သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲဒေသများ စက်သုံးဆီပိုရှားပါးနေ


MYANMAR-ECONOMY-OIL-GAS
MYANMAR-ECONOMY-OIL-GAS


[[Zawgyi/Unicode]]

စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ စစ်ပွဲပဋိပက္ခတွေဖြစ်နေတဲ့ နေရာတွေမှာ စက်သုံးဆီတွေ ပိုပြီးရှားနေပါတယ်။ ကချင်ပြည်နယ် ပူတာအိုမြို့နယ်၊ ချင်းပြည်နယ် မတူပီမြို့နယ်စတဲ့ ဒေသတွေဘက်မှာ စက်သုံးဆီဈေးတွေ အဆမတန် မြင့်တက်နေတဲ့အပြင် လိုသလောက်ဝယ်မရဘဲ အကန့်အသတ်နဲ့သာ ဝယ်နိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

စက်သုံးဆီဈေးတွေ အခုရက်ပိုင်း ပိုဈေးကြီးလာတဲ့ မြန်မာနိုင်ငံမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေမှာ ပိုပြီးဈေးတွေတက်နေပါတယ်။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေလို့ အသွားအလာကန့်သတ်မှုတွေရှိနေတဲ့ ချင်းပြည်နယ် မတူပီမြို့နယ်မှာဆို စက်သုံးဆီရှားလို့ ဆက်သွယ်ရေးတွေပါ ပြတ်နေပါတယ်။ စက်သုံးဆီအခက်အခဲကြောင့် စားသောက်ကုန်တွေ ပို့ဆောင်ဖို့ အခက်အခဲဖြစ်နေတဲ့အပြင် ဆက်သွယ်ရေးစက်တွေ မလည်ပတ်နိုင်တာကြောင့် မတူပီမြို့မှာ လက်ရှိသုံးစွဲလို့ရနေတဲ့ MPT ဆက်သွယ်ရေးလိုင်းတစ်ချို့ ပြတ်တောက်မှုရှိခဲ့တယ်လို့ ဒေသခံတဦးက ခုလိုပြောပြပါတယ်။

“ဓာတ်ဆီဈေးက အခု တဂါလံကို ၁၆,၀၀၀၊ ၁၇,၀၀၀ လောက်ရှိတယ်။ နောက်ပြီးတော့ ဆန်လည်း ပြတ်တယ်၊ ဆန်တွေလည်း မဝင်ဘူး။ ဆီဈေးကတော့ တအားတက်တယ်။ အရင် ရေသန့်ဗူးတဘူး ၁,၀၀၀ နဲ့ဝယ်ရတာ ခု ၅,၀၀၀၊ ၆,၀၀၀ ဖြစ်နေပြီ။ ဒီဇယ်လည်း တက်တယ်၊ ဓာတ်ဆီလည်း တက်တယ်။ MPT က သုံးရက်လောက် လိုင်းပြတ်ပြီးတော့မှ ပြန်တက်လာတယ်။ ဘာလို့ပြတ်သလဲဆိုတော့ ဆီပြတ်လို့လို့ ပြောကြတာပဲ။ ဆီပြတ်တယ်တဲ့။ ဓာတ်ဆီနဲ့ စက်လည်တာ စက်တွေမလည်နိုင်လို့တဲ့။ အဲ့လိုပြောကြတယ်။ ဓာတ်ဆီက ရှိရင်တော့ ခွဲတမ်းလေးနဲ့ တယောက်တဂါလံ၊ နှစ်ဂါလံ အဲ့လိုပေါ့။ ဒီနေ့ကတော့ နည်းနည်းပါးပါးတော့ ရောင်းကြတယ်။ အရင်က ဝယ်ထားကြတာတွေပေါ့ အဲ့တာတွေကို တဂါလံနှစ်ဂါလံစီ ရောင်းပေးကြတယ်။ ဒါလဲ ကုန်သွားပါပြီ။”

အဲဒီဒေသဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေတာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲနေသလို စစ်ဆေးကန့်သတ်မှုတွေ များတာကြောင့် ဒီလို အခက်အခဲတွေ ဖြစ်နေရတာဖြစ်တယ်လို့ ပြောပါတယ်။
ချင်းပြည်နယ်မှာလိုပဲ လတ်တလော တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ် ပူတာအိုမြို့နယ် ထဲမှာလည်း ပူတာအို မြို့အဝင်အထွက် စိစစ်ကန့်သတ်မှုတွေကြောင့် ကုန်စည်ပို့ဆောင်တဲ့ကားတွေ ဝင်ရ ထွက်ရ ခက်ခဲနေပါတယ်။ စက်သုံးဆီတွေလည်း ရှားပါးဈေးတက်နေပြီး မနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကတည်းက ဆိုင်တွေမှာ ပမာဏ အကန့်အသတ်နဲ့သာ ရောင်းနေပါတယ်။ ကား ၁ စီးကို ကျပ်ငွေ ၁ သောင်းဖိုးအထိပဲ ဆီဖြည့်ပေးတဲ့အထိဖြစ်နေတယ်လို့ ဒီနေ့မနက်က ဓါတ်ဆီသွားထည့်သူတယောက်က VOA ကို ခုလိုပြောပါတယ်။

“အကန့်အသတ်နဲ့ ဝယ်ရတယ်။ ဒီမနက်ကနေစပြီးတော့ ကားတစီးကို ဒီမနက်ကကျတော့ ၂ သောင်းတဲ့၊ ခုနေ့လယ်ပိုင်းကျ တစီးကို ၁ သောင်းဖို့ပဲရပြီတဲ့၊ ဒါတောင်မှ ၁၂ နာရီထိပဲ ရမယ်တဲ့ မနက်ပိုင်း။ ကျနော်တို့ လူမှုရေးကားတွေကကျတော့ နားလည်အောင်ပြောပြီးတော့ ၅ သောင်း၊ ၅ သောင်းစီ ဝယ်လို့ရအောင်ပေါ့။ အဲ့လိုတော့ ရှိတယ်။”

ပူတာအိုမြို့မှာ ဖေဖော်ဝါရီ ၈ ရက်မှာ စက်သုံးဆီကို တဂါလံကို ၁၃,၀၀၀ ကျပ်ထိ ပေးဝယ်ရတယ်လို့ ပြောပါတယ်။ ဓာတ်ဆီဈေးက တနေ့ကို ကျပ် ၁၀၀၀ ကနေ ၂၀၀၀ အထိ နေ့တိုင်းဈေးတက်နေလို့လည်း ပြောပါတယ်။ ဒီလို စက်သုံးဆီဈေးတွေ တရိပ်ရိပ်မြင့်တက်နေသလို အကန့်အသတ်နဲ့သာ ဝယ်ယူရတာတွေကြောင့် တခြားသော ကုန်ဈေးနှုန်းတွေကလည်း လိုက်တက်လာသလို ပြည်သူတွေအတွက် အခက်အခဲတွေ ဖြစ်နေရတယ်လို့ ပူတာအိုမြို့က ဒေသခံတဦးက ပြောပါတယ်။

“ကူးသန်းရောင်းဝယ်ရေးလုပ်တဲ့လူတွေ၊ လူမှုရေးလုပ်တဲ့သူတွေ အကုန်ပေါ့နှော်၊ ဒီ ဆီဈေးတက်ရင်တော့ ပူတာအိုမြို့က ဘာမှ လုပ်လို့မရတော့ဘူး။ တချို့ဆို ရွှေမှော်တွေမှာ ဒီဇယ်တွေ သုံးရတယ်။ ပြီးတော့ သွားလာရေးကလည်း အခက်အခဲဖြစ်သွားပြီပေါ့။ ကားနဲ့သွားရင်လည်း တရက်ခရီး နှစ်ရက်ခရီးတွေရှိတယ်။ ပြီးတော့ တခြား အထွေထွေလုပ်ငန်းတွေရှိတယ်။ ဒါတွေကလည်း အကုန် လည်ပတ်မှု ရပ်သွားမှာပေါ့နော်။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒေါလာဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေးတွေ သိသိသာသာ တက်နေပြီး လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာဆိုရင် ဈေးက ပိုပြီးကြီးနေသလို ဒေတခုနဲ့တခုမှာလည်း ရောင်းတဲ့ဈေးနှုန်းတွေက မတူညီကြပါဘူး။
ရန်ကုန်မြို့မှာလည်း ၂၀၂၂ နှစ်ဆန်းပိုင်းကစလို့ စက်သုံးဆီဈေးတွေ ပိုမြင့်တက်လာနေပါတယ်။ လက်ရှိ ဖေဖော်ဝါရီလ ၈ ရက်နေ့ပေါက်ဈေးက အော့တိန်း 92 တလီတာကို ၁,၆၅၅ ကျပ်၊ အော့တိန်း 95 တလီတာကို ၁,၇၁၀ ကျပ်၊ ဒီဇယ်ဆီ ကတော့ တလီတာကို ၁,၅၃၂ ကျပ် ဈေးဖြစ်ပါတယ်။ အော့တိန်း 92 တလီတာကို ၁,၇၀၀ ဝန်းကျင်ဈေး ဖြစ်တဲ့အတွက် ၁ ဂါလံဆိုရင်တော့ ၇,၀၀၀ ကျော်ဝန်းကျင်ဈေးဖြစ်ပါတယ်။

#MyanmarViolence #MyanmarConflict #VOABurmese
#ဓာတ်ဆီ #အော့တိန်း #အကန့်အသတ်နဲ့ရောင်း #ပူတာအို #စစ်ပွဲဋိပက္ခ #စက်သုံးဆီပိုရှား #ဗွီအိုအေ

==========

[[Unicode]]

တိုကျပှဲဒသေမြား စကျသုံးဆီပိုရှားပါးနေ








#MyanmarViolence #MyanmarConflict #VOABurmese

==========

XS
SM
MD
LG