သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်မိနေတဲ့ထိုင်းလူငယ်အားလုံး ဂူပြင်ရောက်ပြီ


ထိုင်းနိုင်ငံက လှိုဏ်ဂူထဲမှာ သတင်း ၂ ပတ်ကျော်ကြာ ပိတ်မိခဲ့တဲ့ ယောက်ျားကလေး ၁၂ ဦးနဲ့ နည်းပြ တို့ အားလုံးကို ဂူထဲကနေ ကယ်ထုတ်ပြီး ဖြစ်ကြောင် ထိုင်းရေတပ် အထူးတပ်ဖွဲ့က အတည်ပြု ပြောဆိုပါတယ်။

ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ်တွေရဲ့ ဘောလုံး အသင်းနာမည် တောဝက် ဆိုတာကို ရည်ညွှန်းပြီး တောဝက် အားလုံး ၁၂ ယောက်စလုံးနဲ့ နည်းပြတို့ လှိုဏ်ဂူထဲကနေ ထွက်လာပါပြီလို့ ရေတပ်အထူးတပ်ဖွဲ့ရဲ့ Facebook စာမျက်နှာပေါ်မှာ ရေးသားခဲ့တာပါ။ အားလုံး ဘေးကင်းကြောင်းလည်း ရေးသားထားပါတယ်။

ဒီကနေ့ အင်္ဂါနေ့ ကယ်ဆယ်ရေး တတိယမြောက်နေ့မှာတော့ နည်းပြနဲ့အတူ လက်ကျန် ၅ ဦးကို ကယ်ထုတ်နိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့နဲ့ တနလာၤနေ့တို့မှာ ၄ ယောက်စီ ကယ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့က Tham Luang လှိုဏ်ဂူထဲမှာ သတင်း ၂ ပတ်ကျော်ကြာ ပိတ်မိနေတဲ့ လူငယ် ဘောလုံးသမား ၁၂ ဦးနဲ့ နည်းပြ စုစုပေါင်း ၁၃ ဦးကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စလို့ ဂူပြင်ကို ကယ်ထုတ်နေတာ ဖြစ်ပါတယ်။ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင် ၄ ဦးတို့တော့ ဂူထဲမှာ ဆက်ပြီး ကျန်ရှိနေပါသေးတယ်။

ကယ်ထုတ်လာတဲ့ ကလေးငယ်တွေထဲက နှစ်ဦးက အဆုတ်တွင်း ပိုးဝင် နေကြောင်း ထိုင်း ကျန်းမာရေး ဝန်ကြီးဌာန အတွင်းဝန် Jedsada Chokdumrongsuk က ဒီကနေ့ အစောပိုင်းမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ကယ်ထုတ်လာတဲ့ ကလေးငယ်တွေ အားလုံး ကျန်းမာရေးကောင်းပြီး စိတ်ဓာတ်ကြံံ့ခိုင်ကြကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ကယ်ထုတ်လာတဲ့ ကလေးငယ်တွေကို ရောဂါပိုး ကူးစက်မခံရရေး အတွက် မိသားစုတွေနဲ့ သီးသန့်ခွဲထားပြီး ဆေးရုံမှာ အနည်းဆုံး သတင်း တပတ်လောက် ကြာနိုင်တယ်လို့လည်း ပြောဆိုသွားပါတယ်။

လူငယ် ဘောလုံးအသင်းဝင် ၁၂ ဦးနဲ့ နည်းပြတို့ကို ကယ်ထုတ်ခဲ့ကြတဲ့ ထိုင်းရေတပ် အထူးတပ်ဖွဲ့နဲ့ နိုင်ငံတကာ ကယ်ဆယ်ရေး သမားတွေကို အမေရိကန် သမ္မတ Donald Trump က ဂုဏ်ပြုချီးကျူးလိုက်ပါတယ်။ ထိုင်းဝန်ကြီးချုပ် ဖရာ့ယု ချန်အိုချာကတော့ အခု မယ်ဆိုင်မြို့က လှိုဏ်ဂူကို အချိန်ကာလ တခုအထိ ပိတ်ထားဦးမှာ ဖြစ်ပြီး လည်ပတ် သွားလာစရာ နေရာတခု ဖြစ်လာရေး အတွက် ဘေးကင်းလုံခြုံအောင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဒီကနေ့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG