NATO လို့ခေါ်တဲ့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့နဲ့ရော EU ဥရောပသမဂ္ဂနဲ့ပါတွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်သွား ဖို့ အမေရိကန်သမ္မတ Donald Trump ရဲ့ ၇ရက်ကြာခရီးစဉ်စတင်နေပါပြီ။ အခုတော့နေတိုးဌာနချုပ်ရှိရာ ဘလ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ သမ္မတထရမ့်ရောက်နေပါတယ်။
နေတိုးအဖွဲ့ရောအီးယူအဖွဲ့ရောက အမေရိကန်နဲ့မဟာမိတ်အဖွဲ့တွေ ဖြစ်ပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ကာကွယ်ရေးမဟာမိတ်တွေရဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေအတွက် ငွေတွေ ပိုပြီးထည့်ဝင်ဖို့ သမ္မတထရမ့်က တွစ်တာလူမှုကွန်ယက်ကနေရေးသားတောင်းဆိုနေပါတယ်။ အမေရိကန်သမ္မတထရမ့်နဲ့အီးယူဥရောပ သမဂ္ဂအဖွဲ့ခေါင်းဆောင်တွေအကြားမှာ ဆက်ဆံရေးက သိပ်ပြီးချောမွှေ့လှတာတော့မဟုတ်ပါဘူး။
ဥရောပနိုင်ငံတွေကို နေ့တိုင်းလိုလိုဝေဖန်နေတာတွေက မဟာမိတ်တွေအချင်းချင်းအကြားကောင်းကောင်းမွန်မွန်ဆက်ဆံတာမျိုးမဟုတ်ဘူး၊ မဟာမိတ်တွေကို လေးစားတန်ဘိုးထားဖို့လိုတယ်လို့ ဥရောပသမဂ္ဂရဲ့အကြီးအကဲ Donald Tuskက ပြောပါတယ်။ နေတိုး အဖွဲ့နဲ့ပတ်သက်ပြီးတော့လည်း သမ္မတထရမ့်ကပြောတာက အမေရိကန်ဘက်ကအများကြီးပေးနေရပြီး နေတိုးဘက်က ပေးတာက နည်းနည်းလေးပဲလို့ဆိုပါတယ်။
ဥရောပကားကုမ္ပဏီတွေနဲ့အမေရိကန်အကြားမှာလည်း ကုန်သွယ်ရေးက မျှ တမှုမရှိဘူးလို့ သမ္မတထရမ့်က မကြာခဏပြောနေတာပါ။ နေတိုးအဖွဲ့ထိပ်သီးဆွေးနွေးပွဲက ဗုဒ္ဓဟူးနဲ့ကြာသပတေးမှာ ကျင်းပမှာပါ။ အဲဒါပြီးရင် သမ္မတထရမ့်ဗြိတိန်နဲ့စကော့တလန်ကိုခရီးဆက်ပါလိမ့်မယ်။ ပြီးရင်တော့ဖင်လန်နိုင်ငံ ဟလ်စင်ကီမြို့မှာ ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့သမ္မတထရမ့်တို့ထိပ်သီးဆွေးနွေးပွဲကျင်းဖို့ရှိပါတယ်။