သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO စစ်စရိတ်တိုးမြှင့်လေ ကန်လက်နက်ရောင်းကောင်းလေ


NATO မဟာမိတ်အဖွဲ့ဝင် နိုင်ငံတွေက ကာကွယ်ရေး အသုံးစားရိတ်ကို သတ်မှတ်ချက် ပြည့်မှီအောင်သုံးဖို့ သံဓိဌာန်သစ် ချမှတ်လိုက်တာဟာ အမေရိကန် လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေအတွက် အကြီးအကျယ်အကျိုး ဖြစ်စေနိုင်ပါတယ်။ ဒီကုမ္ပဏီတွေဟာ ကမ္ဘာတဝှမ်းကို နှစ်စဉ်အမေရိကန် ဒေါ်လာ ဘီလျံနဲ့ချီပြီး လက်နက်တင်ပို့ ရောင်းချနေတာ ဖြစ်ပါတယ်။

NATO အဖွဲ့အနေနဲ့ ရုရှား ဒါမှမဟုတ် တခြားတနိုင်ငံကနေ လာတိုက်မယ်ဆိုရင် အဆင်သင့်ဖြစ်နေရေး အတွက် အဖွဲ့ဝင်နိုင်ငံတွေဘက်က ကာကွယ်ရေး အသုံးစားရိတ်ကို ၂၀၂၄ မှာ နိုင်ငံ့စီးပွါးရေးပမာဏရဲ့ ၂ % သုံးဖို့ အဖွဲ့ဝင် ၂၉ နိုင်ငံကို တွန်းအားပေးမှုဟာ အောင်မြင်တယ်လို့

ဘရပ်ဆဲလ်မှာ ကျင်းပတဲ့ ၂ ရက်ကြာ NATO ထိပ်သီးအစည်းဝေးအပြီးမှာ အမေရိကန် သမ္မတ Donald Trump က ပြောပါတယ်။

လက်ရှိမှာတော့ ဒါဟာ ဗြိတိန်၊ အက်စ်တိုးနီးယား၊ ဂရိ၊ လတ်ဗီယာ နဲ့ အမေရိကန် - ဒီ ၅ နိုင်ငံပဲ သတ်မှတ်ချက် ပြည့်မှီတာ ဖြစ်ပါတယ်။

အခုလို ကာကွယ်ရေးတိုးမြှှုင့်ဖို့ လုပ်ရင် စစ်ရေးဆိုင်ရာ တည်ဆောက်မှုတွေနဲ့ တပ်သားသစ်ခန့်ထားတာတွေအတွက် ကုန်ကျမှုလိုမျိုး ကာကွယ်ရေး အသုံးစားရိတ်တွေအပြင် လက်နက်ခဲယမ်းမီးကျောက်တွေ၊ တိုက်လေယာဉ်တွေ၊ ဒုံးကျည်တွေနဲ့ ဒုံးလက်နက်ကာကွယ်ရေး စံနစ်တွေအတွက် အသုံးစားရိတ်တွေပါ တိုးလာနိုင်တာပါ။

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာမှာ အကြီးဆုံး လက်နက် တင်ပို့ ရောင်းချသူဖြစ်ပြီး ၂၀၁၃ ကနေ ၂၀၁၇ အတွင်း ကမ္ဘာ့လက်နက် ရောင်းချမှု အားလုံးရဲ့ ၃၄ % ဟာ အမေရိကန်က ဖြစ်ပါတယ်။ ၂၀၁၂ မှာအမေရိကန်ရဲ့ လက်နက်ရောင်းချမှုဟာ ၆၈ ဘီလျံနဲ့ စံချိန်တင်ထားရာကနေ မနှစ်ကတော့ ဒေါ်လာ ၇၅ ဘီလျံအထိ ရောင်းချဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက ခွင့်ပြုခဲ့ပါတယ်။ ဒါဟာ လက်နက် အကြီးအကျယ်ရောင်းတဲ့ နိုင်ငံ ၂ နိုင်ငံ ဖြစ်တဲ့ ရုရှားနဲ့ တရုတ် နိုင်ငံတွေထက် သိသိသာသာ ပိုများနေတာ ဖြစ်ပါတယ်။

ကမ္ဘာမှာ လက်နက်နဲ့ ဂျက်တိုက်လေယာဉ် အကြီးအကျယ်ထုတ်လုပ်တဲ့ အမေရိကန်ကုမ္ပဏီတွေကတော့ Lockheed Martin, Boeing, Northrop Grumman, Raytheon နဲ့ General Dynamics တို့ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG