သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ဒဂုံမြို့နယ် အစ္စလာမ်ဝတ်ပြုမှု ဟန့်တားခံရတဲ့အပေါ် တုံ့ပြန်မှု


ဓာတ်ပုံ- မင်းရိုးယာဉ် Facebook
ဓာတ်ပုံ- မင်းရိုးယာဉ် Facebook

ရန်ကုန်တိုင်း အစိုးရရဲ့တရားဝင်ခွင့်ပြုချက်နဲ့ဒဂုံမြို့သစ်တောင်ပိုင်းမှာ အစ္စလာမ် ဘာသာဝင်တွေ ဥပုသ်လ ဝတ်ပြုနေတဲ့ နေရာကို ဗုဒ္ဓဟူးနေ့ညက အမည်မသိ လူအုပ်ကနေ ဝင်ရောက်နှောင့်ယှက် တားဆီးခဲ့ပြီး ရပ်ကွက်ဥက္ကဋ္ဌကလည်း နှုတ်မိန့်နဲ့ ဝတ်ပြုခွင့်ကို ပိတ်ပင်ခဲ့ကြောင်း သက်ဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီလို နှောင့်ယှက် တားဆီပိတ်ပင်မှုတွေလုပ်တာဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ဘာသာရေး ကိုယ်ချင်းစာတရား ထားကြဖို့၊အခုလို လုပ်ရပ်မျိုးမှာ အစိုးရတာဝန်ရှိသူတွေဘက်က ဥပဒေနဲ့အညီ ထိထိရောက် တားမြစ်ဖို့ ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က မိန့်ကြားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

ဒဂုံမြို့သစ် တောင်ပိုင်း ၂၆ ရပ်ကွက်မှာ တရားဝင်ခွင့်ပြုချက်ရထားတဲ့ အစ္စလာမ် ယာယီ ဝတ်ပြုဆောင်မှာ ဝတ်ပြုနေသူတွေကို မေလ (၁၅) ရက် ညပိုင်းက ဘုန်းကြီးတချို့ပါတဲ့ လူအယောက် ၂၀၀ လောက်ရှိမယ့် အမည်မသိ လူအုပ်စုကနေ တားဆီး နှောင့်ယှက် ပိတ်ပင်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတဲ့ ၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေးကို ဗွီအိုအေက မေးကြည့်ပါတယ်။

“ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လ ရောက်လို့ ရှိရင် စုပေါင်းပြီး ဝတ်ပြုတယ်ဆိုတာ ရှိတယ်။ စုပေါင်း ဝတ်ပြုခွင့်ကို ခွင့်ပြုပေးဖို့ဆိုပြီးမှ ဘာသာရေး အဖွဲ့အစည်းတွေက နေပြီးမှ ရန်ကုန်တိုင်း ဒေသကြီး အစိုးရဆီကို တင်ပြပြီးတော့မှ တောင်းခံရတယ်။ နှစ်စဉ် နှစ်တိုင်းမှာလည်း အဲလိုဘဲ ခွင့်ပြုတာ ရှိတယ်။ တောင်းထားတဲ့ အခါမှာ ၁၅ နေရာမှာ သုံးနေရာ ခွင့်ပြုတော့ ဒီ ၃ နေရာမှာ ဝတ်ပြုတာ။ အဲဒါတွေက ဗလီတွေ မဟုတ်ဘူးဗျ။ ဒါက ကျနော် နံပတ် ၁ ပြောချင်တာလေ။ အဲတော့ တောင်ဒဂုံ မြို့နယ်မှာလည်း ဗလီဆိုတာ မရှိဘူးဗျ။ အဲဒီမှာ လာပြီးတော့မှ ခုန ပြောသလို ဝတ်ပြုတဲ့ သူတွေကို ဖိအားပေးပြီး ဝင်ရှာပြီးတော့မှ ဝတ်ပြုတာတွေကို ရပ်ဆိုင်းပေးပါ၊ မလုပ်ပါနဲ့လို့ လူအုပ်နဲ့လုပ်တယ်ဆိုတဲ့ ပုံသဏ္ဍာန်မျိုး ဒီနေ့ညမှာ ဖြစ်ခဲ့တယ်ပေါ့ဗျာ။ ဖြစ်ခဲ့တယ် ဆိုတဲ့ အခါကျတော့ ဘယ်သူတွေလဲ ဘယ်ဝါတွေလဲ ဆိုတာထက် ကျနော် မြင်တာက တိုင်းပြည်ရဲ့ အခြေအနေကို မငြိမ်မသက်ဖြစ်အောင် ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်အောင် မဖြစ် ဖြစ်အောင် ဖန်တီးနေတဲ့ လုပ်ရပ် တခုလို့ဘဲ ကျနော် မြင်ပါတယ်။ အဲဒီ လုပ်ရပ်ကို ဖန်တီးနေတဲ့ လူများလို့ဘဲ ကျနော်ကတော့ အဲဒီ အတိုင်း မြင်ပါတယ်။ ”

မအင်ကြင်းနိုင် ။ ။ အခု အခြေအနေတွေကို တားဆီးနိုင်ပြီလား။ အခု နောက်ဆုံးအခြေအနေကို ကိုမြအေး ဘာကြားလဲရှင့်။

ကိုမြအေး ။ ။ နောက်ဆုံး အခြေအနေကတော့ အဲဒီ ၃ နေရာလုံးကို အဲဒီမှာ ရှိတဲ့ ဝတ်ပြုမှုနဲ့ ပတ်သက်တဲ့ တာဝန်ခံတွေက နေပြီးတော့မှ လက်မှတ် ထိုးပေးလိုက်ရတာပေါ့ဗျာ။ ဝတ်မပြုတော့ ပါဘူး ဆိုပြီးတော့။ မထိုးပေးလို့လည်း မရဘူးဗျ။ ပြသနာက ဘာရှိလဲဆိုတော့ အဲဒီ ရပ်ကွက် အတွင်းမှာ မှီတင်းနေထိုင် တာတို့ လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်းတွေကို ဖျက်စီးမယ့် အန္တရာယ်ကလည်း တဖက်က ရှိကြတယ်။ ဆိုတော့ အဲဒီ အခါကျတော့ နောက်ဆုံးတော့ ကျနော်တို့ မလုပ်တော့ ဝတ်မပြုတော့ပါဘူး။ အဲမှာ မပြုပါဘူး ဆိုပြီးတော့ ထိုးပေးလိုက်ရတယ်။ ပြသနာက ဘာလဲဆိုတော့ဗျာ တရားဥပဒေ စိုးမိုးရေး လျော့တိလျော့ရဲ နိုင်တာပေါ့နော်။ ကျနော် မြင်တဲ့ အမြင်ကတော့ ဒါ တိုင်းဒေသကြီး အစိုးရက တရားဝင် ခွင့်ပြုထားတာ။ အဲဒါ ဒီလို အုပ်စုနဲ့ဖြစ်တဲ့အခါကျတော့ ဒီလို ကိစ္စမျိုးကျတော့ ကျနော်တို့ နိုင်ငံ အတွက်လည်း မကောင်းဘူး။ အထူးသဖြင့် ဒီလိုမျိုး အခုအချိန်က နိုင်ငံရေး အခြေအနေ အရ ပြောမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းနေတဲ့ ကာလမှာ လူမျိုးရေး၊ ဘာသာရေး မီးမွှေးတယ်ဆိုတဲ့ ကိစ္စက တိုင်းပြည် အတွက်ဆိုလည်း မကောင်းသလို နိုင်ငံတကာ အလယ်မှာလည်း Image မကောင်းဘူး။

အမေရိကန်ပြည်ထောင်စုကို ဗုဒ္ဓသာသနာပြု ခရီးစဉ်အဖြစ် ကြွရောက်လာတဲ့ မန္တလေး ဗုဒ္ဓတက္ကသိုလ်က ဆရာတော် ဦးဣဿရိယ (မင်းသုည) ကလည်း ဘာသာရေး အရ ကိုယ်ချင်းစာတရား ထားပြီး အခြားဘာသာဝင်တွေကို နှောင့်ယှက်ပိတ်ပင် တားဆီးတာမျိုး မလုပ်သင့်ကြောင့် ဝါရှင်တန် ဗွီအိုအေရုံးကို မနေ့က ကြွရောက်လာချိန်မှာ အခုလို မိန့်ကြားပါတယ်။

