[[Zawgyi/Unicode]]
တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ကနေ အိမ်နီးချင်း မကွေးတိုင်းဆောမြို့နယ်ဘက်ကို ထွက်ပြေးခဲ့ကြတဲ့ ပြည်တွင်းဒုက္ခသည်တွေဟာ သူတို့ပုန်းခိုတဲ့နေရာတွေဘက်မှာ စစ်ရေးလှုပ်ရှားမှုတွေကြောင့် နောက်ထပ်လုံခြုံမယ်ထင်တဲ့ နေရာတွေဆီ မကြာမကြာ ထပ်မံပြေးလွှား ရှောင်တိမ်းနေကြရပါတယ်။ သက်ကြီး ရွယ်အိုနဲ့ ကလေးငယ်တွေပါတဲ့ ဒုက္ခသည် ၁,၀၀၀ လောက် ဘေးလွတ် ရာကို ထပ်ခါ ထပ်ခါ ထွက်ပြေးနေကြရတဲ့အတွက် စားရေရိက္ခာရှားပါး ပြတ်လပ်တဲ့ ဒုက္ခကို ရင်ဆိုင်နေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို နန်းလောဝ်က တင်ပြပေးထားပါတယ်။
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်နဲ့ နယ်ချင်းထိဆက်နေတဲ့ မကွေးတိုင်း ဆောမြို့နယ်ဘက်မှာ မေလထဲက ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ပြေးဒုက္ခသည် ၁,၀၀၀ လောက်ရှိနေပါတယ်။ ငွေကြေးတတ်နိုင်တဲ့သူတချို့သာ အိမ်ငှားနေနိုင်ကြပေမယ့် စစ်ပြေးဒုက္ခသည် အများစုကတော့ ဘေးကင်းတယ်လို့ ယူဆရတဲ့ နေရာတွေမှာ ခိုလှုံနေထိုင်နေကြရပါတယ်။ ဒါပေမယ့်လည်း အဲဒီနေရာတွေဘက် မှာ စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားမှုတွေရှိနေတာကြောင့် ဒုက္ခသည်တွေ ထပ်မံထွက်ပြေးနေကြရပါတယ်။ ပုန်းခိုနေတဲ့ နေရာတနေရာကနေ နောက်တနေရာ ထွက်ပြေးပြောင်းရွှေ့ကြရတာကြောင့် ဒုက္ခမျိုးစုံကြုံတွေ့ နေရတယ်လို့ စစ်ပြေးဒုက္ခသည်တဦးက ပြောပါတယ်။
“စစ်ပြေးရှောင်စခန်းမှာတောင်မှ စားနပ်ရိက္ခာတွေအစ အစစအရာရာ အခက်အခဲက ရှိလာတယ်။ အဲ့ဒါတောင် မပြီးသေးဘူး။ အခက်အခဲကြားထဲကနေ အဲ့မှာတောင်မှ အငြိမ် အတည်မနေရဘူး။ အခေါက်ခေါက် အခါခါ ထပ်ပြေးနေရတဲ့အခါကျတော့ ကျနော်တို့က ဒုက္ခတွေ အများကြီးဖြစ်လာတယ်။ အသက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေနဲ့ ပြေးလွှားနေရတဲ့အခါကျတော့ စားနပ်ရိက္ခာတောင် အဆင်မပြေပါဘူးဆိုခါမှ ဆိုင်ကယ်ဖိုးတွေ ဆီဖိုးတွေအစ အရမ်းဒုက္ခများတယ်။ ဆိုင်ကယ်မရှိလို့ ခြေလျင်နဲ့ ပြေးနေရတဲ့ မိသားစုတွေလည်း ရှိနေတယ်။ အရမ်းအခက်အခဲရှိတယ်။”
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ဘက်မှာ ၂၀၂၁ ခုနှစ် မေလထဲကပြီး စစ်ကောင်စီတပ်တွေနဲ့ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် ကန်ပက်လက်မြို့နယ်ထဲက ဒေသခံတွေ ဆောမြို့နယ်ဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြတာပါ။ ၂၀၂၁ ခုနှစ် ဇွန်လလောက်မှာတော့ ဆောမြို့နယ်ဘက်မှာလည်း ပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေ စတင်ဖြစ်ခဲ့ပါတယ်။ အခုဆို စစ်တပ် စစ်ကြောင်းတွေက ပစ်ခတ်ပြီး ရွာတွေထဲ ဝင်လာပြီဆိုရင် ဘေးလွတ်ရာမှာ ပုန်းနေကြရတယ်လို့ နောက်ထပ် စစ်ပြေးဒုက္ခသည်တဦးက ပြောပါတယ်။
“ဒီမှာနေရတာလည်း မလုံခြုံပါဘူး။ သူတို့ စစ်ကြောင်းထွက်လာပြီဆိုတာနဲ့ ပြေးနေရတယ်၊ ရှောင်နေရတယ်။ ကလေးသူငယ်တွေနဲ့၊ သူတို့က ရွာထဲကို ဝင်လာတာနဲ့ သေနတ်ဖောက်ချတယ်။ အဲ့ဒီအချိန်ကျရင် ကလေးတွေက အကုန်လုံးကြောက် လန့်နေကြတာပေ့ါနော်။ ကလေးတွေက အကုန်လုံး ရုန်ရင်းဆန်ခတ်ဖြစ်ပြီးမှ အကုန်လုံး ပြေးရ လွှားရနဲ့ အဲ့လိုဖြစ်ကြတာနဲ့ အဆောင်တဆောင်ထဲကို အသံမထွက်အောင် အကုန် အဲ့လိုပုန်းရတာပေါ့နော်။”
အခုလို မကြာခဏ နေရာပြောင်းရွှေ့ ပုန်းခိုနေကြရတဲ့ စစ်ပြေးဒုက္ခသည်တွေကြား နာမကျန်းဖြစ်သူ ရာချီရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှု အင်မတန်လိုအပ်နေကြပါတယ်။ အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းမရရှိလို့ စစ်ပြေးဒုက္ခသည်ထဲက အသက်ကြီးရင်းသူ ၄ ဦး သေဆုံးသွားတယ်လို့ ပြောပါတယ်။
“လူများတဲ့အခါကျတော့ ဖျားတာရယ် နာတာရယ်၊ ချောင်းဆိုးတာ၊ ဝမ်းလျောဝမ်းပျက်ဖြစ်တာမျိုးကလည်း ခဏခဏကြုံနေရတယ်ခင်ဗျ။ လူဦးရေ တထောင်ထဲမှာဆိုလို့ရှိရင် ရာချီက အဲ့လိုတွေ ဖြစ်ကြတယ်။ ကျန်းမာရေးဆိုးလာတယ်ပေ့ါနော်။ သေတဲ့ဟာတွေကလည်း သေသွားတယ်၊ ကျနော်မျက်မြင်ကတော့ ၄ ယောက်ရှိသွားပြီ ခင်ဗျ။ အဲ့ဒီမှာ ဆေးခန်းတွေ ဆေးရုံတွေ မရှိတော့တဲ့အခါကျတော့ ဒီတိုင်းပဲငြိမ်ခံနေရတာပေါ့။ ဆေးကုသလို့လည်း မရတဲ့အခါကျတော့ သူတို့ရောဂါနဲ့ သူတို့ပေါ့နော် သေသွားတယ်ပေါ့။”
၁ နှစ်နီးပါးကြာ အိုးအိမ်ပြစ်ထွက်ပြေးနေကြရတဲ့ စစ်ပြေးဒုက္ခသည်အတွက် ဆန်၊ဆီ၊ဆား စတဲ့ အခြေခံစားသောက်ကုန်တွေ အလွန်လိုအပ်နေကြတယ်လို့လည်း ပြောပါတယ်။
“ဆန်၊ ဆီ၊ ဆားလေးနဲ့ ဆေးဝါးလေးကတော့ တကယ် ကျနော်တို့မှာ အခက်အခဲဖြစ်နေပါတယ်။ အခု ၄၊ ၅ လ ရှိပြီး အလှူရှင်မလာတဲ့အချိန်ကျတော့ ကျနော်တို့ လူပေါင်း ၁၀၀ ကျော်လေ၊ ၁၀၀ အထက်ပေါ့ အဲ့လိုရှိတဲ့ အချိန်မှာ ခြိုးခြံချွေတာ ပြီးမှပဲ စားနေရတယ်။ တခါတလေကျရင်တော့ ဟင်းကတော့ မုန်ညှင်းလေးတရွက် နှစ်ရွက်ကို ရေပေါလောနဲ့ စားရတဲ့အချိန်တွေလည်း ရှိတာပေါ့၊ လူများတဲ့အချိန် ကျတော့ အဲ့လိုလေးတွေ တော်တော်လေး အခက်အခဲရှိတယ်။”
ကန်ပက်လက်မြို့နယ်ဘက်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ အဘက်ဘက်က လမ်းကြောင်းပိတ်ဆို့မှုတွေ အခုချိန်ထိ ဆက်ရှိနေတာမို့ ဒေသခံတွေဟာ နေရပ်ကို မပြန်ရဲကြသေးဘူးလို့ ပြောကြပါတယ်။
===========
[[Unicode]]
===========