန့်ကွက်ဆန္ဒပြနေကြစဉ် (ဧပြီ ၂၄၊ ၂၀၂၁)

မြန်မာစစ်ကောင်စီအနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိဘူးဆိုရင် ဒီလနှောင်းပိုင်းမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာကို ဖိတ်ကြားခြင်းမပြုမယ့် အလားအလာရှိနေတယ်လို့ Johns Hopkins တက္ကသိုလ် နိုင်ငံတကာရေးရာဌာနက မြန်မာ့အရေးကျွမ်းကျင်သူ Vikram Nehru က ဗွီအိုအေကိုပြောပါတယ်။

အာဆီယံ အထူးသံတမန်ရဲ့ မြန်မာခရီးစဉ် ရွှေ့ဆိုင်းရတဲ့ အကြောင်းအရင်းထဲမှာ ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မပေးတာဟာ အဓိကအချက်ဖြစ်နိုင်တယ်လို့လည်း သူကသုံးသပ်ပါတယ်။အာဆီယံအနေနဲ့ နောက်ထပ်ခြေလှမ်းအဖြစ် ဘယ်လို ဆောင်ရွက်လာနိုင်ခြေရှိနေပါသလဲ။

Vikram Nehru ကို မအင်ကြင်းနိုင်က ဗွီဒီယိုကွန်ဖရင့်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် Erywan Yusof ရဲ့ သတင်းထုတ်ပြန်ချက်အရ တနင်္လာနေ့က မြန်မာနိုင်ငံက လွဲပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အစည်းအဝေး လုပ်ခဲ့ရာမှာ အတော်လေး အခက်အခဲတွေရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါကို ကြည့်ရင် ဘုံသဘောတူညီချက်ရထားတဲ့ အချက်ငါးချက်အတိုင်း မြန်မာက လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့အပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဘက်က အလွန် စိတ်မချမ်းမသာဖြစ်နေတာ သိသာထင်ရှားပါတယ်။ ဒီတော့ ရှေ့ဆက်ဘာဖြစ်မလဲဆိုတာ ကျနော်တို့ ကြည့်မယ်ဆိုရင် ဖြစ်နိုင်ချေတခုကတော့- ဒီလနှောင်းပိုင်းမှာ စီစဉ်ထားတဲ့ အာဆီယံထိပ်သီးအစည်းအဝေးအတွက် မြန်မာနိုင်ငံကို ဖိတ်ကြားမှာ မဟုတ်ပါဘူး။ ဒါဟာ အဓိက ကျတဲ့ ခြေလှမ်းဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုရင် အာဆီယံအနေနဲ့ ဒီလို အဖွဲ့ဝင်နိုင်ငံတနိုင်ငံကို ထိပ်သီးအစည်းအဝေးမှာ ပါဝင်ခွင့်မပေးတဲ့ ပြင်းထန်တဲ့ အရေးယူမှုမျိုးကို ပထမဆုံးအကြိမ်ပြုလုပ်တာမျိုးဖြစ်သွားပါလိမ့်မယ်။”

အင်ကြင်းနိုင်။ ။ ဒါပေမဲ့ တဖက်မှာ တရားဝင်မှုရဖို့ကြိုးပမ်းနေတဲ့ စစ်ကောင်စီအနေနဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးတက်ခွင့်ရဖို့ ဘယ်လောက်အရေးကြီးမလဲ။

Vikram Nehru ။ ။ တိုင်းပြည်တွင်း သူတို့ ဘာတွေလုပ်နေတယ်ဆိုတာ ပြန်ပြီးစဉ်းစားဖို့ မြန်မာအာဏာပိုင်တွေအပေါ် ဖိအားတွေအများကြီးရှိမယ်လို့ ကျနော်မြင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အခုအချိန်မှာ သူတို့အတွက် ဒေသတွင်း တရုတ်ကလွဲပြီ မိတ်ဆွေတယောက်မှ မရှိဘူးဆိုတာ မြင်နိုင်ပါတယ်။ တရုတ်နိုင်ငံလောက်ပဲ သူတို့ကို သံတမန်ရေးအရ ဆက်ဆံမှု မပြတ်ပဲရှိနေတာပါ။ ဒါပေမယ့် အာဆီယံရဲ့ ဖယ်ကျဉ်မှုမျိုးဟာမြန်မာအာဏာပိုင်တွေအတွက် အဓိက နောက်ပြန်ဆုတ်တဲ့ခြေလှမ်းကြီးတခုဖြစ်ပါလိမ့်မယ်။