“ အဲဒါက တကယ် သူတို့ အစိုးရကလည်း တရားဝင် ခွင့်ပြုထားတယ်။ တရားဥပဒေ အရ ခွင့်ပြုထားတယ်ဟေ့ ဆိုရင် ဒါဟာ သွားပြီးတော့ မနှောင့်ယှက်သင့်ဘူး။ တားဆီး ပိတ်ပင်မှုတွေ မလုပ်သင့်ဘူးပေါ့။ ဘာဖြစ်လို့လဲဟေ့ ဆိုတော့ ဦးပဉ္စင်းတို့ မြန်မာနိုင်ငံက ရဟန်းတော်တွေလည်း တခြားနိုင်ငံ အသီးသီးမှာ သာသနာပြု နေကြတယ်။ ခရစ်ယာန် နိုင်ငံတွေ၊ မူဆလင် နိုင်ငံတွေ၊ မလေးရှား နိုင်ငံမှာဟေ့ ဆိုရင် ဒါ ပီနန်ကျောင်း ဆရာတော်ကြီး နော် တခြား တခြား ဆရာတော်တွေ အားလုံး သာသနာပြုနေကြတာ။ မိမိတို့က ကိုယ်ချင်းစာ တရား အနေနဲ့ ကြည့်မယ်ဟေ့ ဆိုရင် အဲဒီ ကျောင်းကြီးတွေကို ဦးပဉ္စင်းတို့ရဲ့ ဗုဒ္ဓရဲ့ အခမ်းအနားတွေ အဲဒီမှာလည်းဘဲ ဒါ အကုန်လုံး ကျင်းပနေကြတယ်။ ဘုရားရှိခိုးကြတယ်။ မိမိတို့ တရားတွေ ထိုင်ကြတယ်။ တရား စခန်းတွေ ဖွင့်ကြတယ်။ အဲဒီမှာ အခုလိုမျိုး သူတို့ မူဆလင်တွေက နေပြီးတော့ လာတားမယ်ဟေ့ဆိုရင် ဦပဉ္စင်းတို့ ဗုဒ္ဓဘာသာတွေလည်း ဒါ ကြိုက်ကြမယ် မဟုတ်ပါဘူး။ ကိုယ်ချင်းစာ တရား အနေနဲ့ တားမြစ်တာတွေ၊ ပိတ်ပင်တာတွေ မလုပ်သင့်ပါဘူး။ ”

ဒါ့ အပြင် ဗုဒ္ဓဘာသာရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း ဥပဒေမဲ့ လုပ်ရပ်တွေ မကျူးလွန်ကြဖို့နဲ့ အစိုးရ တာဝန်ရှိသူတွေကလည်း ထိထိရောက်ရောက် တားမြစ်ဖို့ ဆရာတော်က အခုလို မိန့်ကြားပါတယ်။

“ ဦးပဉ္စင်းတို့ အနေနဲ့ မေတ္တာရပ်ခံချင်တာ ဦးပဉ္စင်းတို့ရဲ့ ဗုဒ္ဓရဲ့ ဝါဒဟာ မေတ္တာတရားကို အခြေခံပြီးတော့ တည်ဆောက်ထားတဲ့ ဝါဒ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးဟာ နံပတ် ၁ အရေးကြီးပါတယ်။ တရားဥပဒေကို ကျူးလွန်ပြီးတော့လည်း မလုပ်ကြပါနဲ့။ ဘာသာ တခုနဲ့ တခု အားလုံးရဲ့ ကြားထဲမှာ ပဋိပက္ခတွေ မဖြစ်ကြဘဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဘဲ ဦးပဉ္စင်းတို့ သွားစေချင်ပါတယ်။ အားလုံးကို ငြိမ်းချမ်းစွာ နည်းတွေနဲ့ ဖြေရှင်းပေးကြပါ။ တာဝန်ရှိတဲ့ အစိုးရတွေ အနေနဲ့ကလည်းဘဲ ဒါတွေကို ထိထိရောက်ရောက် ကာကွယ်ပေးပါ။ တားမြစ်ပေးပါ။ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆောင်ရွက်ကြပါ။ ”

အစ္စလာမ် ဘာသာဝင်တွေ အတွက် ဒဂုံမြို့သစ်တောင်ပိုင်းမှာ ဝတ်ပြုခွင့် ၁၅ နေရာ တောင်းခံ တင်ပြခဲ့ပေမယ့် ရန်ကုန်တိုင်း အစိုးရက အခု အကြမ်းဖက် တားမြစ်ခံရတဲ့ ဒဂုံမြို့သစ် တောင်ပိုင်းက ၂၆ ရပ်ကွက်မှာရှိတဲ့ နေရာအပါအဝင် စုစုပေါင်း ၃ နေရာပဲ ခွင့်ပြုခဲ့ပါတယ်။ မနေ့ညက လူအုပ်ဝင်ရောက်နှောင့်ယှက်ခဲ့တဲ့ အခြေအနေကို သက်ဆိုင်ရာ တောင်ဒဂုံ လွှတ်တော်အမတ် ဦးညီညီ အပါအဝင် မြို့နယ် အုပ်ချုပ်ရေးမှူးတွေ၊ ရဲတပ်ဖွဲက့နေ လာရောက်စောင့်ကြည့်ခဲ့ကြောင်း မျက်မြင်သက်သေတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG