သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံအရေး ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့ အစိုးရကို တိုက်တွန်း


မြစ်ဆုံဆည်စီမံကိန်း
မြစ်ဆုံဆည်စီမံကိန်း

မြစ်ဆုံဆည်စီမံကိန်း ပြန်စမယ် မစဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြည်ထောင်စုအစိုးရနဲ့ တတိုင်းပြည်လုံးက ချမှတ်ရမှာဖြစ်တယ်လို့ ကချင်ဒေသမှာ သြဇာရှိတဲ့ ဘာသာရေးခေါင်းဆောင်တဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီကိစ္စကို အစိုးရက ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့ ကချင်လူငယ်တွေက လိုလားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြစ်ဆုံဆည်စီမံကိန်း ပြန်လည်စတင်ရေးနဲ့ပတ်သက်ပြီး ထုတ်ပြန်လိုက်တဲ့အပေါ် ကချင်နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမှုအသင်းအဖွဲ့တွေက လက်မခံကြောင်း တုံ့ပြန်သံတွေ ထွက်ပေါ်လာသလိုဒီစီမံကိန်းနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့ကို လိုလားနေကြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက တရုတ်သံအမတ်နဲ့ တွေ့ဆုံခဲ့တဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ အထွေထွေအတွင်းရေးမှုး ဒေါက်ခလမ်ဆမ်ဆွန်က စီမံကိန်းပြန်စရေးနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ကျနော်တို့ ကချင်လူထုရဲ့အသံကတော့ ပြောင်းလဲမှုတော့မရှိဘူးလို့ ထင်တာပဲ။ ဒါပေမဲ့ နိုင်ငံတော် အစိုးရရဲ့ အသံကတော့ အတိုင်ပင်ခံရဲ့ အမြင်မှာလည်း အရင်တုံးကတော့ သူ အတိုက်အခံပါတီမိုလို့ ကန့်ကွက်တယ်။ အခု အစိုးရဖြစ်လာတဲ့အချိန်မှာ သူ့ရဲ့အမြင်ပြောင်းသွားပြီဆိုတာတွေကတော့ သံအမတ်ပြောတယ်လေ။ မြစ်ဆုံက ကချင်လူထုရဲ့အရေးပဲ မဟုတ်ဘူး။ တစ်တိုင်းပြည်လုံးရဲ့အရေးဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ ထောက်ခံသည်ဖြစ်စေ၊ ကန့်ကွက်သည်ဖြစ်စေ မြန်မာပြည် တစ်ပြည်လုံးရဲ့ အပေါ်မှာ မူတည်တယ်လို့ ကျနော်ပြောပြတယ်။”

ကချင်နိုင်ငံရေးပါတီတွေကလည်း ထာဝရ ရပ်ဆိုင်းဖို့ သဘောထားရှိကြောင်းနဲ့ ကချင်ပြည်နယ်က စက်မှုစီမံကိန်းတွေကို ငြိမ်းချမ်းရေးရမှာသာဆောင်ရွက်စေလိုကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

KDNG ခေါ် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှုး ကိုဆာဂျီးကတော့ မြစ်ဆုံဆည်အရေးကို နိုင်ငံတော်အစိုးရအနေနဲ့ ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့လိုကြောင်း ပြောပါတယ်။

“ ဒီဟာ ကျနော်တို့ အတင်း အဓမ္မဆောက်ခဲ့လို့ရှိရင်က ကျနော်တို့က သမိုင်းပေးတာဝန်အရတော့ ဒါ ကန့်ကွက်တဲ့အပိုင်းတော့ လုပ်သွားရမှာပဲ။ အဓိကကတော့ နိုင်ငံတော် အုပ်ချုပ်တဲ့ ခေါင်းဆောင်တွေ နိုင်ငံတော် အစိုးရက အဓိက ကျတယ်။ ကိုယ့်ပြည်သူလူထုအပေါ်မှာ ဘယ်လို သဘောထားရှိမယ်။ ကိုယ့်ရဲ့ တိုင်းပြည်အတွက် နိုင်ငံအတွက် ဘယ်လို ရှိမယ်ဆိုတဲ့ဟာ ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့တော့ အရေးကြီးတာပေါ့။ အဲဒီအပိုင်းတော့ အရေးကြီးတယ်။”

ပြီးခဲ့တဲ့သတင်းပတ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားကို သွားရောက်စဉ်မှာလည်း မြစ်ဆုံဆည်အရေးနဲ့ပတ်သက်လို့ တိတိကျကျ ပြောဆိုတာမရှိခဲ့ကြောင်းနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွှန်ကတော့ ဒီစီမံကိန်းနဲ့ပတ်သက်လို့ပြည်သူ့သဘောထားကို အဓိက ဦးစားပေးမယ်လို့ ပြောတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။ လက်ရှိ အစိုးရအနေနဲ့ မြစ်ဆုံအရေးအပေါ် ပြတ်ပြတ်သားသားမကိုင်တွယ်နိုင်တဲ့အခြေအနေအပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက အခုလို သုံးသပ်ပါတယ်။

“ကျနော်တို့ နိုင်ငံရဲ့ လက်ရှိ ရခိုင်အရေးအပါအဝင်ပေါ့လေ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ မြင့်တက်လာနေတဲ့ အနေအထားရှိတဲ့အခါကျတော့ ကုလသမဂ္ဂမှာရော၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာရော အရေးယူခံရနိုင်တဲ့အခြေအနေတွေကလည်းပဲ ဖြစ်မလာဘူးလို့ ပြောဖို့ခက်ပါတယ်။ အဲဒီအခြေအနေမျိုးမှာ ကျနော်တို့ နိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ရုရှနိုင်ငံရဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာရှိတဲ့ Veto အာဏာကို အားကိုးနေရတဲ့ အနေအထားမျိုး ရှိတဲ့အခါကျတော့ ဒီအခြေအနေတွေကြောင့်ပဲ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုတွေအပေါ်မှာ နောက် တရုတ်အစိုးရနဲ့ ကုမ္ပဏီတွေရဲ့ တွန်းတွန်းတိုက်တိုက် ရှေ့တိုးလားတဲ့အပေါ်မှာ တန်ပြန်နိုင်စွမ်းပေ့ါလေ လျော့နည်းတာလို့ အဲလို သုံးသပ်ပါတယ်။”

မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်မယ်ဆိုရင် တွေ့ကြုံရနိုင်တဲ့အခက်အခဲတွေကိုတော့ ဒေါက်တာရန်မျိုးသိမ်းက အခုလို ပြောဆိုပါတယ်။

“တကယ်လို့ မြစ်ဆုံစီမံကိန်းကို ပြန်ပြီးတော့ စတင်ဖို့ အားထုတ်မယ်ဆိုရင် ဒါဟာ လက်ရှိ အမျိုးသားဒီမိုကရေစီအစိုးရအတွက်ကော ပါတီအတွက်ကော ဒါဟာ နိုင်ငံရေးအရ suicide တစ်ခုဖြစ်လာနိုင်တယ်လို့ မြင်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ နိုင်ငံရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဒီမိုကရေစီအပြောင်းအလဲအတွက်လည်းပဲ ကြီးမားတဲ့ အနုတ်လက္ခဏာပြတဲ့ သက်ရောက်မှုမျိုး ဖြစ်လာနိုင်တယ်လို့ မြင်ပါတယ်ဗျ။ ”

မြစ်ဆုံစီမံကိန်းကို ၂၀၀၇ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ပြီး ပြည်သူတွေက ကန့်ကွက်ခဲ့တာကြောင့် ၂၀၁၁ခုနှစ်မှာ သမ္မတဦးသိန်းစိန်က သူ့အစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိNLD အစိုးရလက်ထက်မှာ တရုတ်ဘက်က စီမံကိန်းပြန်လည်စတင်ဖို့ ကြိုးစားလာတာတွေ ရှိထားပြီး ဒီစီမံကိန်းကို အပြီးရပ်ဆိုင်းမယ်ဆိုရင် မြန်မာနိုင်ငံဘက်က အမေရိကန်ဒေါ်လာ သန်း ၈၀၀ ပေးလျော်ရမယ့် အခြေအနေ ရှိနေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG