[[Zawgyi/Unicode]]
စစ်အာဏာသိမ်း ဆန္ဒပြဆန့်ကျင်မှုတွေမှာ ပါဝင်ခဲ့ပြီး ဖမ်းဆီးထောင်ချခံထားရတဲ့ ရုပ်ရှင်သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ပိုင်တံခွန်နဲ့ ဒါရိုက်တာဝိုင်းတို့ ဒီကနေ့ ပြန်လွတ်လာပြီလို့ ဗွီအိုအေက အတည်ပြုရရှိပါတယ်။
တပ်မတော်ပြိုကွဲအောင် လှုံ့ဆော် လုပ်ဆောင်မှု ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် သုံးနှစ်စီ ချမှတ်ခံထားရတဲ့ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ လူမင်း၊ ပိုင်တံခွန်၊ မဝင်းမင်းသန်းနဲ့ ဒါရိုက်တာဝိုင်းတို့ကို ဒီနေ့မတ်လ ၂ ရက်နေ့မှာ လွှတ်ပေးမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။
"ဒီနေ့ အိန္ဒြာကျော်ဇင်ရယ်၊ ပြေတီဦးရယ်၊ ပြီးရင် လူမင်းရယ်၊ ဝင်းမင်းသန်းရယ်၊ ပိုင်တံခွန်ရယ် အနုပညာရှင် ခြောက်ယောက်ရယ် မလေးရှားနိုင်ငံသားတယောက်ရယ် ဒီနေ့လွှတ်ပါမယ်၊ ပြစ်ဒဏ်လွတ်ငြိမ်းနဲ့ လွှတ်မှာပါ၊ ဝန်ခံနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တာပါ။ ခံဝန်နဲ့ပါပဲ၊ ယခင်တုန်းကလွှတ်ခဲ့တာလည်း ခံဝန်နဲ့ပဲ။ ခံဝန်နဲ့ဆိုတာ ဘယ်သူ့ကိုပဲ လွှတ်သည်ဖြစ်စေ နောင်မှာ ပြစ်မှု ကျူးလွန်ခြင်းမရှိပါဘူးဆိုတဲ့ ခံဝန်နဲ့ အားလုံးလွှတ်တာဖြစ်ပါတယ်။"
စစ်ကောင်စီရဲ့ ဒီကနေ့ သတင်းထုတ်ပြန်ချက်ထဲမှာ Beauty Blogger ဝင်းမင်းသန်းကို ၅၀၅-က နဲ့ ကျခံဖို့ရှိတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းခွင့်ပြုခဲ့တယ်လို့ ဖော်ပြထားသလို ဒါရိုက်တာဝိုင်းကိုတော့ အရေးယူထားတဲ့ပြစ်မှုကို ပိတ်သိမ်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း Beauty Blogger ဟာ အခြားပုဒ်မတခုနဲ့ ပြစ်ဒဏ်ချခံထားရတာကြောင့် ပြန်လည်လွတ်မြောက်ခြင်းမရှိသေးဘူးလို့ လည်း သိရပါတယ်။
နောက်ထပ်လည်း ဆက်လက်လွှတ်ဖို့ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပေမယ့် ဘယ်သူတွေ ဆက်လွှတ်မယ်ဆိုတာကိုတော့ အတိအကျ မပြောပါဘူး။
"နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ပြောပြီးသားဖြစ်ပါတယ်။ အဓိကကတော့ တိုင်းပြည်တည်ဆောက်ရေးမှာ အားလုံးပါဝင်နိုင်ဖို့ အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ လွတ်ငြိမ်းခွင့်တွေပေးခဲ့တာ သုံးကြိမ်မြောက်ရှိပြီပေါ့။ နောင်မှာလည်း သင့်တော်တဲ့ အချိန်မှာ သင့်တော်တဲ့သူတွေကို ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်တွေပေးမယ်ဆိုတာ ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒီတိုင်းပဲ ကျနော်တို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။"
အခုလွှတ်ပေးမယ့်အထဲမှာ အဆိုတော်ပိုပို၊ ရဲတိုက်နဲ့ ဖမ်းဆီးခံထားတဲ့ ကျန်အနုပညာရှင်တချို့ မပါသေးပါဘူး။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ အခုအချိန်ထိ ဖမ်းဆီးခံထားရသူပေါင်း ၉,၄၀၀ ကျော်ရှိထားပြီး အဲဒီအရေအတွက်ကို စစ်ကောင်စီကတော့ ငြင်းဆိုထားပါတယ်။
=============
[[Unicode]]
=============