သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်း ဘာ့ကြောင့်ဖျက်သိမ်းသင့်သလဲ


myit sone dam construction kachin

ဆည်တည်ဆောက်မှုရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေမှာ ကောင်းကျိုးရော ထိခိုက်မှုတွေပါ ရောနေလေ့ ရှိပေမယ့် ဧရာဝတီမြစ်ကြောင်းပေါ်မှာ ဆည်ဆောက်မယ် ဆိုရင်တော့ နိုင်ငံ့အတွက် ထည့်ပြီးစဉ်းစားရမယ့် အချက်တွေက အများကြီးပါ။ မြစ်ဆုံဆည် တည်ဆောက်သင့် မသင့် အင်ဂျင်နီယာ ဘူမိဗေဒပညာရှင် ဦးသိန်းပိုင်ရဲ့ အမြင်ကို ပြောပြပါရစေ။

Why Myitson Dam Project Should Be Scrapped
please wait

No media source currently available

0:00 0:07:27 0:00
တိုက်ရိုက် လင့်ခ်

“ဧရာဝတီ ဆိုတာကတော့ အားလုံးသိတဲ့ အတိုင်းပဲ ဧရာဝတီဆိုတာ မြန်မာပြည်ရဲ့ အသဲနှလုံး၊ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုကိုလည်း ဧရာဝတီယဉ်ကျေးမှုလို့တောင် ပြောလို့ ရပါတယ်။ တကယ်တော့ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံမှာ မြောက်ကနေ တောင်ကိုစီးဆင်းပြီးတော့မှ ဧရာဝတီမြစ်ကြောင်း ဖြတ်သွားတဲ့ နယ်တွေ၊ မြို့တွေ အကုန်လုံးကို၊ လူတွေအကုန်လုံးကို အများကြီး အကျိုးပြုတဲ့ မြစ်ကြီးတစင်းပါ။ ဒါကြောင့် ဒီမြစ်ပေါ်မှာ ဆည်ဆောက်မယ် ဆိုရင် စဉ်းစားရမယ့် အချက်တွေက အများကြီးရှိပါတယ်။ ဧရာဝတီရဲ့ မြစ်ဆုံရဲ့ အပေါ်ပိုင်းမှာ သူတို့ ဆောက်ဖို့ရည်ရွယ် ထားတာ ဆည် ၇ ခုလောက် ရှိပါတယ်။ အခုနောက်ပိုင်း အများပြည်သူက ကန့်ကွက်ထားတာကြောင့် ရပ်ထားရတဲ့ အနေထားမှာ ရှိပါတယ်။ ဒီဒေသခံ တိုင်းရင်းသားတွေ အပါအဝင် လူထုလူတန်းစား၊ အဖွဲ့အစည်း အသီးသီးက ကန့်ကွက်နေတဲ့ တကယ့်စီမံကိန်းဖြစ်ပါတယ်။ ပြောရမယ် ဆိုရင်တော့ အချက်အလက်တွေရော၊ အကြောင်းတရားတွေပါ အများကြီးပါ။ ဘူမိဗေဒပညာရှင်တယောက် အနေနဲ့ မြင်တဲ့အမြင် ၃ - ၄ ချက်လောက်ကို ပြောပြချင်ပါတယ်။ ဆောက်သင့်လား မဆောက်သင့်လား ဆိုတာကို။”

သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ပြည်သူတွေက လက်မခံလို့ တရုတ်ကုမ္ပဏီရဲ့ ဆည်တည်ဆောက်ရေးကို ဆိုင်းငံ့ထားခဲ့ရတဲ့ မြစ်ဆုံဆည်စီမံကိန်းဟာ ကချင်တိုင်းရင်းသားတွေရဲ့ ရိုးရာအမွေအနှစ်တခုလို့ သတ်မှတ်ထားတဲ့ နေရာမှာ ချထားတာပါ။

