[Zawgyi/Unicode]
စစ်အာဏာသိမ်း အုပ်ချုပ်မှု ဆန့်ကျင်ဆန္ဒပြပွဲတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက အကြမ်းဖက် နှိမ်နင်းဖိနှိပ်မှုတွေ ဆန္ဒပြမှုတွေ ပိုတိုးလုပ်လာချိန်မှာ ဆန္ဒပြသူတချို့ကလည်း ခုခံကာကွယ်မှုတွေ လုပ်လာပါတယ်။ ရန်ကုန်မြို့က ဆန္ဒပြသူတွေဟာ စစ်တပ်ဘက်က သေနတ်တွေ၊ လောင်ချာတွေ၊ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တာကို ရရာ ပစ္စည်းတွေ ကိုင်စွဲခုခံနေကြသလို၊ ပြောက်ကျားသပိတ်ပုံစံနဲ့လည်း နေရာအနှံ့မှာ ဆန္ဒပြနေကြပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကိုတော့ မဆုမွန်က ဆက်ပြောပြပါမယ်။
အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်ကအာဏာသိမ်းထားတာ ဒီနေ့ ၅၈ ရက်ရှိနေပြီဖြစ်သလို ဒီအပေါ် ကန့်ကွက်ဆန္ဒပြနေသူတွေကလည်း ဇွဲမလေ ျှာ့ ဆက်ပြနေကြပါတယ်။ ဆန္ဒပြတဲ့ ပုံစံကိုလည်း အမျိုးစုံလုပ်နေကြတာမှာ ဒီကနေ့မှာတော့ အမှိုက်သပိတ်လို့ဆိုပြီး ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ အမှိုက်တွေကို စွန့်ပစ်ထားကြပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြပါတယ်။ အကြမ်းဖက်ပစ်ခတ်တာတွေကို ရှောင်နိုင်ဖို့ စစ်တပ်နဲ့ရဲတွေကို ထိပ်တိုက်မတွေ့တော့ဘဲ အရုဏ်ဦးသပိတ်နဲ့အတူ မနက်အစောပိုင်းကတည်းက အမှိုက်သပိတ်၊ လူမဲ့သပိတ်တို့ကို ပြုလုပ်ခဲ့ပါတယ်။ မနေ့ မတ်လ ၂၉ ရက်နေ့က သေဆုံးသူ ၁၂ ယောက် ထက်မနည်းရှိနေပြီး သေဆုံးသူအရေအတွက် အတိအကျ အတည်ပြုဖို့ ခက်ခဲနေသေးတဲ့ တောင်ဒဂုံမြို့နယ်မှာတော့ ၅၆ လမ်းဆုံမှာ မီးရှို့ခံထားရတဲ့ အလောင်းတလောင်းကို အနီးဝန်းကျင်မှာနေသူတွေ ဒီနေ့မနက်အစောပိုင်းက တွေ့ခဲ့ကြပါတယ်။ သေဆုံးသူ ဘယ်သူဆိုတာ မသိရသေးသလို၊ ဘယ်သူ့လက်ချက်ဆိုတာကို အတည်ပြုဖို့ခက်နေပေမဲ့ အဲဒီနေရာမှာ ညကတည်းက တပ်က လက်နက်တွေနဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူတွေ အိမ်ပြင် မထွက်ရဲဘဲ နေအိမ်ထဲကနေသာ ပုန်းနေရတဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
တောင်ဒဂုံမြို့နယ်ထဲက ဆန္ဒပြသပိတ်မှာ ရှေ့တန်းကနေပါဝင်ခဲ့တဲ့ လူငယ်တချို့လည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