အရင်မြန်မာစစ်အစိုးရတုန်းက အာဆီယံအဖွဲ့ဝင်နိုင်ငံအနေနဲ့ ရပ်တည်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လက်ခံမှုရဖို့ အချိန်ကြာမြင့်စွာကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အခုမှာတော့ ဒီလိုအခြေအနေမျိုးဖြစ်လာနိုင်ခြေ မရှိပါဘူး။ ဒီကနေ့ မြန်မာနိုင်ငံက သတင်းတွေကို ကြည့်ရင် အလွန်စိုးရိမ်စရာကောင်းပါတယ်။ အကြမ်းဖက်မှုတွေ သိသိသာသာတိုးလာနေပါတယ်။ မန္တလေးနားက စစ်ကိုင်းဒေသဘက်မှာ လူတွေ သတ်ဖြတ်ခံရတဲ့သတင်းမျိုး၊ အရပ်သားတွေအပေါ် စစ်တပ်က လက်နက်ကြီးသုံးပစ်ခတ်တာ၊ စတဲ့ အကြမ်းဖက်တွေ တော်တော်လေးကျယ်ကျယ်ပြန့်ပြန်ဖြစ်ပေါ်နေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီကို အသိအမှတ်ပြုဖို့ အရမ်းခက်ခဲပါလိမ့်မယ်။ အလားတူ အောက်တိုဘာအကုန်ပိုင်းလောက်မှာ ကျင်းပမယ့် အာဆီယံခေါင်းဆောင်များအစည်းအဝေးမှာ မြန်မာကို အဖွဲ့ဝင်အဖြစ် တန်းတူလက်ခံဖို့ တော်တော်ခက်ခဲပါလိမ့်မယ်။

အင်ကြင်းနိုင်။ ။ ဒါဆိုရင် အခြားတဖက်မှာ NUG အမျိုးသားညီညွတ်ရေးအစိုးရကို အာဆီယံက အသိအမှတ်ပြု လက်ခံနိုင်မယ့် အလားအလာ ဘယ်လိုမြင်ပါလဲ။

Vikram Nehru ။ ။ အဲဒါကလည်း အာဆီယံအတွက် လုပ်ဖို့ အရမ်းခက်ခဲမယ်လို့ ကျနော်မြင်ပါတယ်။ အာဆီယံအဖွဲ့ထဲမှာ ဆွေးနွေးတာမျိုးရှိကောင်းရှိပါလိမ့်မယ်။ ဒီလို ကိစ္စမျိုးကို ဆွေးနွေးပွဲ တံခါးပိတ်နောက်ကွယ်မှာပဲ ပြောဆိုကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို အလွတ်သဘောမျိုး ဆွေးနွေးဖို့ဆိုတာကလည်း အလွန်ခက်ခဲမယ်လို့ ကျနော်ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အာဆီယံအတွက် အစဉ်အလာလိုမျိုး ဖြစ်သွားမယ့်အနေအထားရှိနေတာပါ။ တကယ်လို့ အနာဂတ်မှာ အဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ သူပုန်တွေရှိမယ်ဆိုရင် သူတို့ကို အသိအမှတ်ပြု လက်ခံဖို့ ဆိုတာ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင် NUG အနေနဲ့ မြန်မာစစ်တပ်ဆီက အာဏာကို ပြန်ပြီး မထိန်းချုပ်နိုင်မခြင်းNUG ကို အာဆီယံက မကြာခင်အချိန်အတိုင်းအတာအတွင်း အသိအမှတ်ပြုမယ်လို့တော့ ကျနော်မထင်ပါဘူး။

-----------------------------------











XS
SM
MD
LG