“မြစ်ဆုံဆည်စီမံကိန်းဟာ။ မေခနဲ့ မေလိခ မြစ် ၂ သွယ် ဆုံတဲ့နေရာကို မြစ်ဆုံလို့ခေါ်ပြီး အဲဒီနေရာမှာ ဆည်ဆောက်မှာပါ။ မေခနဲ့ မေလိခ မြစ်တွေပေါ်မှာလည်း မေခမြစ်ပေါ်မှာ ၅ ခုဆောက်မှာပါ။ မလိခမြစ်ပေါ်မှာ တခု ဆောက်မှာမို့ မြစ်ဆုံအပါအဝင်ဆို ၇ ခု ဖြစ်သွားတာပေါ့။ ဆိုလိုတဲ့ အဓိပ္ပါယ်က မြစ်ဆုံရဲ့ အထက်ပိုင်းမှာတင် မေခနဲ့ မလိခပေါ်မှာ သူတို့က နောက်ထပ် ၆ ခုဆောက်ဖို့ လျာထားတာ ပေါ့လေ။ ဆည်တခုချင်းအတွက် နံမယ်တွေနဲ့ အကြမ်းဖျင်းသတ်မှတ် ထားတာတွေလည်း ရှိပါတယ်။ ဆောက်တာတော့ မဆောက်ရသေးဘူး။ မြစ်ဆုံကို စလုပ်တဲ့ သဘောပေါ့။ ”

“မြစ်ဆုံဆည်က တကယ့်ဆည်အကြီးစားကြီး။ ဆည်အကြီးစားကြီး ဆောက်မှာ ဖြစ်တဲ့အတွက် ရေလှောင်တဲ့ ပမာဏ ကလည်း အရမ်းကို များတယ်။ ဒီလိုအရမ်းကို များတဲ့အတွက် အရင်တုန်းက တောတောင် မြေပြင်ရှိတဲ့ နေရာတွေက တကယ့်ရေလှောင် ဧရိယာကြီးတခုလုံး ဖြစ်သွားပြီးတော့ အားလုံးဟာ ရေအောက်ကိုမြုပ်သွားမယ်။ အဲဒီလို ရေအောက်ကို မြှုပ်သွားလို့ ရှိရင် အဲဒီမြစ်ဆုံ ဒေသမှာ ရှိနေတဲ့ မူလသဘာဝ တောတောင်ရေမြေ အလှအပတွေ အကုန်လုံးက လုံးဝ ကွယ်ပျောက်သွားမယ်။ သဘာဝပတ်ဝန်းကျင်က လုံးဝပြောင်းလဲသွားမှာ။ ဒီလိုမျိုး ရေအောက်ကို ရောက်သွားမယ်။ ဘယ်သောအခါမှ ဒီသဘာဝ အလှတရားတွေ ပြန်မရနိုင်တော့ဘူး။ ဒါကြောင့် မြစ်ဆုံဒေသဟာ တကယ်ပြောမယ် ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ national treasure လို့တောင် ပြောလို့ရတဲ့ တကယ့် နေရာကြီးပဲ။ သဘာဝအလှအပတွေ ပျက်စီးဆုံးရှုံးသွားနိုင်တယ်။ အဲဒီအတွက် ကြောင့် မဆောက်သင့်ဘူး။”

ဒီ နိုင်ငံ့ရဲ့ ရတနာတပါးဖြစ်တဲ့ အမွေအနှစ် ပျောက်ကွယ်ရုံတင်မကပါဘူး။ ဆည်ဆောက်လို့ ပေါ်လာမယ့် ဘေးထွက် ဆိုးကျိုးတွေကလည်း များပါတယ်။

“မြစ်ဆုံမှာ ဆည်ဆောက်ရင် သဘာဝပတ်ဝန်းကျင်က ပျက်စီးမယ်။ ဒီလို ဆောက်လိုက်တဲ့အတွက် မြစ်တွေက နဂိုစီးနေတဲ့ ရေစီးရေလာတွေကို ပိတ်လိုက်တဲ့အတွက် မြစ်အောက်ပိုင်းမှာဆို ရေစီးနှုန်းတွေ၊ အနည်ပို့ချမှုတွေ၊ အဲ့ဒါတွေ အကုန်လုံးက ပြောင်းလဲသွားတယ်။ နောက် အရင်တုန်းက ကုန်းပြင်သဘာဝ ကနေ ရေပြင်သဘာဝ ဖြစ်သွားတော့ သူနဲ့ သက်ဆိုင်တဲ့ ဂေဟစံနစ် ecology တွေကလည်း အကုန်လုံး ပြောင်းသွားတယ်။ သားရဲတိရိစ္ဆာန်တွေ သူတို့ရဲ့ စားကျက်မြေတွေ၊ ပျောက်ဆုံး သွားတယ်။ အဲဒီမှာ ငါးမျိုးစိတ်တွေ ဆိုရင်လည်း အများကြီးပြောင်းသွားနိုင်တယ်။”

“ဆည်တည်ဆောက်လိုက်တယ် ဆိုတာ ဆည်ရဲ့ ပမာဏ အကြီးအသေးပေါ် မူတည်ပြီးတော့မှ ရေလှောင်လိုက်တဲ့ အခါကျတော့ ဆည်တွေက အရမ်းကြီးတယ် ဆိုရင် ရေလှောင်လိုက်တဲ့ ထုထည်ကလည်း အရမ်းကြီးတယ်။ အဲဒီလို ရေထုထည် အရမ်းကြီးလာတဲ့ အတွက်ကြောင့် အဲဒီ ရေထုထည်ရဲ့ သက်ရောက်တဲ့ ဖိအားတွေကလည်း တနေရာထဲမှာ သွားပြီး ရေထုထည်နဲ့ ဖိထားသလို ဖြစ်တော့ သဘာဝရဲ့ တည်ငြိမ်မှု stability လည်းပြောင်းသွားတယ်။ သဘာဝ ဘေးဒဏ်ကြောင့် မိုးများလို့ပဲ ဖြစ်ဖြစ်၊ ငလျင်လှုပ်ရင်ပဲ ဖြစ်ဖြစ်၊ ဆည်တွေ ကျိုးသွားခဲ့မယ် ဆိုလို့ရှိရင် အဲဒီ ဆည်အောက်ပိုင်းမှာ ရှိတဲ့ လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ သေကြေပျက်စီး ဆုံးရှုံးသွား နိုင်တယ်။”

ဒေသတွင်း သဘာဝရဲ့ တည်ငြိမ်မှု ပျက်ပြားနေချိန်မှာ စစ်ကိုင်း ပြတ်ရွေ့လှုပ်ရှားမှု ရှိလာခဲ့ရင် အန္တရာယ်ဟာ မတွေးဝံ့စရာပါ။

“မြစ်ဆုံဆည်က မြန်မာနိုင်ငံရဲ့ တကယ့်နံမယ်ကျော် တခုဖြစ်တဲ့ စစ်ကိုင်းပြတ်ရွေ့နဲ့ နီးကပ်နေတာပါ။ စစ်ကိုင်းပြတ်ရွေ့ဆိုတာက မြန်မာနိုင်ငံမှာ အဓိက ငလျင်တွေ ဖြစ်စေတဲ့ ပြတ်ရွေ့ကြောတခုလို့ ပြောလို့ရတယ်။ အဲဒီပြတ်ရွေ့ကြောက ပူတာအိုလောက်က စပြီးတော့ အကြမ်းဖျင်းအားဖြင့်ပေါ့လေ၊ မြောက်ကနေ တောင်ကို ဆင်းလာတာ၊ ဘင်္ဂလားပင်လယ်အော် ရောက်တဲ့အထိ ကီလိုမီတာ ထောင့်ငါးရာလောက် ရှိတယ်။ ကြားထဲမှာတော့ သူ့ရဲ့ အပိုင်းအဆစ်တွေ ရှိတာပေါ့လေ။”

“အဲဒါကြောင့် ဆည်ကြီးတခု တည်ဆောက်လိုက်တယ် ဆိုရင် အဲဒီဆည်ကြီးက အဲဒီဧရိယာမှာ လာပြီးတော့ တင်လိုက်တဲ့ ရေထုထည်ကြောင့် ဝိတ်တွေ အများကြီး တက်လာပြီးတော့မှ ဆည်ကြောင့်တောင်မှ ငလျင် အသေးလေးတွေ လှုပ်နိုင်တယ်။ အဲဒီမှာ ခုန စစ်ကိုင်းပြတ်ရွေ့နဲ့သွားပြီးတော့ ဆက်စပ်လို့ လှုပ်ခဲ့မယ် ဆိုရင်။ အခုတောင် ရန်ကုန်မှာ ငလျင်တွေက နေ့တိုင်း ဆက်တိုက်လိုလို လှုပ်နေတာ။ အဲဒီဆည်ကြီးတည်ဆောက်ပြီး အဲဒီလိုသာ စစ်ကိုင်းပြတ်ရွေ့နဲ့ ဆက်စပ်ပြီး လှုပ်ခဲ့လို့ ဆည်ကြီး ကျိုးသွားမယ် ဆိုရင် ဆည်အောက်ခြေမှာ ရှိတဲ့ မြို့ရွာတွေ အကုန်လုံးက မစဉ်းစားနိုင် လောက်အောင် တကယ့်ရေဘေး ဒုက္ခတွေ အများကြီး ရောက်သွားနိုင်တယ်။ အဲဒီအချက် ကြောင့်လည်း မဆောက်သင့်ဘူးလို့ ထင်ပါတယ်။”

ကချင်ပြည်နယ်ထဲမှာ ကျောက်စိမ်းကစပြီး တခြားရှားပါးတဲ့ တွင်းထွက် သယံဇာတတွေ ရှိပါတယ်။ နေရာအများစုကို ခုထိ သေသေချာချာ မစူးစမ်းရသေးပါဘူး။

“ဆည်ကြီး တည်ဆောက်လိုက်တဲ့အတွက် ဒီမြေပြင်တွေ အားလုံးဟာ ရေအောက်ကို မြုပ်သွားမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီလောက်ကျယ်ဝန်းတဲ့ ဧရိယာကြီး တခုလုံးမှာ ရှိတဲ့ သဘာဝ သယံဇာတတွေ အားလုံးကလည်း ရေအောက်ကို မြုပ်သွားမှာပါ။ ဒါ့ကြောင့် ဆည်မဆောက်ခင်မှာ အဲဒီ ဧရိယာကြီး တခုလုံးမှာ ရှိတဲ့ သဘာဝ သယံဇာတတွေကိုရော သေသေချာချာ လေ့လာ တိုင်းတာ ပြီးပြီလား။ ကချင်ပြည်နယ် ဆိုတာ အားလုံးသိတဲ့ အတိုင်းပဲ သဘာဝ သယံဇာတ ပေါများတယ်။ ကျောက်စိမ်းထွက်တယ်။ အဲဒီမြစ်ဆုံမှာ ကျောက်စိမ်းမထွက်ဖူး ဆိုရင်တောင် ရွှေနဲ့ သယံဇာတတွေ ရှားပါးသတ္တု rare earth လိုသတ္တုတွေ အများကြီး ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီသဘာဝ သယံဇာတတွေ၊ သတ္တုသိုက်တွေ၊ တခြားဟာတွေကိုရော စစ်ဆေး လေ့လာပြီးပြီလား။”

“အဲလိုမှ မဟုတ်သေးဘူး ဆိုလို့ရှိရင် တကယ်တန်ဖိုးရှိတဲ့ဟာတွေက ရေအောက် မြုပ်သွားပြီးတော့ ကျွန်တော်တို့က ရေလောက်ပဲ လျှပ်စစ်ဓါတ်အားလောက်ပဲ သုံးလို့ ရမယ် ဆိုလို့ ရှိရင်။ ဒါကလည်း မဖြစ်သင့်ပါဘူး လို့ပဲ ပြောရမှာပါပဲ။ ဒါကြောင့်ခုနပြောတဲ့ အချက် ၃ ချက်အရ သဘာဝ အလှတရားတွေ အားလုံး ပျောက်သွားမယ်။ ငလျင်လှုပ်လို့၊ စစ်ကိုင်းပြတ်ရွေ့ကြီး လှုပ်ခဲ့လို့ ဆည်ကျိုး ရင် အောက်မှာ ရှိတဲ့ လူတွေအကုန်လုံး ဒုက္ခရောက်သွားနိုင်တယ်၊ နောက်တခုက ဆည်ရေလှောင်လိုက်လို့ မြုပ်သွားမယ့် ဧရိယာတခုလုံးမှာ ရှိတဲ့ အောက်က သဘာဝ သယံဇာတတွေ အကုန်လုံးကို သေသေချာချာ လေ့လာထားမှု မရှိသေးဘူး။ အဲဒီအချက် ၃ ချက်နဲ့တင် ကျွန်တော့်ရဲ့ ပုဂ္ဂလိက အမြင်အရ ပြောရရင် ဒီမြစ်ဆုံဆည်ကြီးက မဆောက်သင့်ဘူးလို့ပဲ ပြောချင်ပါတယ်။”

တရုတ်နဲ့ ဖက်စပ်တည်ဆောက်မယ့် ဒီဆည်စီမံကိန်းကို မလုပ်သင့်ကြောင်း တရုတ်ပညာရှင်တွေ ကိုယ်တိုင်က အကြံပေးခဲ့တယ်လို့လည်း ဦးသိန်းပိုင်က ပြောပါတယ်။ မြန်မာပညာရှင်တွေ ဘက် ကလည်း ကောင်းကျိုးထက် ဆိုးကျိုးပိုများစေမယ့် ဒီစီမံကိန်းရှေ့ဆက်မှာကို မလိုလားကြဘူး လို့ ပြောကြပါတယ်။

XS
SM
MD
LG