သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝက်လက်နဲ့ကန့်ဘလူမှာ  စစ်ကောင်စီနယ်မြေရှင်းလင်းစစ်ဆင်


ဝက်လက်နဲ့ကန့်ဘလူမြို့နယ်တွေမှာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံထားရတဲ့မြင်ကွင်း။ (ဇွန် ၁၀၊ ၂၀၂၂)
ဝက်လက်နဲ့ကန့်ဘလူမြို့နယ်တွေမှာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံထားရတဲ့မြင်ကွင်း။ (ဇွန် ၁၀၊ ၂၀၂၂)

[[Zawgyi/Unicode]]

စစ်ကောင်စီတပ်တွေက စစ်ကိုင်းတိုင်းထဲက ဝက်လက်နဲ့ ကန့်ဘလူမြို့နယ်တွေမှာ နယ်မြေရှင်းလင်းရေးတွေ ဆက်တိုက် လုပ်နေတာကြောင့် ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ ဝက်လက်မြို့နယ် အရှေ့ခြမ်းကျေးရွာတရွာကို ဝင်ရောက်မီးရှို့ခဲ့သလို ကန့်ဘလူမြို့နယ်တွင်းမှာလည်း ကျေးရွာတချို့ မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းရန်ကုန်က ပေးပို့တဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဇွန်လ ၉ ရက် မနေ့က ညနေ ၆ နာရီဝန်းကျင်လောက်မှာ ဝက်လက်မြို့နယ်ထဲက ချောင်းမီးတိုရွာကို ရွှေဘိုမြို့နယ် ကျောက်မြောင်းတိုက်နယ်ဘက်က စစ်ကောင်စီတပ်တွေက ဝင်ရောက်လာပြီး ကျေးရွာဘုန်းကြီးကျောင်းအပါအဝင် နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် ရွာသားတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတဦးက VOA ကို ခုလိုပြောပါတယ်။

“ဘုန်းကြီးကျောင်းကနေ စ မီးတိုက်လိုက်တာ ဘုန်းကြီးကျောင်းအပါအဝင်တရွာလုံးနီးနီး ပြာကျသွားတယ်။ အခုအချိန် ထိကို မီးမငြိမ်းသေးဘူးဗျ။ မီးက ဝင်ဝင်ချင်းရှို့တာဆိုတော့ အဲ့ရွာထဲမှာ ကျွဲ နွား တိရစ္ဆာန် ရာဂဏန်းအထက်ပဲ ၂ ၀၀-၃၀၀ အထက် ကျွဲတွေရော နွားတွေရော၊ဆိတ်တွေရော အကုန်လုံးသေကုန်တယ်။ တချို့ဆိုရင် အုပ်လိုက်ကို ပြုတ်တာ။ စုစုပေါင်းရင် ရာဂဏန်းအထက်ပဲ။ ၂၀၀ အထက်ပဲဗျ- တိရစ္ဆာန်တွေက။ ထွန်စက်တွေ၊ ကားတွေ ဘာဆိုဘာမှ မရလိုက်တော့ဘူး။” (ဒေသခံ)

“သူတို့ မနေ့က ညနေ ၆ နာရီလောက်က ရောက်လာတယ်။ ရောက်ပြီး ရွာကို ဝင်ဝင်ချင်းပဲ သေနတ်တွေနဲ့ ရမ်းပစ်သွားတယ်။ အဲဒီဘက်မှာ ကလေးတယောက်လည်းမှန်တယ်။ အဲ့မှာ သူတို့ ရောက်ပြီးမကြာဘူး၊ ၁၀ မိနစ် ၁၅ မိနစ်လောက်မှာပဲ ဘုန်းကြီးကျောင်းကနေ စ မီးတိုက်လိုက်တာ ဘုန်းကြီးကျောင်းအပါအဝင်တရွာလုံးနီးနီး ပြာကျသွားတယ်။ အခုအချိန် ထိကို မီးမငြိမ်းသေးဘူးဗျ။ မီးက ဝင်ဝင်ချင်းရှို့တာဆိုတော့ အဲ့ရွာထဲမှာ ကျွဲ နွား တိရစ္ဆာန် ရာဂဏန်းအထက်ပဲ ၂ ၀၀-၃၀၀ အထက် ကျွဲတွေရော နွားတွေရော၊ဆိတ်တွေရော အကုန်လုံးသေကုန်တယ်။ တချို့ဆိုရင် အုပ်လိုက်ကို ပြုတ်တာ။ စုစုပေါင်းရင် ရာဂဏန်းအထက်ပဲ။ ၂၀၀ အထက်ပဲဗျ- တိရစ္ဆာန်တွေက။ ထွန်စက်တွေ၊ ကားတွေ ဘာဆိုဘာမှ မရလိုက်တော့ဘူး၊ ဟိုကောင်တွေ လုပ်သွားတာ။ ရေတင်တဲ့ စက်ကအစပေါ့၊ အခု မီးလောင် တာတောင်မှ လောင်နေတဲ့မီးကို ငြိမ်းဖို့ရေရှိသော်ငြားလည်း မောင်းမယ့်စက်မရှိလို့ အခုအချိန်ထိ မငြိမ်းရသေးဘူး။ မနေ့ညကတော့ ပြေးပြေးလွားလွားဆိုတော့ တောတွေ ဘာတွေထဲ အိပ်ရတာပေါ့ဗျာ၊ အခုတော့ ရွာထဲပြန်ဝင်လာကြပြီ။ ငိုတဲ့သူကငို၊ ရီတဲ့သူကရီပေါ့ဗျာ၊ နောက်ဆုံး ရူးမတက် ဖြစ်လောက်တဲ့အထိကို ဖြစ်ကြတဲ့သူတွေရှိတယ် အဲ့ထဲမှာ။”

စစ်ကောင်စီတပ်တွေ နယ်မြေအတွင်း ဝင်လာချိန်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဘက်က ၃ ဦး သေဆုံးပြီး စစ်ကောင်စီတပ်သား တဦး သေဆုံးတယ်လို့ ဝက်လက်မြို့နယ် အရှေ့ခြမ်း ရွှေဘိုခရိုင် တပ်ရင်း ၁၇ က ပြန်ကြားရေး တာဝန်ခံ ကိုနဂါးလေးက VOA ကို ပြောပါတယ်။

“မနေ့ညက ဒီဘက်က ရဲဘော်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုလေးတွေ ရှိတယ်။ ကျနော်တို့ဘက်က ရဲဘော် ၃ ဦးကျတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော် ၃ ဦးကျတယ်။”

စစ်ကောင်စီတပ်တွေဟာ ချောင်းမီးတိုရွာကို မီးရှို့ပြီး သမန်းကျင်းရွာဘက်ကို ဆက်တက် သွားပြီးတော့ သမန်းကျင်းရွာက နေအိမ်တချို့ကိုလည်းမီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ချောင်းမီးတိုကျေးရွာနဲ့ ၆ မိုင်ဝန်းကျင်လောက်သာဝေးတဲ့ ဝက်လက်နယ်ထဲက တအုံကျေးရွာကိုလည်း ဒီကနေ့ မနက်က နောက်ထပ်စစ်ကောင်စီစစ်ကြောင်းတခု ဝင်လာတာကြောင့် ကျေးရွာ ၅ ရွာလောက် စစ်ရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရွှေဘိုမြို့နယ်ဘက်ကနေ ဝက်လက်နယ်ထဲဝင်လာတဲ့ နောက်ထပ်စစ်ကြောင်းက တအုံကျေးရွာကို ဝင်ရောက်မွှေနှောက်ပြီး အုံးပေါက်ကျေးရွာနဲ့ မောင်းတက် ကျေးရွာတွေဘက်ကို ဆက် တက်လာပြီး လက်ရှိ မောင်းတက် ကျေးရွာမှာ စခန်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီစစ်ကြောင်းတလျှောက် ရွာသားတချို့ ဖမ်းခံရတာလည်း ရှိတယ်လို့ ဒေသခံတဦးက ခုလိုပြောပါတယ်။

“ခုလောလောဆယ်ကို မောင်းတပ်က မနက်လင်းလင်းချင်းရှောင်တယ်။ ငါတို့ ဂွေးပင်ကုန်းကတော့ မနက်လင်းလင်းချင်း ရှောင်တယ်၊ အခု တောထဲမှာပဲ။ မောင်းတက်နဲ့ ဂွေးပင်ကုန်းနဲ့က ၄ မိုင်ပဲ ဝေးတာလေ၊ မနေရဲဘူးဖြစ်နေတာ။ ထပ်ရှောင်ရတော့တာ သူတို့ ဒီဘက် ထိုးလာမယ်လို့ သတင်းပေါက်လာတာနဲ့ ပြေးတိမ်းရှောင်နေရတော့တာ။ ၄ ရွာရှောင်ရတယ်။ တအုံ၊ အုံးပေါက်၊ မောင်းတက်၊ ဂွေးပင်ကုန်း။ ၂၀,၀၀၀ ကျော်လောက် ရှိသွားမှာပေါ့ လူဦးရေဆိုရင် ရှောင်ရတဲ့သူက။ အုံးပေါက်ရွာကတော့ တော်တော်များများရှိတယ်၊ ၄၊၅၊ ၁၀ ဦးလောက် ဖမ်းခံရတယ်။”

အနီးဝန်းကျင်ရွာတွေဖြစ်တဲ့ ဂွေးပင်ကုန်းရွာနဲ့ ဆည်ကြီး ရွာက ရွာသားတွေကလည်း ဘေးလွတ်ရာကို ကြိုရှောင်နေကြရတယ်လို့ ဒေသခံက ပြောပါတယ်။ ဂွေးပင်ကုန်းရွာမှာ ပြီးခဲ့တဲ့ မေလကပဲ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးအတွင်း ကျေးရွာနေအိမ် တချို့ မီးလောင်ဆုံးရှုံးခဲ့ဖူးပါတယ်။ ရွာသားတချို့ ရွာကို ပြန်နေပြီး အခုတကြိမ်မှာ ထပ်ပြီး စစ်ရှောင်ကြရတာလို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ်ထဲမှာလည်း စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးစစ်ကြောင်းဟာ အောက်တဲကျေးရွာမှာ စခန်းချပြီးနောက်၊ နေအိမ်တချို့ကို မီးရှို့ခဲ့ပြီး မနက်ပိုင်း ကျေးရွာက ထွက်ခွာသွားတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“မနေ့တုန်းက မီးရှို့တဲ့ အောက်တဲက ကျတော့ အခုချိန်ထိအောင် ကျနော်တို့ စာရင်းကောက်လို့ မရသေးဘူးဖြစ်နေတယ်ဗျာ။ အတည်ပြုလို့ပေါ့။ ခန့်မှန်းက မနေ့က ရှို့တာ ၇ အိမ်နဲ့ ဒီနေ့ ထပ်ရှို့တဲ့ဟာကိုတော့ ကြည့်လို့မရသေးဘူးဗျ။ အဲ့စစ်ကြောင်းနဲ့ ရွာနဲ့က မဝေးသေးတဲ့ အတွက်ကြောင့်ပေါ့လေ။ ညတုန်းက သူတို့ အဲ့မှာ စခန်းချ အိပ်ပြီးတော့ မနက်ကျတော့ ထပ်ရှို့တာပေါ့။ အခုသူတို့ ထွက်တော့ ထွက်နေပြီပေါ့ဗျာ ဒါပေမယ့် သူတို့ရွာရဲ့ အလုံးရေကို(မီးလောင်) ကို ကျနော်တို့ ကွန်ဖမ်းမဖြစ်ဘူးပေါ့ဗျာ။ သူတို့ဘက်ကတော့ လက်နက်ကြီးနဲ့ ရမ်းပစ်နေတာရှိတယ်။ ရွာကထွက်သွားရင်းနဲ့ သွားတဲ့ လမ်းကြောင်းမှာ ရမ်းပစ်သွားတာပေါ့။ ၅ရက်နေ့က စရှို့တယ် ကျနော်တို့ ကန့်ဘလူမြောက်ခြမ်းမှာ ၅ ရက်နေ့ရှို့တယ်၊ ၆ ရက်နေ့ ရှို့တယ်၊ ၇ ရက်နေ့ နားတယ်၊ ၈ ရက်နေ့ရှို့တယ်၊ မနေ့က ၉ ရက်နေ့ ရှို့တယ်၊ ဒီနေ့ထိပေါ့ဗျာ။”

မိုးတွင်းကာလဝင်လာပြီမို့ ဒေသတွင်းမှာ စစ်ပြေးဒုက္ခသည်တွေအတွက် အမိုးအကာတွေ အထူးလိုအပ်နေတယ်လို့ ဒေသခံတွေရော အကူအညီပေးနေသူတွေကပါ ပြောပါတယ်။ ကျေးရွာနေအိမ် မီးလောင်ဆုံးရှုံးသွားသူတွေအတွက်လည်း နေစရာအခက်အခဲတွေကြုံနေကြရသလို စားနပ်ရိက္ခာနဲ့ဆေးဝါးလိုအပ်ချက်တွေပါ ရှိနေတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာတော့ ယင်းမာပင်၊ ပုလဲ၊ ချောင်းဦး၊ မြင်းမူ၊ အရာတော်၊ ဝက်လက်စတဲ့ တိုင်းစစ်ဌာနချုပ်ထိုင်ရာ မုံရွာမြို့ ပတ်ပတ်လည်မှာကို ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ခဲ့တာ တနှစ်ဝန်းကျင်ရှိနေပါပြီ။ PDF ကာကွယ်ရေးတပ်တွေဟာ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီး စစ်ကောင်စီဖက်က နယ်မြေရှင်းလင်းရေးစစ်ဆင်မှုတွေ တိုးလုပ်လာပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]














===============

XS
SM
MD
LG