သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ငှက်ဖျားရောဂါ အခြေအနေ NASA လေ့လာမည်


မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါ ပြန့်နှံ့ဖြစ်ပွားတာကို အာကာသထဲကနေ ခန့်မှန်းနိုင်မယ့် နည်းပညာအသစ်တခုကို အမေရိကန် အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီ NASA က တီထွင်ထုတ်လုပ်နေပါတယ်။

ဆေးမတိုးတဲ့ ငှက်ဖျားရောဂါသစ်တမျိုး အရှေ့ တောင်အာရှဒေသမှာ ပြန့်နှံ့ဖြစ်ပွားနေတဲ့အတွက် ဒီရောဂါကို ကမ္ဘာပေါ်ကနေ လုံးဝပပျောက်သွားအောင် လုပ်ဆောင်ရေး ကြိုးပမ်းချက်တွေ အဟန့်အတားဖြစ်နေချိန်မှာပဲ NASA က နည်းပညာသစ် တီထွင်နေတာဖြစ်ပါတယ်။ ၂၀၅၀ ပြည့်နှစ်ကျရင် ကမ္ဘာတဝန်းမှာ ငှက်ဖျားရောဂါ လုံးဝပပျောက်သွားရေး ရည်မှန်းချက်ဟာ ကြီးမားပေမယ့် အောင်မြင်နိုင်ခြေ ရှိတယ်လို့ The Lancet ဆေးဘက်ဆိုင်ရာဂျာနယ်ထဲမှာပါတဲ့ အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါဖြစ်ပွားနှုန်းဟာ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ၉၀% ကျော် ကျဆင်းသွားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်တဲ့ကိန်းဂဏန်းတွေမှာ တွေ့ရပါတယ်။ ဒါဟာ အများအားဖြင့် ကျေးလက်ဒေသမှာ ကျန်းမာရေးဝန်ဆောင်မှု ပိုကောင်းလာတာနဲ့ ခြင်အန္တရာယ်ကနေ ကာကွယ်နိုင်အောင် စီမံထားတဲ့ ခြင်ထောင်တွေ ပိုပြီး အသုံးပြု လာနိုင်တာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မဲခေါင်ဒေသတွင်းက တခြားအိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တော့ မြန်မာနိုင်ငံမှာ ငှက်ဖျားဖြစ်ပွားနှုန်းက မြင့်နေဆဲပါ။

ဆေးမတိုးတဲ့ ငှက်ဖျားရောဂါ မျိုးကွဲအများအပြား အရှေ့တောင်အာရှဒေသတလျှောက် ပြန်နှံ့နေပြီး ဒီကနေတဆင့် တကမ္ဘာလုံး ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း ၉၀% ရှိနေတဲ့ အာဖရိကတိုက်ဘက် ကူးစက်ပြန့်နှံ့သွားမှာ စိုးရိမ်နေကြပါတယ်။

ဒါကြောင့် ငှက်ဖျားရောဂါ ပြန့်နှံ့တဲ့အခြေအနေ မရောက်ခင်မှာ သိနိုင်အောင် တည်နေရာပြ နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာ ကို NASA က အသုံးပြု တီထွင်နေတာဖြစ်တယ်လို့ သိပ္ပံပညာရှင် Tatiana Loboda က AFP သတင်းဌာနကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG