သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တိုင်းရင်းလက်နက်ကိုင် ၁၀ ဖွဲ့ တက်မည်


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (ဖေဖော်ဝါရီ ၃၊ ၂၀၂၁။)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (ဖေဖော်ဝါရီ ၃၊ ၂၀၂၁။)

[[Zawgyi/Unicode]]

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ချက်ကို တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က တက်ရောက်ဖို့ စာရင်း ပေးထားပါတယ်။ တက်ရောက် မယ့်အဖွဲ့တွေထဲမှာ NCA အပစ်ရပ်စာချုပ်လက်မှတ်ထိုးထားတဲ့ ၇ ဖွဲ့နဲ့ လက်မှတ်မထိုးအဖွဲ့က ၃ ဖွဲ့တို့ ဖြစ်ပါတယ်။ အဓိက ဘယ်အချက်တွေကို အလေးထား ဆွေးနွေးဖွယ်ရှိပါသလဲ။ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စိန်ရတုလွတ်လပ်ရေးအကြို ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဘာကန့်သက်ချက်မှမထားဘဲ ဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးကို ဖိတ်ခေါ်ခဲ့တာပါ။

ဆွေးနွေးပွဲ တက်ရောက်မယ့်အဖွဲ့တွေကို ဒီလ ၉ ရက်နေ့ နောက်ဆုံးထား စာရင်းပေးဖို့ အကြောင်းကြားခဲ့ရာမှာ လက်ရှိအချိန်ထိ လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က တက်ရောက်ဖို့ အကြောင်း ကြားထားကြောင်း စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက VOA ကို ပြောပါတယ်။

“မနေ့ညအထိကတော့ ၁၀ ဖွဲ့ပေါ့။ လက်မှတ်ရေးထိုးပြီးသားက ၇ ဖွဲ့၊ လက်မှတ်မရေးထိုးသေးတာက ၃ ဖွဲ့။ ကျနော်တို့ကို စာရင်းပေးထားပါတယ်။ တချို့အဖွဲ့တွေကလည်း သူတို့ တိုင်ပင်နေဆဲဖြစ်တဲ့အတွက်ကြောင့်မို့ စောင့်ပေးပါအုံးဆို အကြောင်းကြားလာတဲ့အဖွဲ့တွေလည်း ရှိတယ်။ တချို့ကတော့ ကြေညာချက်တွေ ထုတ်ပြီး မတက်ရောက်ဘူးဆိုတဲ့အဖွဲ့တွေလည်း ရှိပါတယ်။”

ဒီလိုတက်ရောက်မယ့်အဖွဲ့အစည်းစာရင်းကို ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ဆက်ပြောပါတယ်။

“တက်ရောက်မယ့်အဖွဲ့တွေကတော့ လက်မှတ်ရေးထိုးပြီးသားအဖွဲ့တွေက DKBA ရယ်၊ KNU/KNLA –PC ၊ နောက်ပြီးတော့ ပအိုဝ်းအဖွဲ့ပေါ့ PNLO၊ မွန်အဖွဲ့ NMSP၊ ပြီးရင်တော့ ကျနော်တို့ ရခိုင်အဖွဲ့ ALP ရယ်၊ RCSS/SSA ရယ်၊ ပြီးရင်တော့ လားဟူအဖွဲ့ LDU ။ ကျနော်တို့ လက်မှတ် ရေးထိုးမထားတဲ့ ၃ ဖွဲ့ကတော့ UWSA ဝရယ်၊ NDAA မိုင်းလားရယ်၊ SSPP/SSAရယ်၊ အဖွဲ့တွေပါဗျ။”

LDU လားဟူဒီမိုကရက်တစ်ယူနီယံအဖွဲ့ကတော့ မနေ့ကမှ တက်ရောက်မှာဖြစ်ကြောင်း အကြောင်းကြားခဲ့တာပါ။

NCA အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST က စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ NCA လုပ်ငန်းစဉ်တွေ ရပ်ဆိုင်းထားကြောင်း နဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာသွားမယ်လို့ ထုတ်ပြန်ထားတာပါ။