"ဒီကောင်တွေက သေနတ်နဲ့ စပစ်တာ မဟုတ်ဘူး။ စရောက်ရောက်ခြင်း ကားပေါ်က ဆင်းပြီးတော့ ၅ မိနစ်လောက်ပဲကြာမယ်။ သူတို့လူစီပြီးတာနဲ့ လက်နက်ကြီးနဲ့ တန်းပစ်လိုက်တာပဲ။ ကျနော့်အရှေ့က သဲအိတ်က လုံးဝပွင့်ထွက်သွားပြီးတော့ ထိုင်နေရင်းနဲ့တောင်မှ လွင့်သွားတယ်။ ပြီးလည်းပြီးတော့ တောက်လျှောက် စစ်သေနတ်နဲ့လားမသိဘူး။ ပစ်တယ်။ ပစ်လည်းပစ်ပြီး နောက်ထပ်တလုံး ထပ်ထုတယ်။ မနေ့က ၅၆ လမ်းဆုံကို စဖြိုဖို့အတွက်ကို လက်နက်ကြီး ၄ လုံးတော့ သုံးသွားတယ်။ တောက်လျှောက်မရပ်ဘူး။ ညကတညလုံး မအိပ်ရဘူးဆိုတာက မဲမဲမြင်တာနဲ့ တောက်လျှောက်ပစ်နေတာ။ မင်းတို့မိုက်တဲ့ကောင်ရှိရင် ထွက်ခဲ့ဆိုပြီး ဒီကောင်တွေ ဆဲတယ်၊ ပစ်တယ်။ ကျနော်တို့မှာ လုံးဝထွက်လို့မရဘူး။ ပြီးတော့ ရပ်ကွက်တွေထဲကို မီးထွန်းကြည့်တယ်၊ လှမ်းပစ်တယ်။ အဲဒီလိုမျိုးပေါ့နော်။"
မနေ့က တောင်ဒဂုံမှာ ဖြစ်ခဲ့တဲ့ အခြေအနေကို ဆန္ဒပြသူတယောက်က ပြောပြတာပါ။ ဒီကနေ့ မနက်ပိုင်းအစောပိုင်းအထိလည်း ဆန္ဒပြသူတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က ပစ်ခတ်တာရှိခဲ့ပြီး နေ့လယ်နဲ့ ညနေပိုင်းအချိန်တွေအထိ လမ်းတွေပေါ်မှာ စောင့်နေပြီး ထွက်လာသူတချို့ကို တားဆီးစစ်ဆေးတာတွေရှိတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတဦးက ဗွီအိုအေကိုပြောပါတယ်။
"ကျနော်မြင်လိုက်ရတာတော့ အမျိုးသမီးတွေကို အိမ်ထဲကနေခေါ်ထုတ်သွားပြီးတော့ သဲအိတ်တွေ ထမ်းခိုင်းတယ်။ ပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်။ ညနေ ၅ နာရီဝန်းကျင်လောက်က ၁၀၄ ရပ်ကွက်ကို ဝင်မွှေပြီးတော့ ဆန္ဒပြတဲ့လူငယ် ၃ ယောက်ရဲ့အိမ်ကို တံခါးသော့တွေ ရိုက်ဖြုတ်ပြီး မွှေသွားတယ်။ ပစ္စည်းတွေ ယူသွားတာတော့ မရှိဘူး။ အဖမ်းအဆီးတော့ မသိရသေးဘူး။ လမ်းသွားတဲ့အခါမှာ ဆိုင်ကယ်သမားတွေကို လှမ်းတားတယ်။ တချို့ကထွက်ပြေးရင် လိုက်ပစ်တယ်။ မနက်က ကျနော့်မျက်စိရှေ့မှာတင် တစီးကိုလိုက်ပစ်တာ ထိတော့မထိလိုက်ဘူး။ ကျနော်တို့က လမ်းထိပ်ကို ထွက်ကြည့်တဲ့အချိန်မှာ သူတို့ကင်းပုန်းဝပ် ဘွားခနဲပေါ်လာပြီးတော့ ကျနော်တို့ကိုပါ လိုက်ပစ်တာ။ လိုက်ပစ်တော့ ကျနော်တို့ ဝရုန်းသုန်းကားနဲ့ ထွက်ပြေးရတယ်။"
ရန်ကုန်မြို့ထဲက တချို့နေရာတွေမှာလည်း အိမ်တွေထဲအထိ လက်နက်ကိုင်တပ်ဖွဲ့တွေ ဝင်ရောက် စစ်ဆေးဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။ ခုလို စစ်တပ်နဲ့ ရဲတွေက ဆန္ဒပြသူတွေအပေါ် လက်နက်တွေသုံး အကြမ်းဖက်ပစ်ခတ်လို့ သေဆုံးသူ ၅၁၀ ထက်မနည်းရှိသွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB ရဲ့ မတ်လ ၂၉ ရက်အထိ စာရင်းမှာ ဖော်ပြထားပါတယ်။ ဒီအရေအတွက်ဟာ AAPPB က ကောက်ယူရရှိထားတဲ့ သေဆုံးသူအရေအတွက် ဖြစ်ပြီး၊ စစ်တပ်နဲ့ ရဲတွေဘက်က အင်အားသုံးအကြမ်းဖက်လို့ သေဆုံးခဲ့ရသူတွေဟာ ဒီထက်မက ရှိနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
[Unicode Version]