သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတနိုင်ငံလုံး အပစ်ရပ်ရေး ဧပြီလထဲလက်မှတ်ထိုးဖို့ လမ်းစမြင်


တနိုင်ငံလုံးအပစ်ရပ်ရေး ဒုတိယနေ့ဆွေးနွေးပွဲမြင်ကွင်း။ (ဓာတ်ပုံ- ဦးလှမောင်ရွှေ FB)
တနိုင်ငံလုံးအပစ်ရပ်ရေး ဒုတိယနေ့ဆွေးနွေးပွဲမြင်ကွင်း။ (ဓာတ်ပုံ- ဦးလှမောင်ရွှေ FB)
တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းတခု ပူးတွဲပြုစုရေးဆွဲဖို့ လုပ်ငန်းအဖွဲ့ကို အစိုးရတာဝန်ရှိသူတွေနဲ့ တိုင်းရင်းသားအဖွဲ့အကြား အချိုးညီဖွဲ့စည်းဖို့ နှစ်ရက်ကြာပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ အဖြေရခဲ့ပါတယ်။ ဒီမူကြမ်းကို အလျင်အမြန်ရေးဆွဲနိုင်ရင်တော့ လာမယ့် ဧပြီလထဲမှာ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဖြစ်လာနိုင်ချေရှိတယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း အစိုးရတာဝန်ရှိသူတဦးက ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက ရန်ကုန်ရုံးခွဲကနေ သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက တာဝန်ရှိသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCT တို့အကြား ရန်ကုန်မှာ နှစ်ရက်ကြာပြုလုပ်တဲ့ အစည်းအဝေးကနေ ဒီရလဒ် ထွက်ပေါ်လာတာပါ။ ဆွေးနွေးပွဲကို မြန်မာစစ်ဘက်က အကြီးတန်းတာဝန်ရှိသူတွေရော လွှတ်တော်ကိုယ်စားလှယ်အချို့ပါ တတ်ရောက်ခဲ့ကြတာပါ။

တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မူကြမ်းရေးဆွဲရာမှာ အစိုးရဘက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ကွဲလွဲချက်တွေ ရှိနေတာကြောင့် ပူးပေါင်းပြီး သဘောတူညီချက်မူကြမ်းကို ရေးဆွဲဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ မူကြမ်းရေးဆွဲဖို့ အချက် (၇) ချက်ကို အကြမ်းဖျင်းချမှတ်ခဲ့ပြီး အဲဒီအထဲမှာ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်နိုင်မယ့် အခြေအနေနဲ့ နောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲဖြစ်ဖို့ အာမခံနိုင်တဲ့ အခြေအနေတွေကိုပါ ထည့်သွင်းဖို့ ဆိုတာ ပါဝင်ပါတယ်။ မြန်မာအစိုးရအနေနဲ့က အခုလာမယ့် ဧပြီလအတွင်းမှာပဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ မျှော်မှန်းထားတာပါ။ တကယ်လို့သာ ဒီမူကြမ်းကို မြန်မြန်ဆန်ဆန် ညှိနှိုင်းရေးဆွဲနိုင်ရင်တော့ နောက်လထဲ သဘောတူညီချက် ရလာနိုင်ခြေတော့ ရှိတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ပြောပါတယ်။

“အမြန်ဆုံးထိုးနိုင်လေ ကောင်းလေပေါ့ဗျာ။ မြန်မြန်ထိုးနိုင်ရင် နိုင်ငံရေးဆွေးနွေးပွဲတွေလည်း မြန်မြန်လုပ်လာနိုင်မှာပေါ့။ အခုကတော့ အဖွဲ့တွေ အများကြီးပါဝင်တာဖြစ်တဲ့အတွက် အချိန်ယူပြီး ညှိနှိုင်းနေရတဲ့သဘောမျိုးတော့ ရှိမှာပေါ့။ မတ်လနောက်ဆုံးပတ်မှာ ညှိနှိုင်းလို့ပြီးတယ်ဆိုရင်တော့ သင်္ကြန်မကျခင် လက်မှတ်ထိုးဖို့ ဖြစ်နိုင်ခြေရှိပါတယ်။ တကယ်လို့ ညှိနှိုင်းတာအချိန်ထပ်ယူရမယ်ဆိုရင်တော့ သင်္ကြန်ပြီးမှပဲ ဖြစ်မယ့်သဘော ရှိပါတယ်။”

မေး။ ။ တချို့အဖွဲ့အစည်းတွေပေါ့နော်- တိုင်းရင်းသားအဖွဲ့တချို့က သူတို့ဒေသပြဿနာပေါ့၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ်ဆို သူတို့ မထိုးဘူးဆိုပြီး ပြောနေတဲ့ ပြဿနာသံတွေလည်း ကြားနေရတယ်ခင်ဗျ။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း ဘယ်လို ရှင်းလင်းသွားဖို့ရှိလဲ။

ဖြေ။ ။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး ဥပဒေ ပေါ်ပေါက်လာဖို့အတွက် အာမခံချက်ရှိဖို့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှု ပြင်ဆင်တာဖြစ်တဲ့အတွက် အဓိကရည်မှန်းချက်ကတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ ပွဲပါပဲ။ ဒီပွဲရောက်ဖို့ အဆင့်ဆင့်ယုံကြည်မှုတွေ ဆောက်ပြီးလုပ်ရတာ။ ဘယ်မှာမဆို၊ ဘယ်နိုင်ငံမှာမဆို ၁၀၀ % ကြီးကျေနပ်ဖို့တော့ မဖြစ်နိုင်ဘူး၊ ဒါပေမယ့် အများစုက ကျေနပ်ပြီးတော့ ဆက်သွားနိုင်ဖို့ လိုတယ်လို့ ထင်ပါတယ်။

အခုလာမယ့် မတ်လအကုန်ပိုင်းထပ်လုပ်မယ့် ညှိနှိုင်းပွဲမှာတော့ အရင်တတ်ရောက်ခြင်းမရှိခဲ့တဲ့ အခြား အပစ်ရပ်ပြီးသား တိုင်းရင်းသားအဖွဲ့တွေကိုလည်း ဖိတ်ကြားသွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် သဘောတူလက်မှတ်ထိုးပြီးတာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အာဏာပိုင်တွေအကြား နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ပေါ်လာဖို့ကိုလည်း မျှော်မှန်းထားကြတာ တွေ့ရပါတယ်။ အခြားနိုင်ငံရေးဆိုင်ရာကိစ္စတွေဖြစ်တဲ့ ပြည်ထောင်စုဖွဲ့စည်းပုံ၊ တပ်ဖွဲ့စည်းမှုကိစ္စတွေကိုလည်း အဲဒီကျမှ ဆွေးနွေးပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးအထိ မျှော်လင့်ကြထားကြတာပါ။ အခု နောက်ဆုံးလုပ်တဲ့ ဒီ ဆွေးနွေးပွဲကတော့ အရင်ထက်ပိုပြီး ထူးခြားသလို ရလဒ်ကောင်းရတယ်လို့တော့ ဦးလှမောင်ရွှေက ယူဆပါတယ်။

“ကျနော့်အနေနဲ့တော့ အရမ်း ကျေနပ်အားရပါတယ်။ အရင်တုန်းက ကျနော်တို့က အပြင်ကိုထွက်ပြီးတော့ ချင်းမိုင်တို့ ဘာတို့မှာ ဆွေးနွေးရရင် ကျနော်တို့ဘက်က တက်ရောက်နိုင်တဲ့သူက အကန့်အသတ်ရှိတယ်။ ဒါပေမယ့် အခုဆွေးနွေးပွဲကတော့ ရန်ကုန်မှာလုပ်တဲ့ ဆွေးနွေးပွဲကတော့ ပြည်ထောင်စု ဝန်ကြီးအဆင့်က ငါးဦး၊ တပ်မတော်ကလည်း ဒုတိယဗိုလ်ချုပ်ကြီးအဆင့်က လေးဦး၊ ဒုတိယဝန်ကြီးအဆင့် နှစ်ဦး၊ နောက်ပြီး လွှတ်တော်ဘက်ကလည်း ဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ နောက်ထပ် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၊ ဒုရှေ့နေချုပ်ဆိုတော့ အင်ပြည့်အားပြည့်နဲ့ တော်တော့်ကို ရင်းရင်းနှီးနှီးဆွေးနွေးနိုင်တာတော့ ထူးခြားတယ်။ ပြီးတော့ တပ်မတော်က အရာရှိကြီးတွေကလည်း ကျနော်တို့ဘက်က ဆွေးနွေးချက်တွေရဲ့ တဝက်နီးပါးလောက်ကလည်း သူတို့ကိုယ်တိုင်လည်း ဝိုင်းဝန်းဆွေးနွေးတာကို တွေ့ရတော့ ဒါက တော်တော်လည်းထူးခြားတယ်၊ အားလုံး အစိုးရ၊ လွှတ်တော်၊ တပ်မတော်က ငြိမ်းချမ်းရေးကို တကယ့်ကို ခွန်စိုက်အားစိုက်နဲ့ နှစ်နှစ်ကာကာ ဆွေးနွေးတယ်ဆိုတဲ့ ထူးခြားချက်ကို တွေ့ရသလို တဘက်က ဆွေးနွေးဘက်တွေကလည်း ဒါကိုလည်းလက်ခံပြီးတော့ သူတို့ကိုယ်တိုင်ကလည်း ကြိုဆိုတယ်။ သူတို့လည်း အားရကျေနပ်တယ်လို့ ပြောပါတယ်။”

NCCT ခေါ်တဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ဦးဆောင်ပြီး မနှစ်တုန်းက ကချင်နယ်မြေ လိုင်ဇာမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့အထိ တိုးချဲ့ဖွဲ့ခဲ့ပါတယ်။ အဲဒီကနေ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်မူကြမ်းတရပ် ရေးဆွဲပြီဖြစ်ပေမယ့် မြန်မာအစိုးရရဲ့မူကြမ်းနဲ့ ကွဲလွဲချက်တွေ ရှိခဲ့တာကြောင့် အခု ပြန်ဆွေးနွေးပြီး မူကြမ်းကို အတူရေးဆွဲရေးဖြစ်လာတာပါ။ မြန်မာအစိုးရနဲ့ လက်ရှိအားဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မရသေးတဲ့ အဖွဲ့အနေနဲ့ကတော့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ TNLA တအားဝ် (ခေါ်) ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့တို့ဖြစ်ကြပါတယ်။ ဒါပေမယ့်လည်း တိုင်းရင်းသားတွေဘက်က လိုလားတဲ့ နိုင်ငံရေးအရဆွေးနွေးမှုတွေ ဖြစ်လာဖို့ဆိုရင် တနိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တရပ်ရှိရမယ်ဆိုတဲ့ အခြေခံပေါ်ကနေ အခု လုပ်ငန်းစဉ်ဖြစ်လာတာပါ။
XS
SM
MD
LG