သုံးရလွယ်ကူစေသည့် Link များ

မကွေးတိုင်းအစိုးရဟောင်း အလွဲသုံးစားငွေ ကျပ်သန်း ၃၂၇၀ အရစ်ကျပြန်ဆပ်ပြီး


မှတ်တမ်းပုံ - မကွေးတိုင်း တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာအောင်မိုးညို နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခန်း။

အရင် မကွေးတိုင်းဒေသကြီး အစိုးရ လက်ထက်မှာ ရေနံ လက်ယက်တွင်း တူးသူတွေထံက ကောက်ယူခဲ့ပြီး ပျောက်ဆုံးနေတဲ့ ဘဏ္ဍာငွေ ကျပ် ၇ ဘီလီယံခွဲ နီးပါးထဲက ထက်ဝက်နီးပါးဖြစ်တဲ့ ကျပ် သန်း ၃,၂၀၀ ကျော်ကို လက်ရှိ အစိုးရထံ ပြန်လည် ပေးအပ်ခဲ့ပြီးပြီလို့ မကွေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။

တိုင်းဒေသကြီး ဖွံ့ဖြိုးရေးအတွက် သုံးစွဲဖို့ လျာထားခဲ့တဲ့ အဲဒီ ရံပုံငွေတွေကို အရင် အစိုးရ တာဝန်ရှိသူတွေက အလွဲသုံးစား ပြုလုပ်ခဲ့တာကြောင့် စုံစမ်း စစ်ဆေးပြီး မကွေးတိုင်း ဒေသကြီး အစိုးရထံ ပြန်လည် ပေးအပ်ဖို့ ပြည်ထောင်စု အစိုးရက ညွန်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်း မကွေးတိုင်း ဒေသကြီးအစိုးရ ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ မကွေးတိုင်း ဒေသကြီး အစိုးရ အရင် အစိုးရ လက်ထက်က ဒီပိုက်ဆံတွေ အလွဲသုံးစား လုပ်ခဲ့တဲ့ကိစ္စ အခု ထက်ဝက်လောက် နီးပါး ပြန်ရတယ်ကြားလို့ပါ ဆရာ။ အဲဒါ ဘယ်လောက်ပြန်ရပါသလဲ ဆိုတာလေး သိချင်လို့ပါဆရာ။

ဒေါက်တာ အောင်မိုးညို ။ ။ အဲဒါ ပြီးခဲ့တဲ့ သောကြာနေ့မှာ ဇူလိုင် ၃၁ ရက်နေ့ သူတို့ ကတိပေးထားတဲ့အတိုင်းပဲ ကျပ်ငွေသန်းပေါင်း ၃၂၇၀ ပေါ့။ သိန်းပေါင်းဆိုရင် ၃၂၇၀၀ အကုန်လုံး ပြန်ရတယ်။ ပေးမယ်လို့ ကတိပေးထားတဲ့ဟာ။ ပေးရမယ်လို့ ပြည်ထောင်စု အစိုးရက ဆုံးဖြတ်ထားတဲ့ ဟာပေါ့နော။

ကိုဇော်ဝင်းလှိုင် ။ ။ ဟုတ်ကဲ့။ အဲဒါသူတို့ အရစ်ကျ လာပေးတာလား ဆရာ။ သူတို့ ဘုန်းကနည်း တပုံထဲ လာပေးတာလား ဆရာ။ ဘယ်လို ပုံစံနဲ့ ပေးတာလဲ။

ဒေါက်တာ အောင်မိုးညို ။ ။ အဲ မဟုတ်ဘူးဗျ။ အရစ်ကျ လာပေးတာ။ အရစ်ကျ လာပေးတာ။ မေလဆန်းကနေ စပြီး တဖြေးဖြေး အရစ်ကျ သိန်း ၅ ထောင်ပေးလိုက်၊ သိန်း ၃ ထောင်ပေးလိုက်၊ သိန်း ၂ ထောင့် ၅ ရာပေးလိုက် အရစ်ကျ လီလီပြီး ပေးတာပါ။ အဲ နောက်ဆုံးကျန်တဲ့ သန်း ၅၇၀။ သိန်း ၅၇၀၀ ကိုတော့ ဇူလိုင်လ ၃၁ ရက် နေ့က ပေးသွားတာ။

ကိုဇော်ဝင်းလှိုင် ။ ။ ဟုတ်ကဲ့။ အခုလာပေးတဲ့ သူတွေက ဘယ်သူတွေလဲ ဆရာ။ တဦးထဲလား။ ဒါမှမဟုတ် ဘယ်နှစ်ဦးလောက် ရှိပါသလဲ ဆရာ။

ဒေါက်တာ အောင်မိုးညို ။ ။ အဲဒါကတော့ ပေးတာကတော့ ဦးကြည်ထွန်းက ပေးတာလို့ ထင်တယ်။ အဲဒါ သူတို့ ပါတီက လူပေါ့။ ဦးဘုန်းမော်ရွှေက တာဝန်ပေးထားတဲ့ သူပေါ့။ သူကနေပြီးတော့ ချက်နဲ့ ပေးတယ်နဲ့ တူတယ်။ ဟိုဟာကို တိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနပေါ့။ အဲဒီကို ပေးတယ်နဲ့ တူတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ သေချာတာကတော့ တာဝန်အရှိဆုံးကတော့ မကွေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ မှာ တာဝန် ရှိတာပေါ့နော်။ သူက ၀န်ကြီးချုပ်ဆိုတော့ သူ့ရဲ့ညွှန်ကြားချက်နဲ့ လာတာလား။ ဘယ်သူကပေးတယ်ဆိုတာ။

ဒေါက်တာ အောင်မိုးညို ။ ။ ဟုတ်တယ် ဟုတ်တယ်။ အဲဒါကို ခုပြန်ပြန်ပြီးတော့ ကျနော်သိတာက ဒါတွေနဲ့ ပတ်သက်ပြီးတော့ ပြန်ပေးဖို့ ဟုတ်လား ဆောင်ရွက်ဖို့ ဆိုပြီးတော့ ဦးဘုန်းမော်ရွှေ ညွှန်ကြားထားတဲ့ ပုဂ္ဂိုလ် ဦးကြည်ထွန်းတဲ့၊ ဦးကြည်ထွန်းတဲ့။

ကိုဇော်ဝင်းလှိုင် ။ ။ ဟုတ်ကဲ့ သူက ဘာရာထူးရှိခဲ့သလဲ ဆရာ။

ဒေါက်တာ အောင်မိုးညို ။ ။ အဲ သူကတော့ ကျနော်သိသလောက်တော့ ကြံ့ခိုင်ရေး ပါတီဝင်ပဲ။ နောက်ပြီးတော့ ပြီးခဲ့တဲ့ အစိုးရ လက်ထက်တုန်းက သူက လွှတ်တော် ကိုယ်စားလှယ်လား မသိဘူး။ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လား မသိဘူး။ အဲဒီ အခု ငွေရေး ကြေးရေး ဖွံ့ဖြိုးရေးတို့ ဘာတို့။ ဖွံ့ ဖြိုးရေး ရံပုံငွေအဖွဲ့မှာလည်း သူက အတွင်းရေးမှုးလား ဥက္ကဌလား ဘာလား တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တယောက်ပဲ။ သူတို့ အဖွဲ့ရှိတယ်။ ဖွံ့ ဖြိုးရေးရန်ပုံငွေအဖွဲ့ ။ အဖွဲ့ရှိတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဟုတ်ကဲ့ဆရာ။ သူက ရွှေသုခ Microsoft Association ဆိုတာ နဲ့ အတူတူပဲလားဆရာ။ သူကပိုင်တာလား။

ဒေါက်တာ အောင်မိုးညို ။ ။ အဲဒီမှာလား။ သို့တည်းမဟုတ် ကြံ့ခိုင်ရေးပါတီကလား ဘယ်အဖွဲ့လဲတော့ မသိဘူး။ အဲဒီအဖွဲ့မှာတော့ သူက လူကြီးတယောက်ပဲ။ နောက်ပြီးကြတော့ တခါ ကျနော် မှတ်မိသလောက်တော့ ဦးဘုန်းမော်ရွှေက သူဆောင်ရွက်ပါလိမ့်မယ်လို့ တရားဝင် သူ့ကို တာဝန်ပေးထားတာ။ အဲ ဦးကြည်ထွန်းတဲ့။ သူက လာလာပေးတယ် ပြောတယ်။ ဒီချက်လက်မှတ်တို့ ငွေတို့ပေါ့နော။

ကိုဇော်ဝင်းလှိုင် ။ ။ အော် ဟုတ်ကဲ့ဆရာ ဟုတ်ကဲ့။ နောက်တခုက ဒီငွေတွေ ဆရာတို့ ပြန်ရတဲ့ ငွေတွေကို ဘယ်နေရာမှာ ဘယ်လို သုံးစွဲမယ် ဆိုတာကို ကော ဆရာတို့ စီစဉ်ထားတာ ရှိပါပြီလား။

ဒေါက်တာ အောင်မိုးညို ။ ။ အဲဒါက လောလောဆယ် ၂၀၁၇-၁၈ ဘတ်ဂျက်က အတည်ပြုပြီးသား ဆိုတော့ သုံးနေကြပြီလေ။ အဲဒီ အထဲမှာ ထည့်သုံးလို့တော့ မရဘူး။ သို့သော် နှစ်ကုန်ခါနီး ဟိုဟာပေါ့ နိုဝင်ဘာ၊ ဒီဇင်ဘာ ရောက်လို့ရှိရင် ဘယ်ကိစ္စ ဆောင်ရွက်တာ မကွေးတိုင်း ဒေသကြီး ရံပုံငွေ နဲ့ ဆောင်ရွက်တာ လမ်းကိစ္စ၊ တံတားကိစ္စ၊ ဟို ကျေးလက် ကျန်းမာရေးဌာန ကိစ္စ ဒါမျိုးတွေမှာ မပြည့်စုံဘူး ငွေလိုနေပါတယ်။ ဥပမာအားဖြင့် အာဒီးလို့ခေါ်တဲ့ ဘီအီးလို့ခေါ်တဲ့ မူလ ဘတ်ဂျက်လျာထားတုန်းက သိန်းတထောင် တောင်းလိုက်တယ်။ မပြည့်စုံ သိန်းတထောင်နဲ့ မလောက်ဘူး။ သိန်းတထောင့် တရာလိုပါတယ်။ ဒါကြောင့် ပိုက်ဆံ တရာထပ်ပေးပါ ဆိုတာမျိုး။ အဲဒါမျိုး ကိစ္စတွေမှာ ဖြည့်စွက် ရံပုံငွေ တောင်းလာတဲ့ အချိန်မှာ ဒီပိုက်ဆံတွေကို သုံးဖို့ရှိတယ်လို့ ပြောတော့ အဲဒီအချိန်ကျရင် စည်းမျဉ်းစည်းကမ်းနဲ့ အညီ ဒါတွေကို သုံးမှာပါ။

ကိုဇော်ဝင်းလှိုင် ။ ။ ဟုတ်ကဲ့ဆရာ။ နောက်တခုက ကျနော်တို့ သိချင်တာက ဒါဆိုလို့ရှိရင် အခုရတာက ကျနော်တို့ ခန့်မှန်းခြေ အားဖြင့်ဆိုရင် ထက်ဝက်လောက် ရှိသွားပြီပေါ့ဆရာ။ ပြန်ရတာက။

ဒေါက်တာ အောင်မိုးညို ။ ။ ဟုတ်ကဲ့။

ကိုဇော်ဝင်းလှိုင် ။ ။ ဟုတ်ကဲ့ဆရာ အဲဒီတော့ ကျန်တဲ့ငွေတွေကော သူတို့ ထပ်ပြီးတော့ ဆက်ပေးမှာလားဆရာ။ ဘယ်လို စီစဉ်ထားပါလဲ။

ဒေါက်တာ အောင်မိုးညို ။ ။ အဲ အဲဒီမှာ ကျနော် သိသလောက်တော့ 7.459 ဘီလီယံ ဆိုတာ သန်းပေါင်း ၇၄၅၉ ပေါ့လေ။ သန်းပေါင်း ၇ ထောင်ကျော်ပေါ့။ သိန်းပေါင်းဆိုရင် ၇ သောင်းကျော်ပေါ့။ အဲဒီ ငွေတွေ စစ်ဆေးလို့ တွေ့ရှိတာမှာ ပြည်ထောင်စုက ညွှန်ကြားတာမှာတော့ အခုလက်ရှိ လက်ခံရရှိတဲ့ ကျပ်သန်းပေါင်း ၃၂၇၀ ရယ်၊ မီနီဘတ်စ် ဆိုတဲ့ ကား ၂ စီးရယ်၊ နောက်တခါ အီဇူဇူး ဒါဘယ်လ်ကက်ဘ် တစီးရယ် နောက် ဘက်ဟိုးဆိုတဲ့ ယန္တရားတစီးရယ်၊ အဲဒါတွေပြန်လက်ခံ ရမယ်။ ပြန်တောင်းပြီးမှ မပေးဘူးဆိုရင် ဥပဒေကြောင်းနဲ့အညီ တရားစွဲ ပါဆိုပြီးတော့ ညွှန်ကြားထားတယ်။

ညွှန်ကြားချက် ထဲမှာတော့ ဒါပဲပါတယ်။ ကျန်ခဲ့တဲ့ သန်း ၄ ထောင်ကျော် ကိစ္စကတော့ ကျနော့ကို တောင်းဖို့ ဘာမှ မညွှန်ကြားဘူး။ မညွှန်ကြားသော်လည်း ကျနော်တို့ ကြားသိရတာကတော့ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရဲ့ညွှန်ကြားချက်အရ တိုင်းနဲ့ပြည်နယ် အားလုံးဟာ ဒါမျိုးတွေ ရှိလား မရှိဘူးလား ဆိုတာ စစ်ဆေးသလို ကျနော်တို့ မကွေးတိုင်းမှာလည်းပဲ ကျန်တဲ့ သန်း ၄ ထောင်ကျော်ကို ဘယ်လို သုံးစွဲနေတယ်ဆိုတာတွေ စစ်ဆေးနေတယ်လို့ကြားတယ်။မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်က စစ်ဆေးတာပေါနော်။

XS
SM
MD
LG