ဒီအခြေအနေမှာ PPST အဖွဲ့ဝင်တွေအနေနဲ့ NCA လမ်းကြောင်း ပြင်ပကနေ ဆွေးနွေးဖွယ်ရှိတဲ့အချက်တွေကို နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက အခုလို သုံးသပ်ထားပါတယ်။

“ပြင်ပကိစ္စဆိုရင်တော့ NUG၊ PDF သို့တည်းမဟုတ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ နဲ့ ဆွေးနွေးဖို့ ဆိုတဲ့ဟာမျိုးတိုက်တွန်းမှာပေါ့ဗျာ။ မြန်မာနိုင်ငံရဲ့ အနာဂတ် ပြဿနာတွေက ကျနော်တို့နဲ့ ဖြစ်နေတဲ့ကိစ္စတင်မပြီးဘူး။ အဲဒီဘက်မှာလည်း ပြဿနာတွေ ရှိတယ်ဆိုတာမျိုးပေါ့။ ထောက်ပြပြီး အဲဒီအင်အားစုတွေပါ ပါမှ အဆင်ပြေမယ်ဆိုတာမျိုး ထောက်ပြတာမျိုးရှိမှာပေါ့။ ”

အင်အားကြီးလက်နက်ကိုင်အဖွဲ့အဖြစ်တဲ့ UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အပါအဝင် NCA လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေအနေနဲ့ ဆွေးနွေးဖွယ်ရှိတာကိုတော့ အခုလို ဆက်လက် သုံးသပ်ထားပါတယ်။

“အခု NCA လက်မှတ် မထိုးသေးတဲ့အဖွဲ့တွေအနေနဲ့ ပြောမယ်ဆိုရင်တော့ သူတို့ ဖြစ်ချင်တဲ့ဥစ္စာကိုပဲ သူတို့က ပြောမှာ။ သူတို့ဖြစ်ချင်တဲ့ဥစ္စာပြောတဲ့အခါကျတော့ ရှင်းအောင်ပြောရရင်တော့ အခြေခံဥပဒေအသစ်ပြန်ပြီးတော့ ရေးဖို့ ပေါ့ဗျာနော။ သူတို့ ပြောချင်တာကို ပြောခွင့်ရမယ် နားထောင်မယ်ဆိုရင်တော့ သူတို့က အဲဒါတွေ ပြောခွင့်ရလိမ့်မယ်။ ပြတ်ပြတ်သားသားအဖြေတခုတော့ ထွက်မှာမဟုတ်ဘူး။ ဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ကိုယ်နှိုက်ကိုက အမြင်အမျိုးမျိုး ရှိလိမ့်မယ်။”

လောလောဆယ်မှာတော့ NCA လက်မှတ်ရေးထိုးထားတဲ့ KNU ကရင်၊ CNF ချင်း၊ ABSDF ကျောင်းသားတပ်မတော်နဲ့ NCA လက်မှတ်ရေးမရေးထိုးသေးတဲ့ KIO ကချင်၊ KNPP ကရင်နီ စတဲ့အဖွဲ့တွေကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီအဖွဲ့တွေကတော့ မြန်မာပြည်ရဲ့ လက်ရှိ ပြဿနာကို ဖြေရှင်းဖို့ဆိုရင် သက်ဆိုင်သူအားလုံးပါဝင်ရေးကို တိုက်တွန်းထားပါတယ်။

တချိန်တည်းမှာပဲ NCA လက်မှတ် မထိုးသေးတဲ့ PSLF/ TNLA ပလောင်၊ MNDAA ကိုးကန့်နဲ့ AA ရခိုင်အဖွဲ့တွေကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ကြောင်း သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်တဲ့ အဖွဲ့အစည်းတွေနဲ့ မြန်မာပြည်အလယ်ပိုင်းဒေ သမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့တွေဟာ လက်ရှိမှာ စစ်ကောင်စီနဲ့ စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတာကြောင့် ဒီအဖွဲ့အစည်းတွေ မပါဝင်ဘူးဆိုရင် ငြိမ်းချမ်းရေးရဖို့ဆိုတာ မဖြစ်နိုင်ကြောင်း သုံးသပ်တာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

=========

[[Unicode]]


















=========

XS
SM
MD
LG